ပြည်မြို့ နဝဒေး စီးပွားရေးဇုန် အနီးရှိ မြေကွက်များကို ဌာနဆိုင်ရာ အရာရှိများနှင့် လွှတ်တော် ကိုယ်စားလှယ်များက ရယူထား သည့် အပေါ် ပွင့်လင်းမြင်သာမှု မရှိသဖြင့် ပြည်မြို့ ဒေသခံများက ကျေနပ်မှု မရှိကြောင်း သိရသည်။
“လုံးဝ ပွင့်လင်းမြင်သာမှု မရှိဘူး။ မြို့နေပြည်သူ လူထုလည်း မသိရဘူး။ ကျနော်တို့ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ အထောက်အကူပြု အဖွဲ့လည်း မသိရဘူး။ မြေကွက်ရှိတာ ၃၈ ကွက်၊ ၃၃ ကွက်ပဲ အမည်နဲ့ ဖော်ထုတ်လို့ ရတယ်။ ကျန်တဲ့ ၅ ကွက်က တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် တယောက်ယောက် နာမည်နဲ့ ရှိလိမ့်မယ်။ မြေစာရင်းက လူတွေနဲ့ မြေတွေတိုင်းပြီး သူတို့ဟာသူတို့ အကွက်ချပြီး ယူထားကြတာ”ဟု မြို့နယ်ဖွံ့ဖြိုး တိုးတက်ရေးနှင့် အထောက်အကူပြု အဖွဲ့မှ အဖွဲ့ဝင် ဦးတင်ဌေးက ပြောသည်။
နဝဒေး စီးပွားရေးဇုန် စီမံကိန်း လုပ်ကိုင်ရန် ၁၉၉၈-၉၉ ခုနှစ်က ဒေသခံ တောင်သူ ၅၂ ဦးထံမှ အစားပေးလျော်သည့် စနစ်ဖြင့် သိမ်းယူခဲ့သည့် မြေကွက်များထဲမှ ကျန်ရှိနေသည့် မြေကွက်များကို ပေ ၄၀ x ပေ ၆၀ အကွက် ၃၈ ကွက် ဖော်ထုတ်ပြီး ပြည်မြို့၏ လေးစားထိုက်သော ပုဂ္ဂိုလ်များ အမည်ဖြင့် ၂၀၁၄ ခုနှစ် မေလက မြေကွက်များ ပေးအပ်ခဲ့သည်ဟု သိရသည်။
ထိုမြေကွက် ၃၈ ကွက်အနက် ၂၇ ကွက်မှာ ပြည်ခရိုင် ဦးစီးမှူးနှင့် ဇနီး အပါအဝင် ပြည်ခရိုင် အတွင်းရှိ မြို့နယ် ၆ မြို့နယ်မှ အုပ်ချုပ် ရေးမှူးများ၊ ခရိုင်မြေစာရင်း ဦးစီးမှူး၊ မြို့နယ်မြေစာရင်း ဦးစီးမှူးနှင့် မြေစာရင်းရုံးမှ အဖွဲ့ဝင် ၂ ဦး၊ ခရိုင်လူဝင်မှု ကြီးကြပ်ရေး ဦးစီးမှူး၊ ခရိုင်ရဲမှူး၊ မြို့နယ်ရဲမှူး၊ ခရိုင်စီမံကိန်း ဦးစီးမှူးနှင့် ဒုဦးစီးမှူး ၂ ဦး အပါအဝင် နဝဒေး စီးပွားရေးဇုန် ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ပြည်မြို့နယ်မှ လွွှတ်တော် ကိုယ်စားလှယ် ၄ ဦးအပြင်၊ မိုးညို မြို့နယ်မှ လွှတ်တော် ကိုယ်စားလှယ် ၁ ဦးတို့၏ အမည်များဖြင့် ရယူထား သည်ကို တွေ့ရှိရသည်ဟု ဦးတင်ဌေးက ပြောပြသည်။
အဆိုပါ မြေကွက်ထဲမှ ၅ ကွက်ကို မူလလယ်ပိုင်ရှင်များအား ပြန်လည် ပေးအပ်ခဲ့ကြောင်း၊ တချို့အကွက်များမှာ ပိုင်ရှင်အမည် ဖော် ထုတ်ရန် ခက်ခဲမှု ရှိကြောင်းလည်း ၎င်းက ဆိုသည်။
မြို့နယ် မြေစာရင်း ဦးစီးမှူး ဦးဇော်ဝင်းက“မြေပုံကိုတော့ ကြည့်လို့ မရဘူး။ အစိုးရ အဖွဲ့အစည်းရဲ့ စီမံခန့်ခွဲပိုင်ခွင့်အရ ချပေးထားတာ ဖြစ်တယ်။ လျှောက်ယူထားတာ မဟုတ် ဘူး။ ကျနော် အမည်ပေါက်နဲ့ တကွက် ရပါတယ်။ လန ၃၉ ပေါက်ပြီးသား၊ သက်ဆိုင်ရာ တောင်သူတွေကိုလည်း ကျေနပ်တဲ့ လျော်ကြေး အဖြစ် မြေနေရာ ပေးထားပြီးသားပါ”ဟု ပြောဆိုသည်။
အစိုးရ အာဏာပိုင်များက ၎င်းတို့၏ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မြေကွက်များ ရယူထားခြင်းအပေါ် ကျေနပ်မှု မရှိကြောင်းနှင့် ယခင် စီမံကိန်း အတွက် သိမ်းဆည်းထားသည့် မြေယာများတွင် လုပ်ကိုင်ခြင်း မရှိသည့် မြေယာများကို မူလပိုင်ရှင်များထံ ပြန်လည် လွှဲပြောင်းပေးအပ်ရန် သမ္မတ ဦးသိန်းစိန်က ပြောဆိုနေသော်လည်း အောက်ခြေတွင် လန ၃၉ ရရှိထားသည့် နေရာများကို အကွက်ရိုက် ယူခြင်းမှာ ရိုးသားမှု မရှိကြောင်း နဝဒေး စီးပွားရေးဇုန် ရပ်ကွက် အထောက်အကူပြု အဖွဲ့မှ ဦးအုန်းမြင့်က ပြောသည်။
“အစိုးရ လခစားတွေ နေစရာ အိမ်စရိတ်၊ မီတာခက အစ ဘာမှပေးစရာ မလိုတဲ့ လူတွေက သူတို့ လုပ်ပိုင်ခွင့်ပါဆိုပြီး ယူသွားတာ မဖြစ်သင့်ဘူး။ သူတို့ယူတဲ့ ခေါင်းစဉ်က ပြည်မြို့ရဲ့ လေးစားထိုက်သော ပုဂ္ဂိုလ်များ ဆိုတဲ့ အမည်နဲ့ ယူတယ်။ ဒါလုံးဝ မဖြစ်သင့်ဘူး” ဟု ဦးအုန်းမြင့်က ဆိုသည်။
နဝဒေး စီးပွားရေးဇုန် အတွင်း ၂၀၁၄ ခုနှစ် အတွင်း အဆိုပါ မြေကွက် ၃၈ ကွက် အပါအဝင် မြေကွက် စုစုပေါင်း ၆၈ ကွက်ကို ဖော် ထုတ်ပြီး ဌာနဆိုင်ရာ တာဝန်ရှိသူများ၏ မိသားစုဝင် အမည်များဖြင့် ချထားပေးသည်ဟု မြေစာရင်း ဌာနနှင့် နီးစပ်သူ တဦးက ပြော သည်။
နဝဒေး စီးပွားရေးဇုန်ကို ၁၉၉၈-၉၉ ခုနှစ်တွင် အကောင်အထည် ဖော်ခဲ့ပြီး အဆိုပါဇုန် အတွင်း ဈေး၊ အားကစားကွင်း၊ စာသင်ကျောင်း၊ ဌာနဆိုင်ရာ ရုံးခန်းများနှင့် ရဲစခန်း အတွက် ချပေးထားသည့် မြေများပေါ်တွင် သက်ဆိုင်သည့် အဆောက်အအုံများ မရှိဘဲ လူနေ အိမ်များသာ ဆောက်လုပ်ထားသည်ဟု သိရသည်။