လာမည့်ရွေးကောက်ပွဲတွင် အမျိုးသမီးများ၏ အသံပိုမို ပါဝင်လာစေရန်အတွက် အောက်တိုဘာ လကုန်တွင် ဧရာဝတီတိုင်း ပုသိမ်မြို့နယ်၌ ကျင်းပမည် ဖြစ်သော တတိယအကြိမ်မြောက် “အမျိုးသမီးတို့၏အသံ အမျိုးသမီး ဖိုရမ်” တွင် ထည့်သွင်း ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖိုရမ်တွင် ထည့်သွင်းဆွေးနွေးရသည့် ရည်ရွယ်ချက်မှာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အမျိုးသမီးများ ပါဝင်လာ ခြင်းဖြင့် အကောင်းဆုံး ဒီမိုကရေစီ လူ့အဖွဲ့အစည်းကို တည်ထောင်ရန်၊ အမျိုးသမီးများအနေဖြင့် ရွေးကောက်ပွဲ သတင်း အချက်အလက်များကို အပြည့်အဝ ရရှိထားသင့်ပြီး အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင် လာနိုင်မည့် အနေအထား ရရှိစေရန် အတွက် ဖြစ်ကြောင်း ဖန်တီးအိမ် အမျိုးသမီးအဖွဲ့မှ ဒါရိုက်တာ ဒေါ်ရွှေရွှေစိန်လတ်က ဧရာဝတီကို ပြောသည်။
“ရွေးကောက်ပွဲ ဥပဒေတွေ၊ မဲစာရင်းပြုစုတဲ့အခါတွေမှာ ကျား၊ မ ရေးရာ တန်းတူ အခြေပြုမှုက အရမ်းကို အားနည်း နေတယ်။ မဲစာရင်း လာကြည့်တာတွေ၊ မဲရုံကို စောင့်ကြည့်တာတွေ အားလုံးက အမျိုးသားတွေပဲ ရှိတယ်” ဟု ဒေါ်ရွှေရွှေစိန်လတ်က ဆိုသည်။
ဒီမိုကရေစီကျသည့် ရွေးကောက်ပွဲဖြစ်စဉ် အရ ၂၀၁၅ ရွေးကောက်ပွဲတွင် ကျား၊ မ တန်းတူညီမျှမှု ထည့်သွင်း စဉ်းစားစေရန်၊ ရွေးကောက်ပွဲ စက်ဝန်းအတွင်း အချိန်ဖြစ်သော ရွေးကောက်ပွဲမတိုင်မီ၊ ရွေးကောက်ပွဲ ကာလ၊ ရွေးကောက်ပွဲအပြီး ကာလများ အားလုံးတွင် အမျိုးသမီးများ ပါဝင်ကြရန် စသည်တို့ကို ဖိုရမ်တွင် ဆွေးနွေးသွားမည် ဖြစ်ကြောင်း၊ ၂၀၁၅ ရွေးကောက်ပွဲ လုပ်ထုံးလုပ်နည်းနှင့် ပတ်သတ်ပြီး ရွေးကောက်ပွဲကော်မရှင်နှင့် ပတ်သက် သူများကိုလည်း ဖိုရမ်သို့ တက်ရောက်ရန် ဖိတ်ကြား ထားကြောင်း ဒေါ်ရွှေရွှေစိန်လတ်ထံမှ သိရသည်။
ဆက်လက်ပြီး ဒေါ်ရွှေရွှေစိန်လတ်က “သန်းခေါင်စာရင်းအရ လူဦးရေ ထက်ဝက်ကျော်က အမျိုးသမီးတွေ ဖြစ်နေတယ်။ တိုင်းပြည်လူဦးရေရဲ့ ထက်ဝက်ကျော် ရှိတဲ့အမျိုးသမီးတွေဘဝ မတိုးတက်ရင် ကျမတို့ နိုင်ငံက ဘယ်လိုမှ မတိုးတက် နိုင်ဘူး။ ဒီမိုကရေစီ ကူးပြောင်းတဲ့ အခါမှာလဲ အမျိုးသမီးတွေက မပါဝင်ဘူးဆိုရင် ဒီမိုကရေစီ မှန်ကန်တဲ့ နိုင်ငံဖြစ်မှာ မဟုတ်ဘူး” ဟု ယနေ့ မီဒီယာ စာကြည့်တိုက်တွင် ပြုလုပ်သည့် အမျိုးသမီး ဖိုရမ်နှင့် ကျင်းပမည့် ကိစ္စနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
“ဖိုရမ်ကိုတော့ လွှတ်တော် ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီတွေ၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်တွေ၊ ဝန်ကြီးဌာနက ကိုယ်စားလှယ်တွေကို ဖိတ်ကြားထားပါတယ်။ ဒီနှစ် နယ်ကို သွားလုပ် ရတာကတော့ အနယ်နယ် အရပ်ရပ်က အမျိုးသမီးအသံကို ကျနော်တို့ လိုချင်လို့ပါ” ဟု ဖိုရမ် ဖြစ်မြောက်ရေး အဖွဲ့တွင်ပါဝင်သည့် ဒါနရှေ့ဆောင် မြန်မာ ဒါရိုက်တာ ဦးချမ်းငြိမ်းအောင်က သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းပြောကြား သွားသည်။
အမျိုးသမီးတို့၏ အသံ အမျိုးသမီးဖိုရမ်ကို ၂၀၁၂ ခုနှစ်က အဖွဲ့ဝင်ပေါင်း ၁၀ ဖွဲ့ဖြင့် စတင် ကျင်းပခဲ့ပြီး အမျိုးသမီး ခေတ်ရေစီကြောင်း၊ လူမှုရေး၊ စီးပွားရေး နယ်ပယ်များတွင် အမျိုးသမီးကဏ္ဍ ပါဝင်နိုင်ရေး၊ နိုင်ငံရေး နယ်ပယ်တွင် ပါဝင်သင့်သော အမျိုးသမီးကဏ္ဍ ဟူ၍ ဆွေးနွေးခဲ့ကြောင်း၊ ၂၀၁၃ ခုနှစ် အောက်တိုဘာတွင် ဒုတိယအကြိမ် ကျင်းပခဲ့ပြီး အရေးပေါ် အခြေအနေတွင် အမျိုးသမီးများ ရင်ဆိုင်နေရသည့် ကဏ္ဍများကို အဓိက ဆွေးနွေးခဲ့ကြောင်း သိရသည်။
“လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ အမျိုးသမီး ကိုယ်စားလှယ် အမတ်လောင်းတွေ များများ ပေါ်ထွက် လာဖို့အတွက်လည်း ကျမတို့က ပြုစုပျိုးထောင်နေပါတယ်” ဟု သတင်းစာရှင်းလင်းပွဲတွင် ဒေါ်ရွှေရွှေစိန်လတ်က ထည့်သွင်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံ အနေဖြင့် ၁၉၉၇ ခုနှစ်က အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားထားမှု အားလုံး ပပျောက်ရေး သဘောတူ စာချုပ် (CEDAW) တွင် လက်မှတ်ရေးထိုး ထားသော်လည်း အမျိုးသမီး အခွင့်အရေး ကာကွယ်ပေးခြင်းနှင့် ပတ်သက်၍ မည်သည့် ဆောင်ရွက်ပေးမှုမျှ လုပ်ဆောင်ပေးခြင်း မရှိကြောင်း အမျိုးသမီး အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့များ၏ ဝေဖန်မှုများ ရှိနေသည်။