ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ်တွင် အောက်တိုဘာ ၁၈ ရက်က ဖြစ်ပွားခဲ့သော လူငယ်များ၏ ခိုက်ရန်ဖြစ်ပွားမှုမှ တဆင့် ဘာသာရေး၊ လူမျိုးရေးကို အခြေခံသည့် အဓိကရုဏ်းများ မဖြစ်ပွားစေရန် အဓိကရုဏ်း နှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင် ၁၈၀ ခန့် ဖြင့် လုံခြုံရေးတင်းကျပ်မှု ပြုလုပ်ထားကြောင်း သိရသည်။
“ရန်ပွဲဖြစ်တဲ့ သတင်းရပြီး ညတွင်းချင်း ည ၁၂ နာရီလောက်မှာ ရဲအကူ တပ်ဖွဲ့ခွဲနဲ့ တိုင်းရုံးက အသင့် အင်အားတွေ ကျောင်းကုန်းမှာ လုံခြုံရေး ချခဲ့ပါတယ်။ အင်အား ၁၃၀ ချ လိုက်တာပေါ့။ မနက် ၅ နာရီခွဲ ကျတော့ မအူပင်ကနေ အင်အား ၅၀ ရောက်လာတယ်။ ရဲ အားလုံးပေါင်း ၁၈၀ ပေါ့”ဟု တိုင်း ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူး အောင်နိုင်မိုးက ဧရာဝတီကို ပြောသည်။
အဓိကရုဏ်း နှိမ်နင်းရေး တပ်ဖွဲ့ဝင်များတွင် သစ်သားဒိုင်းများ၊ ရာဘာကျည်ဆန်ဖြင့် ပစ်ခတ်သည့် သေနတ်များ ကိုင်ဆောင်ထားပြီး အဓိကရုဏ်းများ ဖြစ်ပွားလာခဲ့ပါက ထိန်းသိမ်းနိုင်ရန် အသင့်ပြင်ဆင်ထားကြောင်းလည်း ဧရာဝတီတိုင်း ရဲတပ်ဖွဲ့က ပြောသည်။
ဖြစ်စဉ်မှာ ယခုလ ၁၈ ရက် ည ၁၀ နာရီ ဝန်းကျင်တွင် ကျောင်းကုန်းမြို့ခံ စိုးကိုကိုနှင့် ဖိုးချို (ခေါ်) ကျော်ဇေယျာဖြိုး တို့က တဖက်၊ ရာဇာကို (ခေါ်) ဟာနစ်က တဖက် ခိုက်ရန်ဖြစ်ပွားခဲ့ရာ ယင်းရန်ပွဲကို အကြောင်းပြုပြီး အဓိကရုဏ်းများ ဖြစ်ပေါ်လာမည်ကို စိုးရိမ် သည့် အတွက် လုံခြုံရေး တင်းကျပ်ထားခြင်း ဖြစ်ကြောင်း ဧရာဝတီတိုင်း ရဲတပ်ဖွဲ့မှူးရုံးက ပြောသည်။
ရာဇာကို (ခေါ်) ဟာနစ်၏ ညီမဖြစ်သူအား စိုးကိုကို ဆိုသူက ဖုန်းဆက်ရာတွင် ရာဇာကိုက ဖုန်းလက်ခံ စကားပြောရာမှ စကားများခဲ့ကြောင်း၊ ယင်းနောက် ကျောင်းကုန်းမြို့ ဗန္ဓုလလမ်းပေါ်တွင် ရန်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ရန်ပွဲကြောင့် စိုးကိုကိုနှင့် ဖိုးချိုတို့တွင် ရင် ဘတ်၊ လက်မောင်းနှင့် လည်ပင်းတို့၌ ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ရာဇာကိုတွင် ဦးခေါင်းကွဲ၍ တချက်ချုပ်ရသည့် ဒဏ်ရာများ ရရှိခဲ့ ကြောင်း၊ ဆေးရုံသို့ ပို့ဆောင်၍ ကုသစေခဲ့ကြောင်းလည်း ရဲတပ်ဖွဲ့က ပြောဆိုသည်။
“အဲဒီညက ရန်ပွဲ ဖြစ်ပြီးတော့ မြို့မိမြို့ဖတွေနဲ့ ဆရာတော်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေ ဝိုင်းဝန်း ထိန်းသိမ်းကြတော့ အခြေအနေက တအားကြီး ရုတ်ရုတ်သဲသဲ မဖြစ်သွားဘူး။ မြို့အခြေအနေက တည်တည်ငြိမ်ငြိမ်ပါပဲ။ ရဲတွေလည်း လုံခြုံရေးကား ၃ စီးနဲ့ ညတိုင်း ကင်းလှည့်တာ တွေ့တယ်။ နေ့ဘက်မှာတော့ လမ်းဘေးဝဲယာမှာ လုံခြုံရေး ယူထားကြတယ်”ဟု ကျောင်းကုန်းမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မြို့နယ်ကော်မတီဝင် ဦးစောလွင်က ပြောသည်။
ရာဇာကို (ခေါ်) ဟာနစ်အား ပြစ်မှုနံပါတ် ၉၂/၂၀၁၄၊ ပုဒ်မ ၃၂၆ (အပြင်းအထန်နာကျင်စေမှု) ဖြင့် ကျောင်းကုန်း စခန်း၌ အမှုဖွင့် အရေးယူထားကြောင်း၊ အမှုကို ပုသိမ်မြို့နယ် တရားရုံး၌ ရုံးတင် စစ်ဆေးရန် စီစဉ်ထားကြောင်း သိရသည်။
၂၀၁၃ ခုနှစ် နိုဝင်ဘာလ ပထမပတ် အတွင်းကလည်း ကျောင်းကုန်းမြို့မှ အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ် တဦးကို သားမယား အဖြစ် ပြုကျင့်ခဲ့မှုအား အကြောင်းပြုပြီး အဓိကရုဏ်းများ ဖြစ်ပွားခဲ့သေးသည်။
အဓိကရုဏ်းအတွင်း လူစုလူဝေးဖြင့် ဖျက်ဆီးမှုကြောင့် မွတ်စလင် နေအိမ် ၂ လုံး၊ နွားတင်းကုပ် ၂ ခုနှင့် အစ္စလမ် သချုႋင်းမှ အစောင့်တဲ ၁ လုံး ပျက်စီးဆုံးရှုံးမှု ရှိခဲ့သည်။