သီတင်းကျွတ် ကျောင်းဆယ်ရက် ပိတ်ပါပြီ။ ကျမတို့ ငယ်ငယ်တုန်း ကတော့ ကျောင်းဆယ်ရက် ပိတ်ပြီဆို တာနဲ့ တပြိုင်နက်တည်း ကျောင်းလွယ်အိတ်ကို ချောင်ထိုးထားပြီးတော့ ကစားကြ၊ ဆော့ကြ၊ ကာတွန်း စာအုပ်တွေ ဖတ်ကြ၊ ပုံတွေ ဆွဲကြတော့ တာပါပဲ။
အဲဒီ့တုန်းက ကျောင်းပိတ်ရက်တွေ ဆိုတာဟာ တကယ့် ကျောင်းပိတ်ရက်တွေ ဖြစ်ကြ ပါတယ်။
အခုတော့ ကလေးတို့ရဲ့ ကျောင်းပိတ်ရက်များ ဟာ တကယ့် ကျောင်းပိတ်ရက်တွေ မဟုတ်ကြတော့ ပါဘူး။ ကျောင်းသာ ပိတ်ပေမယ့် ကျူရှင်တွေက မပိတ်တာမို့ ကလေးတို့ ခမြာ စာအုပ်နဲ့ ကင်းလွတ်ခွင့် မရကြရှာပါ ဘူး။
ရှစ်တန်း၊ ကိုးတန်း၊ ဆယ်တန်း စတဲ့ အတန်းကြီးများ ခမြာ ကျောင်းပိတ်ရက်မှာ မပိတ်နိုင်ဘဲ စာကို တတွတ် တွတ် ကျက်ရရှာတာကို ကျမ မပြောလိုပေမယ့် သူငယ်တန်း ကျောင်းသား၊ တတန်းကျောင်းသားတို့ ခမြာ လည်း ကျောင်းဆယ်ရက် ပိတ်တာကို မပိတ်နိုင်တာကိုတော့ဖြင့် ကျမ တော်တော်ပဲ အံ့သြမိပါတယ်။
တကယ်တော့ သူငယ်တန်း၊ တတန်း အရွယ်လေးတွေ ဆိုတာဟာ များများကစားဖို့၊ ဆော့ဖို့လိုတဲ့ အရွယ် လေးတွေပါ။
ကစားရင်းနဲ့ပဲ သင်ယူရဦးမယ့် အရွယ်လေးတွေ ပါပဲ။လူ့ရဲ့ ဦးနှောက်ဟာ အသက် ခုနှစ်နှစ် အရွယ် ကာလမှ သာ အပြည့်အစုံ ဖွံ့ဖြိုးတာမို့ သူတို့လေးတွေ ရဲ့ ဦးနှောက် ဆက်လက်ဖွံ့ဖြိုး လာစေဖို့ အတွက် သင်ယူ လေ့ လာ လေ့ကျင့် စရာတွေ ကျန်ပါသေးတယ်။
ဖွံ့ဖြိုးပြီး နိင်ငံများက ကျောင်းများမှာတော့ ငါးနှစ်၊ ခြောက်နှစ် အရွယ် ကလေးများကို စာသင်ခန်းများမှာ များ များ ကစားခိုင်း၊ အဆော့ခိုင်း၊ တီထွင်ဖန်တီးခိုင်းတဲ့ လုပ်ဆောင်မှု (activities) လေးတွေကိုပဲ လုပ်ခိုင်းကြ တာများပါတယ်။
ဒီအရွယ်မှာ ကလေးတို့ စိတ်ကို လေးလံစေတဲ့ ဖိအားတွေ၊ တွန်းအားတွေကို လုံးလုံး မလုပ်ကြပါဘူး။
စာမေးပွဲလည်း မရှိပါဘူး။ ကလေးတို့ဟာ ကျောင်းမှာရော အိမ်မှာရော လွတ်လပ် ပျော်ရွှင်စွာပဲ ကြီးပြင်းခွင့် ရကြပါတယ်။
ကျမတို့ နိုင်ငံမှာတော့ မူကြိုအရွယ်မှာကတည်းက သူငယ်တန်းမှာ စာလိုက်နိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကလေးကို သူငယ်တန်းစာတွေ ဖိသင်ကြပါတော့တယ်။
ကကြီး၊ ခခွေး ကို တမျက်နှာ၊ နှစ်မျက်နှာ လောက်ထိ မူကြိုမှာ ရေးခိုင်းရုံနဲ့ အားမရသေးဘဲ အိမ်မှာပါ အိမ်စာ အဖြစ် ရေးခိုင်းတဲ့ မူကြိုများလည်း ရှိပါသေးတယ်။
မူကြိုမှာကတည်းက စာကူးရေးလာရတဲ့ ကလေးတယောက်ဟာ သူငယ်တန်းကို ရောက်လာပြန်တော့ သူငယ်တန်းမှာ အတန်းထဲမှာ ပထမရအောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျောင်းကျူရှင် (ဆရာမကျူရှင်) ယူကြရ ပြန်ပါတယ်။
ဆရာမက အသင်မကောင်း ပြန်တော့ အပြင်ကျူရှင် ဆိုပြီးတော့ နောက်ထပ် ဆရာမ တယောက်ကို ထပ်ငှားကာ သင်ခိုင်းပါ တော့တယ်။
သနားစရာ အင်မတန်ကောင်းတဲ့ ကလေးခမြာ ကစားချိန်၊ ဆော့ချိန်၊ တီထွင်ဖန်တီးချိန်( ပုံဆွဲ၊ ပုံပြော၊ ပုံနားထောင် စသဖြင့်) တွေ ဘာတခုမှ မရရှိတော့ ပါဘူး။ တချိန်လုံး စာအုပ်နဲ့ မျက်နှာ ကပ်ပြီးတော့ စာကျက်ရပါတယ်။
ကျမတို့ နိုင်ငံရဲ့ `ဒါ.. ကျက်´ ပြီး `ဒါ…ပြန်ဖြေ´ စနစ်ကြီးဟာ တကယ်တော့ အင်မတန် လွဲမှားတဲ့၊ စူးစမ်း လေ့လာ သင်ယူရမယ့် ကလေးတို့ရဲ့ ဦးနှောက်နဲ့ အသိဉာဏ်ကို ဖျက်ဆီးပစ်နေတဲ့ သင်နည်းပါ။
အဲဒီမှာ ကိုယ့်ရဲ့ ကလေး ပထမ ရအောင် ဆိုတဲ့ မိဘတို့ရဲ့ အလို ဆန္ဒကပါ ထပ်ပေါင်းစပ် လိုက်တဲ့ အခါမှာ တော့ ကလေးတယောက် ဦးနှောက် ဖွံ့ဖြိုးစေဖို့ အတွက် လိုအပ်တဲ့ သင်ယူ မှုတွေကို ကလေးခမြာ ဘာတခုမှ မလုပ်နိုင်တော့ ပါဘူး။
ဒီလို မလုပ်နိုင်ခြင်းဟာ ကလေးတစ်ယောက် (လူတယောက် ) အတွက် ကြီးစွာသော ဆုံးရှုံးမှု တခုပဲ ဖြစ်ပါတယ်။
ကလေးကို ကစားချိန်၊ ဆော့ချိန်၊ နားချိန် မရှိအောင် စာတွေ အတင်းဖိကျက်ခိုင်းနေတာ မို့လို့ ကလေးဟာ အတန်းထဲမှာ ပထမ ရကောင်း ရနိုင်ပါတယ်။ ပညာရေးစနစ်ကိုက ` ဒါကို ကျက်ပြီး ဒါပြန်ဖြေ´ ရတဲ့ ပညာ ရေး စနစ်သာမို့ သူငယ်တန်း ကတည်းက ကလေးကို ဒီအတိုင်း လေ့ကျင့်လာခဲ့မယ် ဆိုရင်ဖြင့် ဆယ်တန်းမှာ ဂုဏ်ထူးတွေ အများကြီးရ မှာပဲ၊ လိုင်းကောင်းကောင်း ဝင်မှာပဲ လို့ မိဘများ တွေးထင်စရာ ပါပဲ။
ကျမတို့ရဲ့ ပညာရေးစနစ်ကသာ မပြောင်းလဲ ပေမယ့် ခေတ်ကာလက ပြောင်းလဲလာပါပြီ။ ကိုယ့်နိုင်ငံတွင်းက တက္ကသိုလ်မှာ မဟုတ်ဘဲ နိုင်ငံရပ်ခြားမှာ ပညာသင် သွားကြရပြီ ဆိုတဲ့ အခါမှာတော့ တီထွင်ဖန်တီးမှု အား နည်းတဲ့ ကလေး၊ အကျိုးနဲ့ အကြောင်းကို ပိုင်းခြား ဝေဖန် စဉ်းစားတတ်တဲ့ ဉာဏ်ပညာ နည်းပါးတဲ့ ကလေး ၊ စာဖတ်အား နည်းတဲ့ ကလေးများဟာ စာသင်ကြားရေးမှာ အခက်တွေ့ ကြရပါတယ်။
နိုင်ငံရပ်ခြား တက္ကသိုလ်တွေမှာ တကယ်တမ်း စာသင်ကြားရတဲ့ အချိန်မှာတော့ ဖွံ့ဖြိုးပြီးနိုင်ငံများက ကျောင်း သား ကျောင်းသူတွေ လောက် ကျမတို့ တတွေ မလုပ်နိုင်ကြတာကိုလည်း ကြုံကြရပါတယ်။
ဒီလို ဖြစ်ရတာဟာ တကယ်တော့ ကျမတို့ လူမျိုးတွေ ညံ့တာ မဟုတ်ပါဘူး၊ အခြေခံပညာရေး စနစ်မှာက တည်း ကိုက သင်တဲ့ နည်းစနစ်တွေ မှားခဲ့တာကြောင့်ပါ။
ကျမတို့ ငယ်ငယ်တုန်းက ကျောင်းပညာရေးက အခုတိုင်းပဲ မကောင်းလှပေမယ့် ကျမတို့မှာ ဆော့ချိန်၊ ကစားချိန်၊ စာဖတ်ချိန်တွေ ရှိနေပါသေးတယ် ။ ဒါတောင်မှ ကျမတို့ဟာ ဖွံ့ဖြိုးပြီးနိုင်ငံက လူများနဲ့ ယှဉ်ရင် ဦးနှောက်ပိုင်းမှာ မယှဉ်နိုင်တာတွေ အများကြီးပါပဲ။
ပညာ ရွှေခေတ်ရယ်လို့ ခေါ်လာတဲ့ အခုခေတ် ကာလမှာတော့ ကလေးများဟာ ကစားချိန်၊ ဆော့ချိန်၊ အပြင် စာဖတ်ချိန် မရှိတော့ပါဘူး။ လူ့ ဦးနှောက် အတွက် အင်မတန်မှ တန်ဖိုးရှိလှတဲ့ လေ့ကျင့်ခန်းများ ဖြစ်တဲ့ ကစားခြင်း၊ စာဖတ်ခြင်း၊ စဉ်းစား တွေးတော ဝေဖန်ခြင်း စတဲ့ အလုပ်တွေကို လုပ်ဖို့ ကလေးတို့ ခမြာ အခွင့် မရရှာတော့ပါဘူး။
ဖတ်စာအုပ်ထဲက စာတွေကို အလွတ် ရဖို့ သာပဲ အထပ်ထပ် လေ့ကျင့်ရင်းနဲ့ အချိန်ကုန် နေရပါတော့တယ်။ အလွတ်ကျက် ၊ အလွတ်ရေး ပြိုင်ပွဲကြီးမှာ အနိုင်ရဖို့ ကိုပဲ ကြိုးပမ်းနေရ ပါတော့တယ်။ စာတွေကို အလွတ် ကျက်၊ အလွတ်ဖြေ ပြီးရင် ခေါင်းထဲမှာ ဘာမှ မကျန်တော့တဲ့ ကလေးများဟာ ခေါင်းဗလာ၊ အတွေးခေါ် ဗလာနဲ့ပဲ ဆယ်တန်းကို ရောက်လာမယ်။ တက္ကသိုလ်တွေ တက်မယ်။
တက္ကသိုလ်မှာလည်း ဒီလို ပညာ သင်ကြားနည်းနဲ့ သင်ယူမယ်။ အချိန်တန်တော့ ဘွဲ့ရမယ်။ ပြီးရင် အလုပ်တွေ ဝင်လုပ် ပါလိမ့်ဦးမယ်။ ပြောရရင် ဦးနှောက်ကို ထက်မြက်စေမယ့် သင်ကြားနည်း အစား ဦး နှောက်ကို တုံးသွားပိတ်သွား စေတဲ့ ဒီပညာရေး စနစ်ဖြစ်နေလို့ တွေးကြည့်ရင် ကျမတို့ တိုင်းပြည်အနာဂတ် အတွက် တကယ် ရင်မောစရာ ကောင်းလှပါတယ်။
သူငယ်တန်း၊ တတန်း ကလေးများ လွယ်အိတ် အလေးကြီးလွယ်ရတာ၊ ကျူရှင်တတ်ရတာ၊ ကစားချိန် မရှိ တာ၊ ပုံပြင် နားထောင်ချိန်၊ ပုံပြင်ဖတ်ချိန် မရှိတာ၊ စနေ တနင်္ဂနွေ အပါအဝင် ကျောင်းပိတ်ရက် တွေမှာ စိတ် လွတ်ကိုယ်လွတ် မကစားရတာ တွေဟာ တိုင်းပြည် ပညာရေး ဦးမော့လာတဲ့ လက္ခဏ မဟုတ်ဘဲ တိုင်းပြည် ပညာရေး ဦးစိုက်ဆင်း လာတဲ့ လက္ခဏတွေ ပါပဲ။
ကျမတို့ဟာ ဒီတိုင်းပြည်၊ ဒီပညာရေး စနစ်မှာ နေနေကြရတဲ့ လူများဖြစ်တာမို့လို့ `ကျက်ပြီးပြန်ဖြေ´ ရတဲ့ ဒီ စာမေးပွဲ စနစ်ကနေ ကျမတို့ရဲ့ ကလေးတွေကို ဆွဲထုတ်ယူလို့ မရသေးပါဘူး ။
ဒါပေမယ့် ကျောင်းတွေမှာ မလေ့ကျင့်ပေးနိုင်တဲ့ ကလေးတို့ရဲ့ဦးနှောက်ဖွံ့ဖြိုးဖို့ ကိစ္စကိုတော့ မိဘများ အနေနဲ့ အိမ်မှာ လုပ်ပေးလို့ ရပါသေးတယ်။ ဒါကတော့ ကလေးတို့ကို အပြင်စာအုပ် (ပုံပြင်၊ ကာတွန်း၊ ကလေးဂျာ နယ်) တွေကို ကလေးကို ဖတ်ခိုင်းပြီးတော့ စာဖတ်ဝါသနာ ပါအောင်လေ့ကျင့်ပေးတာ၊ ကလေးတို့ကို လွတ် လပ် စွာ ကစားခွင့် ပေးတာ၊ ကလေးဝါသနာပါတဲ့ အလုပ် (ပန်းချီဆွဲ၊ သီချင်းဆို၊ ကခုန် ၊တီးမှုတ်) စတာတွေ ကို လုပ်ခိုင်းတာ မျိုးတွေနဲ့ လေ့ကျင့်ပေးမယ် ဆိုရင်တော့ ကျမတို့ ကလေးတွေရဲ့ အနာဂတ်ကို ကယ်တင် နိုင်ပါ လိမ့်မယ်။
ဒါကြောင့်မို့လို့ မိဘများအနေနဲ့ ကလေးတို့ကို အတန်ုးထဲမှာ ပထမရဖို့ထက် ကလေးတို့ရဲ့ ဦးနှောက်၊ အသိ ဉာဏ်၊ စူးစမ်း လေ့လာမှု ဖွံ့ဖြိုးဖို့ အဓိကထား ကြိုးပမ်းကြပါဦးလို့။ ။