“ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား ဒီမိုကရေစီအင်အားစုများအား ကြားဖြတ်အစိုးရ တင်မြှောက်” ဆိုသော သတင်း ရေးသားဖော်ပြခဲ့သည့် Bi မွန်းတည့်နေ ဂျာနယ်မှ ထုတ်ဝေသူ ၂ ဦး၊ အယ်ဒီတာ ၂ ဦးနှင့် သတင်းထောက် ၁ ဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)ဖြင့် ပန်းဘဲတန်းမြို့နယ်တရားရုံးက ယနေ့ ထောင်ဒဏ် ၂ နှစ်စီ အသီးသီး ချမှတ် လိုက်ကြောင်း သိရှိရသည်။
၂၀၁၄ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့ ထုတ်ဝေသော Bi မွန်းတည့်နေဂျာနယ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား ဒီမိုကရေစီအင်အားစုများကို ကြားဖြတ်အစိုးရအဖြစ် ပြည်သူများက ရွေးချယ်တင်မြှောက်ကြောင်း M.D.C.F ထုတ်ပြန်” ဆိုသော သတင်းကို ဂျာနယ်မျက်နှာဖုံးတွင် အကျယ်တဝင့်ဖော်ပြခဲ့ရာ အာဏာပိုင်များက Bi မွန်းတည့်နေ ဂျာနယ် ထုတ် ဝေ သူနှင့် သတင်းသမားများကို နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ဖမ်းဆီး တရားစွဲဆိုခဲ့သည်။
အောက်တိုဘာလ ၁၆ ရက်နေ့တွင် ပန်းဘဲတန်းမြို့နယ် တရားရုံးက Bi မွန်းတည့်နေ ဂျာနယ် တရက်စောပြီး ထွက်ရှိ လာမှု၊ ကြားဖြတ်အစိုးရ သတင်း မျက်နှာဖုံး ဖော်ပြမှု၊ သတင်းကို ဒေါ်အောင်ဆန်းစုကြည်နဲ့ ယှဉ်တွဲ ဖော်ပြမှုတို့ကြောင့် နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅ (ခ)အရ ပြစ်မှု ထင်ရှားသည်ဟုဆိုကာ ထောင်ဒဏ် ၂ နှစ် ပြစ်ဒဏ်ချမှတ် လိုက်ခြင်းဖြစ်ကြောင်းBi မွန်းတည့်နေဂျာနယ်၏ ရှေ့နေ ဦးကျော်ဝင်းက ပြောသည်။
“ထောင်ဒဏ် ၂ နှစ်ဆိုတာ နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅ (ခ) အမှုမှာ ပြစ်ဒဏ်ချမှတ်တာ အမြင့်ဆုံးပါပဲ။ ဒီနေ့ ပြစ်ဒဏ်ချမှတ်လိုက်တာဟာလည်း ဒီစွဲချက်တင် ပုဒ်မ ပေါ်မှာပဲ ဆုံးဖြတ်တာ တွေ့ရတယ်။ မီဒီယာ ဥပဒေကို ထည့်သွင်းသုံးသပ်သွားတာ မတွေ့ရဘူး” ဟု ရှေ့နေ ဦးကျော်ဝင်းက ပြောသည်။
ပန်းဘဲတန်းမြို့နယ်တရားရုံး၏ ပြစ်ဒဏ်ချမှတ်မှုအပေါ် အယူခံဝင်သွားမည်ဖြစ်ပြီး ထောင်ဒဏ် ၂ နှစ် ချမှတ်ခံရသူများမှာ Bi မွန်းတည့်နေ ဂျာနယ် ထုတ်ဝေသူ ဦးယဉ်မင်းထွန်းနှင့် ဦးကျော်မင်းခိုင်၊ အယ်ဒီတာ ဦးဝင်းတင်၊ တာဝန်ခံ အယ်ဒီတာ ဦးသူရအောင် (အောင်သန့်-ကျိုက်ကော်) နှင့် သတင်းထောက် ကျော်ဇောဟိန်း (မင်းဝဿန်) တို့ဖြစ်ကြောင်း သိရှိရသည်။
“ကျနော်တို့က အဆင့်ဆင့်အယူခံ ဝင်သွားမှာပဲ။ မီဒီယာဥပဒေ အတည်ပြုပြီးပေမယ့် ဒီမှာ မီဒီယာလောကို ထည့်မသုံးသွား ဘူးဆိုရင် ခရိုင်မှာ မီဒီယာဥပဒေကို ထည့်သွင်းသုံးသပ်နိုင်ဖို့ ကြိုးစားမှာပါ” ဟု ရှေ့နေဦးကျော်ဝင်း က ပြောသည်။
ဇွန်လ ၈ ရက်နေ့ထုတ် အစိုးရပိုင် သတင်းစာများတွင်မွန်းတည့်နေ၏ သတင်းကြောင့် ထင်ယောင်ထင်မှား ဖြစ်စေပြီး နိုင်ငံတော် အစိုးရကို အကြည်ညိုပျက်စေခြင်း၊ နိုင်ငံတော် တည်ငြိမ်အေး ချမ်းရေးကို ထိခိုက်စေခြင်းနှင့် အများပြည်သူ၏ အကျိုးပျက်စီးမှု ကို ဖြစ်ပေါ်စေနိုင်သည်ဟု သတင်းဖော်ပြခဲ့သည်။