စစ်စိုးရစစ်တပ်နဲ့ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့အကြား တိုက်ပွဲတွေကြောင့် ၃ နှစ်ကျော်ကြာ ရပ်နားခဲ့တဲ့ ဖားကန့် ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းတွေ ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှာ အစိုးရက ပြန်လည် လုပ်ကိုင် ခွင့် ပြုခဲ့ပေမယ့် ကျောက်မျက်လုပ်ငန်းရှင်တွေက လုပ်ငန်းပြန်မစသေးဘဲ တိုက်ပွဲအခြေအနေ၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အခြေ အနေတွေကို စောင့်ကြည့်နေကြဆဲ ဖြစ်ပါတယ်။
အစိုးရဘက်က ကျောက်တူးဖော်ရေးလုပ်ငန်း တွေ ပြန်စဖို့ ခွင့်ပြုချက်ပေးထားပြီး ဖြစ်ပေမယ့် KIA ဘက်က ကျောက်တူး လုပ်ငန်းတွေအတွက် လုံခြုံရေး တာဝန်မယူနိုင်ဘူးလို့ ပြောဆိုထားတဲ့ အပြင် စက်တင်ဘာလ ၁ ရက်နေ့ မတိုင်မီ ဖားကန့် မြို့နဲ့မိုင် ၂၀ကျော်အကွာမှာရှိတဲ့ နန့်ယားကျေးရွာ အနီးက စပေါ့မှော်မှာ တိုက်ပွဲ ဖြစ်ခဲ့တာကြောင့် လုပ်ငန်းရှင်တွေအတွက် လုပ်ငန်းပြန်မစဖို့ ပိုပြီးတွန်း အားပေးသလိုဖြစ် စေခဲ့ပါတယ်။
ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းခွင်တွေ ပြန်စမယ်ဆိုရင် အစိုးရဘက်ကို အခွန်ဆောင်ရတာ တွေအပြင် KIA ဘက်ကို လည်း အခွန်အဖြစ်နဲ့ သိန်းထောင်ချီပေးရမှာ ဖြစ်ပါတယ်။ အဲဒီလို အခွန် တွေပေးပြီးကာမှ အစိုးရနဲ့ ကေအိုင်အေအကြား တိုက်ပွဲဖြစ်ခဲ့မယ်ဆိုရင် လုပ်ငန်းရှင်တွေအဖို့ အရှုံး ပေါ်မှာဖြစ်တာကြောင့် လုပ်ငန်းရှင်တွေအနေနဲ့ ဖား ကန့်မှာ တူးဖော်ရေး လုပ်ငန်းခွင်တွေကို ပြန်မစရဲ သေးပါဘူး။
ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ကြည့်မယ်ဆိုရင် လည်း လတ်တလော အားရစရာမရှိသေးဘဲ အစိုးရ ငြိမ်းချမ်းရေး ကိုယ်စား လှယ် အဖွဲ့နဲ့ တိုင်းရင်းသား လက်နက်ကိုင်များ စုစည်းဖွဲ့စည်းထားတဲ့ နိုင်ငံလုံး ဆိုင်ရာ အပစ်အခတ်ရပ်စဲရေးအဖွဲ့ (NCCT) တို့ အကြား တပ်ပိုင်းဆိုင်ရာ ကိစ္စတွေမှာ အပြီးသတ် ညှိနှိုင်းမှုမရှိသေးဘဲ သဘောထားကွဲလွဲမှုတွေ ဖြစ်ပေါ် နေပါတယ်။
ဒီသဘောထားကွဲလွဲမှုကလည်း ရေရှည်ဖြစ်လာမယ့် အခြေအနေရှိတာမို့ ငြိမ်းချမ်းရေးရဖို့ မဆို ထားနဲ့ တနိုင်ငံလုံး အပစ် အခတ် ရပ်စဲရေး ဖြစ်လာဖို့တောင် တော်တော်ကို မလွယ်ကူလှပါဘူး။
ဒါ့အပြင် ဆက်တိုက်ဆိုသလို အောက်ခြေအဆင့် တပ်တွေကြားမှာ တင်းမာမှုတွေ မကြာခဏ ဆိုသလိုဖြစ်နေတာမို့ တိုက်ပွဲ ပြန်ဖြစ်ဖို့ဆိုတာ အင်မတန်ကို လွယ်ကူတဲ့အနေအထားရှိနေပါတယ်။
KIA ကချင်လက်နက်ကိုင်တပ်ဖွဲ့ထဲ မှာလည်း ခေါင်းဆောင်ပိုင်းက ငြိမ်းချမ်းရေး ဆွေးနွေးနေကြပေမယ့် အောက်ခြေ အဆင့်အပိုင်းမှာ ငြိမ်းချမ်းရေးထက် ကိုယ်ကျိုးစီးပွား ဦးစားပေးနေတဲ့ အခြေအနေမျိုးတွေ ရှိနေပါတယ်။ ကေအိုင်အေရဲ့ တပ်မဟာ ၆ က ဖားကန့်ဒေသ ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီ တွေဆီကနေ သိန်းထောင်ချီပြီး အခွန်တွေ ကောက် ခံတဲ့အပြင် ဒေသခံကျောက်ဝယ် ရောင်းလုပ်နေတဲ့ ကျောက်ကုန်သည်တွေ၊ စားသောက်ဆိုင်တွေကစလို့ ကုန်စုံဆိုင်၊ ကွမ်းယာ ဆိုင်အဆုံး အခွန်ကောက်ခံ နေပါတယ်။
တိုက်ပွဲတွေ ဖြစ်နေတဲ့ ကာလမှာတောင် KIA က မိုးကောင်း-ဖားကန့် ကားလမ်းကိုပိတ်ပြီး ကား တွေကိုအခွန်ကောက်ခံ ခဲ့ဖူးပြီး အခွန်ကောက်လို့ရတဲ့ ပိုက်ဆံတွေကို ကားပေါင်းများစွာနဲ့ သယ်ယူရတဲ့ အထိ များပြားလှတယ်လို့ သိရှိရပါ တယ်။
အစိုးရစစ်တပ်ဘက်ကလည်း လုံခြုံရေးအကြောင်း ပြပြီးတော့မိုးကောင်း-ဖားကန့်လမ်းပေါ်မှာ ဂိတ်တွေ လုပ်၊ ငွေကောက် တာ၊ ကျောက်စိမ်းသယ်ယူမှုတွေ ကို ဖမ်းဆီးတာတွေ လုပ်ပါတယ်။ မိုးကောင်း-ဖားကန့်လမ်းမှာ အစိုးရ စစ်တပ်ဂိတ် ၈ ခု ရှိပြီး တရက်ကို ကားအစီးရေ ၃၀ဝ လောက် သွားလာ နေတာမို့ ဂိတ်ကြေး တလကို သိန်း ၁၀ဝ ဝန်းကျင်ရ နေတာပါ။ တရား မဝင် ကျောက်စိမ်းသယ်ယူမှုတွေကို လာဘ်ငွေယူ ခွင့်ပြုတာ၊ ကျောက်စိမ်းဖမ်းဆီးတာ မျိုးတွေနဲ့ ဝင်ငွေရပေါက် ရလမ်း ရှိသေးတာမို့ အခွန် ကောက်ခြင်းက ရရှိနေတဲ့ ငွေကြေးပမာဏက သိန်း သောင်းချီရှိနေပါတယ်။ ၂ ဖက်စလုံးက တပ်သား အဆင့် ရဲဘော်များသည်ပင်လျှင် ရွှေလက်စွပ်၊ ဆွဲကြိုးနဲ့ နေနိုင်၊ စားနိုင်တဲ့ အနေအထားရှိပါတယ်။
၂၀၁၂ နှစ်ကုန်ပိုင်း နဲ့ ၂၀၁၃ နှစ်ဆန်းပိုင်းမှာ အစိုးရ စစ်တပ်က KIA တပ်မဟာ ၆ နယ်မြေတွေကို တက်သိမ်းတဲ့အခါ KIA အရာရှိတွေရဲ့ အိမ်တွေမှာ သိန်းထောင်ချီတန်တဲ့ အရည်အသွေး ကောင်းကျောက်တွေ အများကြီး စစ်တပ်က သိမ်း ဆည်း ရခဲ့တယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲ အဆင်ပြေတယ်ဆိုရင် KIA ဘက်ကလည်း အခွန်ခေါင်းစဉ် တပ်ထားတဲ့ ဆက်ကြေးတွေ ကောက်လို့ မရတော့ သလို စစ်တပ်ကလည်း လုံခြုံရေး အကြောင်းပြပြီး တော့ ပိုက်ဆံတွေ ကောက်တာတွေ၊ ကျောက် စိမ်း ဖမ်းဆီးတာမျိုးတွေ လုပ်လို့ရတော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် ၂ ဖက်တပ်တွေအနေနဲ့ ပုံမှန်ရနေတဲ့ ဝင်ငွေရလမ်း မပျောက် စေဖို့ သေနတ်တစ်ချက် ဖောက်လိုက်ရုံပါပဲ။
ကချင်ဒေသခံတွေနဲ့ စီးပွားရေးသမားတွေက ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုအောင်မြင်ဖို့မျှော်လင့်နေကြပြီး စစ်တပ်နဲ့ KIA တို့ ရင်ဆိုင် တိုက်ပွဲတွေ ဆက်ဖြစ်မှာကိုလည်း စိုးရိမ်နေကြပါတယ်။ လတ်တလော အစိုးရနဲ့ ကချင်လက်နက်ကိုင် အဖွဲ့တွေ ဖြစ်ပွား နေတဲ့ တိုက်ပွဲတွေက ပြည်သူလူထုအတွက် မဟုတ်ဘဲ အကျိုးစီးပွားကို အခြေခံပြီး ဖြစ်ကြတယ် ဆိုတဲ့အမြင်ကို ကချင် ဒေသခံအများစုက သဘောတူ ပါတယ်။
ကချင်ငြိမ်းချမ်းရေးကွန်ရက်မှ ဒေါ်ခွန်ဂျာက စစ်တပ်နဲ့ တိုင်းရင်းသားအဖွဲ့တွေ တိုက်ပွဲဖြစ်တဲ့ နေရာအများစုက သယံဇာတ ထွက်တဲ့နေရာတွေ ဖြစ်နေပြီး သယံဇာတကို အခြေခံ ဖြစ်နေတာလို့ ၂၀၁၃ ခုနှစ်အတွင်း ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ နိုင်ငံရေး ဆိုင်ရာ ဆွေးနွေးပွဲတခုမှာ ပြောကြားခဲ့ဖူးပါတယ်။
အစိုးရစစ်တပ်တွေနဲ့ KIA တပ်အကြား အောက်ခြေအဆင့်မှာရော ငြိမ်းချမ်းရေး ဆွေးနွေးပွဲ မှာရော အငြင်းပွားနေတာက တပ်နေရာချထားရေး ကိစ္စဖြစ်ပါတယ်။ အထူးသဖြင့် ကျောက်စိမ်းထွက်တဲ့ ဖားကန့် လိုနေရာမျိုးကိုနှစ်ဖက်စလုံးက တပ်စွဲ ထား ချင်ကြပါတယ်။ အစိုးရ စစ်တပ်က ဖားကန့် အနီးမှာ ရှိတဲ့ KIA တပ်တွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ် ရှင်းလင်း ထားပါတယ်။
အခုဆိုရင်လည်း KIA တပ်တွေ ကံစီး၊ အောင် ဘာလေ ကျောက်စိမ်းမှော်တွေကိုကျော်ပြီး လုံခင်း ကျေးရွာအုပ်စု၊ ဆန်ခါ ကျောက်စိမ်းမှော်တွေ အထိ မဝင်လာနိုင်အောင် အစိုးရစစ်တပ်က တပ်စွဲထားပါတယ်။ ဖားကန့်ဒေသမှာထွက်တဲ့ ကျောက်စိမ်း ဟာ နိုင်ငံဝင်ငွေဟာ ရေနံနှင့် သဘာဝဓာတ်ငွေ့ပြီးရင် ဝင်အများဆုံး စာရင်းမှာ ရပ်တည်နေတဲ့အတွက် အစိုးရ စစ်တပ်က အလွန်အရေးတကြီးနဲ့ လုံခြုံရေး တိုးမြှင့်ယူလေ့ရှိတဲ့ နေရာပါပဲ။ KIA အတွက်လည်း ဖားကန့်ဒေသက ဝင်ငွေ အများဆုံးနဲ့ အခွန်အများဆုံး ကောက်လို့ရတဲ့ နေရာလိုဖြစ်နေပါတယ်။
KIA အရာရှိတဦးကတော့ ဖားကန့် ဒေသ KIA ဟာ သတ်မှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်း အတိုင်း အခွန်ကောက်ခံ ခြင်းဖြစ်ပြီး တိုက်ပွဲတွေဖြစ် တာကလည်း KIA တွေတပ်စွဲထားတဲ့နယ်မြေ ထဲကို စစ်တပ်က စစ်ကြောင်းတွေ ထိုးလာ တာကြောင့် ဖြစ်ကြောင်း၊ စစ်တပ်က စစ်ကြောင်းမထိုးဘူးဆိုရင် တိုက်ပွဲတွေ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။
ဖားကန့်ဒေသကို လုံခြုံရေး ယူပေးနေရတဲ့ တပ်မ ၆၆က အရာရှိတဦးကတော့နယ်မြေလုံခြုံမှုရှိအောင် စစ်ကြောင်းတွေ လှည့်လာတာတွေရှိပြီး တဖက်နဲ့ တဖက် ဆုံတဲ့အခါ ရင်ဆိုင်တိုက်ပွဲ ဖြစ်တယ်လို့ ရှင်းပြပါတယ်။
လက်ရှိ KIA တွေ တပ်စွဲထားတဲ့ ကံစီးဒေသဟာ ရွှေရော၊ ကျောက်ငုတ်ကျောက်စိမ်းတွေ ထွက်တဲ့ နေရာဖြစ်တဲ့အတွက် စစ်တပ်ကထိုးစစ်ဆင်မယ့် အနေအထားရှိနေပါတယ်။ တိုက်ပွဲတွေရဲ့ သဘော သဘာဝအရ မိုးရာသီကာလမှာ တိုက်ပွဲ ရပ်စဲထား ပြီးတော့ စစ်အင်အား၊ ရိက္ခာစသဖြင့် ပြင်ဆင်ကြတာမို့ မိုးရာသီကုန်လွန်ပြီးတော့ ပွင့်လင်းရာသီတွေ ဝင်လာ တာနဲ့ တိုက်ပွဲတွေဖြစ်လာဖို့ အခြေအနေတွေ ပိုများလာပါတယ်။ တချို့ကျောက်မျက် လုပ်ငန်းရှင် တွေကတော့ အရဲစွန့်ပြီး တူးဖော်ရေး လုပ်ငန်းခွင်တွေ ပြန်စဖို့ ပြင်ဆင်နေကြတာမျိုး ရှိနေပါတယ်။
ဒါကြောင့် နယ်မြေလုံခြုံရေးတိုးချဲ့မယ့် အစိုးရစစ်တပ်နဲ့ အခွန်ကောက်မယ့် KIA တပ်တွေ နီးနီးကပ်ကပ်ရှိတာမို့ သေနတ် သံတချက်ဖောက်တာနဲ့ ဖားကန့်ဒေသ အပါအဝင် ကချင်ဒေသတခုလုံး စစ်မီးတောက်မယ့် အခြေ အနေတွေ ရှိနေပါတယ်။
(မင်းထက်စံသည် အလွတ်သတင်းထောက် တဦးဖြစ်သည်)