ထိုင်းနိုင်ငံ တောင်ပိုင်း လိပ်ကျွန်းမှာ ဗြိတိန် ခရီးသွား ၂ ဦး သတ်ဖြတ်ခံရသည့် ကိစ္စနှင့်ပတ်သက်၍ ဗြိတိသျှ ရဲများ သွား ရောက်စုံစမ်းစစ်ဆေးရန် ထိုင်းအစိုးရက ခွင့်ပြုလိုက်ပြီဖြစ်သည်။
ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာနှင့် ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းတို့ တွေ့ဆုံအပြီး ဗြိတိန်က ကမ်းလှမ်းသည့် လိပ်ကျွန်း လူသတ်မှု စုံစမ်းစစ်ဆေးရေး ဗြိတိန်ရဲက အကူအညီပေးမည့် ကိစ္စအား ထိုင်းအစိုးရက လက်ခံခြင်းဖြစ်ကြောင်း ဗြိတိန်အခြေစိုက်သတင်းများက ဖော်ပြသည်။
အီတလီနိုင်ငံ မီလန်မြို့တွင် ကျင်းပသည့် ၁၀ ကြိမ်မြောက် အာရှ- ဥရောပ ထိပ်သီးအစည်းအဝေး ၌ ဗြိတိန် ဝန်ကြီး ချုပ်နှင့် ထိုင်းဝန်ကြီးချုပ်တို့ မျက်နှာချင်းဆိုင်တွေ့ဆုံက လိပ်ကျွန်း လူသတ်မှု ကိစ္စ ဆွေးနွေးပြီး ထိုကဲ့သို့ သဘောတူခြင်း ဖြစ်သည်။
“လိပ်ကျွန်း လူသတ်မှုနဲ့ပတ်သက်ပြီး ဗြိတိသျှ ရဲတချို့ကို ထိုင်း ဘုရင့်ရဲတပ်ဖွဲ့နဲ့ အတူ လက်တွဲ လုပ်ဆောင်နိုင်ဖို့ စေလွှတ်နိုင်မယ့် အကြောင်း ထိုင်း ဝန်ကြီးချုပ်နဲ့ ဗြိတိန်ဝန်ကြီးချုပ် ဒီမနက်ကပဲ သဘောတူညီမှု ရခဲ့ပါတယ်” ဟု ဗြိတိန်သံတမန်တဦးကို ကိုးကားပြီး ထိုင်းအခြေစိုက် The Nation သတင်းတပုဒ်ကလည်း ဆိုသည်။
ထိုင်း ဘုရင့် ရဲတပ်ဖွဲ့ ရဲချုပ် ဆုမ်ယွတ် ပွန်ပန်မွန်က လိပ်ကျွန်း လူသတ်မှုကိစ္စအား ယခုကဲ့သို့ ဗြိတိသျှ တာဝန်ရှိသူအား စောင့်ကြည့်ခွင့် ပေးလိုက်ခြင်းသည် ထိုင်းနိုင်ငံ တရားစီရင်ရေးဖြစ်စဉ်ကို ဝင်ရောက်စွက်ဖက်ခြင်းဖြစ်လာမည်မဟုတ် ကြောင်း ပြောဆိုထားသည်ကိုလည်း ဘန်ကောက်ပို့စ်တွင် ဖော်ပြသည်။
“ယူကေ အဖွဲ့ကို စုံစမ်းစစ်ဆေးမှုမှာ ပါဝင် လုပ်ဆောင်ဖို့ ခွင့်ပြုခဲ့တာဟာ ကျနော်တို့ရဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို ထိခိုက်မှု မရှိပါဘူး” ဟု သူက ဆိုထားသည်။
လိပ်ကျွန်းတွင် စက်တင်ဘာလ ၁၅ ရက်နေ့က ဗြိတိန်နိုင်ငံသား မစ္စတာ ဒေးဗစ်မီလာနှင့် မစ္စ ဟန်နာ ဝစ်သရစ်တို့သည် ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရပြီး အဆိုပါ ၂ ဦး သေဆုံးမှု ကိစ္စနှင့်ပတ်သက်၍ မြန်မာ ရွှေ့ပြောင်းအလုပ်သမား ၂ ဦးကို ထိုင်း ရဲက လူသတ်တရားခံအဖြစ် ဖမ်းဆီးထိန်းသိမ်းထားသည်။
မြန်မာ နိုင်ငံသား မောင်ဇော်လင်းနှင့် မောင်ဝင်းဇော်ထွန်းတို့ ၂ ဦးသည် အဆိုပါ လူသတ်မှုအား ကျူးလွန်ခဲ့သည်ဟု ဝန်ခံခဲ့ ၍ ထိုင်းရဲက ဖမ်းဆီးခဲ့ခြင်းဟု ထုတ်ပြန်သည့်အပေါ် ဗြိတိန်အပါအဝင် ထိုင်း-မြန်မာ လူမှု အသိုင်းအဝိုင်းများကလည်း လက် ခံ ယုံကြည်မှု မရှိပေ။
ထိုင်းရဲတပ်ဖွဲ့အနေဖြင့် မြန်မာ လူငယ် ၂ ဦးအား ညှင်းပန်းနှိပ်စက်ပြီး ထိုကဲ့သို့ ဝန်ခံ ထွက်ဆိုရန် လုပ်ဆောင်ခဲ့သည်ဟု ဗြိတိန်နိုင်ငံအပါအဝင် နိုင်ငံတကာက ဝိုင်းဝန်ဝေဖန်ပြောဆိုနေမှုများကိုလည်း ထိုင်းရဲက ငြင်းပယ်ခဲ့သည်။
အောက်တိုဘာလ ၁၄ ရက်နေ့ကလည်း ဘန်ကောက်မြို့တွင် မြန်မာသံအမတ်၊ ဗြိတိန်သံအမတ်နှင့် ထိုင်းရဲချုပ်အပါအဝင် ထိုင်းနိုင်ငံခြားရေးဌာန မှတာဝန်ရှိသူတချို့ပါဝင်သော ၃ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးမှုတွင်လည်း လိပ်ကျွန်း လူသတ်မှု တရား ခွင်အား မြန်မာ-ဗြိတိန် လေ့လာစောင့် ကြည့်ရေး အဖွဲ့များအား ထိုင်းဘက်က မူအရ ခွင့်ပြုခဲ့သည်။
ဗြိတိန် လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ဟူဂို ဆွိုင်းကလည်း လန်ဒန်ရှိ ထိုင်းသံရုံးတာဝန်ရှိသူထံ သတိထောက် စာ ပေးပို့ခဲ့ပြီး အဆိုပါ သတိထောက်စာတွင် လိပ်ကျွန်း လူသတ်မှု ထိုင်းအာဏာပိုင်များ၏ စုံစမ်းစစ်ဆေးမှုအပေါ် အမှန်တ ကယ် စိုးရိမ်မှုရှိနေပြီး အဆိုပါစုံစမ်းစစ်ဆေးမှုအတွက် ဗြိတိန်ရဲတပ်ဖွဲ့က ပူးပေါင်းကူညီရန် အဆင်သင့်ရှိသည်ဟု ကမ်းလှမ်း ခဲ့သည်။
ထိုစဉ်ကမူ ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် က ဗြိတိန်၏ ကမ်းလှမ်းမှုကို ပယ်ချခဲ့သည်။
ဗြိတိန်နိုင်ငံသားများအပါအဝင် မြန်မာ တက်ကြွလှုပ်ရှားသူများကလည်း လိပ်ကျွန်း လူသတ်မှု ထိုင်းရဲတပ်ဖွဲ့ ကိုင်တွယ်လုပ် ဆောင်နေမှုအား ဗြိတိန်နိုင်ငံမှလည်း လွတ်လပ်စွာ စုံစမ်းစစ်ဆေးရန် Change.org နှင့် အွန်လိုင်းမှ လှုံ့ဆော်ခဲ့သည်။
ထို့နောက် ဗြိတိန်အား လိပ်ကျွန်းလူသတ်မှု စုံစမ်းစစ်ဆေးပေးရန် လက်မှတ်ပေါင်း ၁ သိန်းနှင့် တောင်းဆိုထားသည့် စာကို ယမန်နေ့က အမှတ် ၁ဝ ဒေါင်းနင်းလမ်းရှိ ဗြိတိန် ဝန်ကြီးချုပ်ထံပေးအပ်ခဲ့ကြောင်းလည်း သိရသည်။