ဧရာဝတီတိုင်း ပုသိမ်ခရိုင် အတွင်း ကြိုးဆွဲချ သေဆုံးခြင်း၊ အဆိပ်သောက် သေဆုံးခြင်း စသည့် ကိုယ့်ကိုယ်ကိုယ် သေကြောင်း ကြံ စည် မှု နည်းလမ်းများဖြင့် သေဆုံးမှုများ ပိုဖြစ်ပွားလာသည်ဟု ပုသိမ်ခရိုင် ရဲတပ်ဖွဲ့မှူးရုံး၏ စာရင်းများ အရ သိရသည်။
ပုသိမ်ခရိုင် အတွင်းရှိ ၇ မြို့နယ်၌ ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလ အထိ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံမှု ၃၁ မှု ဖြစ်ပွား ခဲ့ကြောင်း ထို စာရင်းများတွင် ဖော်ပြထားသည်။
“မိမိကိုယ်ကို သေကြောင်း ကြံစည်မှုတွေမှာ အများဆုံး ဖြစ်တာကတော့ ကြိုးဆွဲချ သတ်သေတာတွေပေါ့။ ပုသိမ် ခရိုင်ထဲမှာ ပုသိမ် မြို့နယ်က ဖြစ်ပွားမှု အများဆုံးပဲ”ဟု ပုသိမ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ဇော်ဝင်းကျော်က ဧရာဝတီကို ပြောသည်။
၂၀၁၃ ခုနှစ်ကလည်း ပုသိမ်ခရိုင်အတွင်း ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်မှု ၂၉ မှု ဖြစ်ပွားခဲ့သည်ဟု စာရင်းတွင်ပါရှိသဖြင့် ယခုနှစ် သည် ယမန်နှစ်ထက် ပိုမို ဖြစ်ပွားလာသည်ကို တွေ့ရသည်။
ပုသိမ်ခရိုင် အတွင်း ပုသိမ် မြို့နယ်သည် ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်မှု အများဆုံးဖြစ်ပြီး ကျုံပျော် မြို့နယ်သည် ဒုတိယ အများဆုံး ဖြစ်သည်။ ငပုတောနှင့် ကန်ကြီးထောင့် မြို့နယ်တို့မှာ တတိယ အများဆုံး ဖြစ်ကြောင်း ပုသိမ်ခရိုင် ရဲ တပ်ဖွဲ့ရုံး ၏ စာရင်းများ အရ သိရသည်။
၂၀၁၃ ခုနှစ် အတွင်း ပုသိမ်မြို့နယ် တခုတည်း၌ မိမိကိုယ်ကို သတ်သေသူ ၁၀ ဦး ရှိခဲ့ပြီး ၂၀၁၄ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာ လ အတွင်း ကိုယ့်ကိုယ်ကိုယ် သတ်သေသူ ၁၁ ဦး ရှိခဲ့ကြောင်း သိရသည်။
“ကျနော်တို့ စခန်း အပိုင်ထဲမှာ အဆိပ်သောက်တာနဲ့ ကြိုးဆွဲချ သတ်သေတာတွေ မနှစ်က ဖြစ်ခဲ့ဖူးတယ်။ သေကြောင်း ကြံစည်မှုတွေမှာ တွေ့ရတာက တချို့က ကျန်းမာရေး မကောင်းဘူး၊ ဆေးလည်း မကုနိုင်၊ မိသားစုကလည်း သူ့ကို ဂရုမစိုက်ကြတော့ စိတ် ဓာတ် ကျပြီး ကိုယ့်ဟာကိုယ် သတ်သေတာတွေ ရှိတယ်”ဟု ပုသိမ်မြို့ အမှတ် ၂ ရဲစခန်းမှ စခန်းမှူး ရဲအုပ် သိန်းဇော်ဦးက ပြော သည်။
ပုသိမ်မြို့ရှိ လူ့အခွင့်အရေး စောင့်ကြည့် ကာကွယ်ရေး ကွန်ရက် (HRWDN) အဖွဲ့ခေါင်းဆောင် ဦးမြင့်နိုင်က“အစိုးရ အနေနဲ့ သူတို့ ဘာကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေရသလဲ၊ လယ်ယာမြေ ကိစ္စလား၊ ငွေကြေး ကိစ္စလား၊ လူမှုရေး ကိစ္စလား စတဲ့ အကြောင်း ရင်းကို ရှာဖွေ ဖော်ထုတ်သင့်တယ်”ဟု ပြောဆိုသည်။