သမ္မတဦးသိန်းစိန်က အာဏာရယူပြီး သိပ်မကြာခင် မြန်မာ့ဒီ မိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံလို့ “မတူတာတွေ ဘေးဖယ်ပြီး တူတာတွေ တွဲလုပ်မယ်” ဆိုတဲ့ စကားနဲ့ နိုင်ငံတကာအသိုင်းဝိုင်းရဲ့ ပြုပြင်ပြောင်းလဲရေးသမား အဖြစ် အသိအမှတ်ပြုမှုကို ရယူခဲ့ပေမယ့် အခုအချိန်မှာတော့ ဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်ကို ဘေးဖယ်ထားပြီး ဒေါ်အောင်ဆန်းစုကြည် မပါဘဲ ပြုပြင်ပြောင်းလဲရေးကို အကောင်အထည်ဖော်နေပါတယ်။
လတ်တလော သမ္မတ ဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲမှုတွေက ရှေ့ဆက်မတိုးတော့ဘဲ ရပ်တန့်နေတာမို့ ဒေါ်အောင်ဆန်း စုကြည် မပါတဲ့ ပြုပြင်ပြောင်းလဲရေးတွေက အောင်မြင်မှု မရတော့တာ သေချာပြီလို့ ပြည်တွင်းနိုင်ငံရေးအသိုင်းအဝိုင်းက သုံးသပ်ပြောဆိုပါတယ်။
အရင်က ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန်တို့အကြားမှာ သတင်းထုတ်ပြန်မှုမရှိတဲ့ တွေ့ဆုံမှုတွေ မကြာခဏဆိုသလို ဖြစ်ပေါ်ခဲ့ပေမယ့် ၂၀၁၄ ခုနှစ်အတွင်းမှာတော့ ၂ ဖက်အကြားမှာ တွေ့ဆုံမှုတွေ လုံး၀ မရှိတော့ပါဘူး။ မြန်မာ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ရှေ့ဆက်သွားနိုင်ဖို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပါဝင် ဖို့ လိုပြီး သူပါဝင်မှလည်း မြန်မာ့ အပြောင်းအလဲဟာ မြန်မြန်ဆန်ဆန် ရှေ့ဆက်နိုင် မှာ ဖြစ်တယ်လို့ မြန်မာပြည် နိုင်ငံရေး ကို ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်နေသူတွေက သုံးသပ်ပြောဆို နေကြပါတယ်။
သမ္မတဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲဝင်ရောက်သွားပြီးတဲ့နောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်သွယ်ရေးလမ်းကြောင်း တဖြည်းဖြည်း ပြတ်တောက်သွားခဲ့ပါတယ်။ သမ္မတဦးသိန်းစိန်က “သန့်ရှင်းသော အစိုးရ ၊ ကောင်းမွန်သော အုပ်ချုပ်ရေး” ၊ “ငြိမ်းချမ်းရေးနဲ့ အပစ်အခတ်ရပ်စဲရေး” ၊ “ဒီမိုကရေစီ နိုင်ငံအဖြစ် အသွင်ပြောင်းနိုင်ရေး” စတဲ့ ပြုပြင်ပြောင်း လဲရေး စကားလုံးတွေ တွင်တွင်ကျယ်ကျယ်ပြောဆိုပြီး သူတတ်စွမ်းသမျှ ဆောင်ရွက်ပေမယ့် အတိုက် အခံတွေမပါတဲ့ ပြုပြင်ပြောင်းလဲရေးက ဦးတည်ရာမဲ့ သွားလာနေတဲ့ ကားတစီးလိုပဲ လိုရာခရီးမရောက်ဘဲ ဖြစ်နေပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးခဲ့တာ၊ လက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ လမ်းဖွင့်ပေးခဲ့တာ၊ စီးပွားရေး တံခါးဖွင့်ခဲ့တာ စတဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေက နိုင်ငံတကာ အသိအမှတ်ပြု လတ်တလော ပြုပြင်ပြောင်းလဲရေးရဲ့ နောက်ဆုံးအဆင့်ဖြစ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ တရားဥပဒေ စိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေးတို့မှာ ရှေ့ဆက်မတိုးနိုင်တော့ဘဲ ရပ်တန့်နေပါပြီ။ ပြုပြင်ပြောင်းလဲရေး နောက်ဆုံးအဆင့်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ အကောင်အထည်ဖော်ချင်တဲ့ ရည်မှန်းချက်မူဝါဒတွေလည်းဖြစ်နေပါတယ်။
ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လုပ်ချင်ပါတယ်ဆိုတဲ့ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့အကြား ရည်မှန်းချက် ချင်းတူပေမယ့် လုပ်ပုံလုပ်နည်းနဲ့ ယူဆပုံချင်း မတူညီတာနဲ့ ဦးသိန်းစိန်အနေနဲ့ ငဲ့ကွက်ရမယ့် သူတွေရှိတာကြောင့် ပြုပြင်ပြောင်းလဲရေး ရှေ့မဆက်နိုင်တော့တာလို့ နိုင်ငံရေးအသိုင်းအဝိုင်းက သုံးသပ်ပါတယ်။
လက်ရှိအခြေအနေမှာ အမေရိကန် ၊ ဥရောပ သမဂ္ဂအပါအဝင် နိုင်ငံတကာက ဦးသိန်းစိန်ကို ပြုပြင်ပြောင်းလဲရေးသမား အဖြစ် ဆက်လက် အသိအမှတ်ပြုထားပြီး သမ္မတဦးသိန်းစိန်အစိုးရနဲ့ အလုပ်အတူ တွဲလုပ်ချင်နေကြပါတယ်။ အရင်က မြန်မာနိုင်ငံလာရင်၊ မြန်မာ့အကြောင်းပြောရင် ဒေါ်အောင်ဆန်းစုကြည်ကို ချန်လှပ်ထားလို့ မရတဲ့အထိ အရေးပါခဲ့ပေမယ့် အခုတော့ အမေရိကန်၊ ဥရောပသမဂ္ဂနဲ့ နိုင်ငံတကာက ဦးသိန်းစိန်အစိုးရတိုက်ရိုက် အလုပ်လုပ်နေကြပြီး ဒေါ်အောင်ဆန်း စုကြည် ကို ပြယုဂ်တခုအဖြစ်သာ သဘောထားမယ့် အခြေအနေမျိုးအထိဖြစ်လာပါတယ်။
ပြည်တွင်းနိုင်ငံရေးအသိုင်းအဝိုင်းနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေကတော့ သမ္မတဦးသိန်းစိန်အစိုးရနဲ့ နိုင်ငံတကာ အသိုင်း အဝိုင်း အနေနဲ့ ကြီးမားတဲ့ လူထုထောက်ခံမှု ရှိနေတာမို့ မြန်မာ့နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည်ကို ချန်လှပ် ထားလို့ မရဘူး ဆိုတာ သိထားဖို့ လိုမယ် ပြောဆိုပါတယ်။
“မြန်မာ့နိုင်ငံရေးမှာ ဒီနေ့ ကြိုက်တဲ့သူကို ချန်ထားခဲ့ ၊ ဒေါ်အောင်ဆန်းစုကြည်ကို ချန်ထားခဲ့လို့ မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူ့မှာ လူထုထောက်ခံမှု ရှိတာကိုး။ လက်ခုပ်သံများတဲ့ ပုဂ္ဂိုလ် ။ လက်ခုပ်သံများတဲ့ အခါကျတော့ သူလည်းပါမယ်။ သူကိုယ်တိုင် ရှေ့က မားမားမတ်တတ် ရပ်ပြီး သွားတဲ့ အခါကျတော့ သူ့အတွက် လက်ခုပ်သံက အားလုံးအတွက် လက်ခုပ်သံံ ဖြစ်လာ လိမ့်မယ် ” လို့ ရှမ်းတိုင်းရင်းသား ခေါင်းဆောင် တဦးဖြစ်တဲ့ ဦးစိုင်းညွှန့်လွင်က ပြောပါတယ်။
မြန်မာ့နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည် မပါရင် မပြီးတဲ့ အခြေအနေရှိပေမယ့် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လည်း တကယ် အလုပ်လုပ်ဖို့လိုမယ်လို့ ဆိုပါတယ်။ လက်ရှိအခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လွှတ်တော်မှာ သွား ထိုင် ပြီး တိုင်းရင်းသားအရေး၊ ငြိမ်းချမ်းရေးနဲ့ ပြည်သူလူထုတိုက်ရိုက်တွေ့ကြုံခံစားနေရတဲ့ အခက်အခဲ၊ အကျပ် အတည်း တွေကို မေ့လျော့ နေတဲ့ပုံစံရှိနေတယ်လို့ တိုင်းရင်းသားတွေဘက်က ဆိုပါတယ်။
အဲဒီလို လျစ်လျူရှုမှုတွေကြောင့်ပဲ တိုင်းရင်းသားတွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ အရင်က တော်တော်လေး ယုံကြည်မှု ရှိခဲ့ကြပေမယ့် ကချင် စစ်ပွဲ ၊ ရခိုင်အရေးနဲ့ လက်ပံတောင်းတောင် ကိစ္စတွေ ကိုင်တွယ်ရာမှာတော့ တိုင်းရင်း သား တွေရဲ့ ထောက်ခံမှု တချို့ ကျဆင်းခဲ့ရတယ်လို့ ဦးစိုင်းညွှန့်လွင် က သုံးသပ်ပါတယ်။ ဒါပေမယ့်လည်း တိုင်းရင်းသား တွေဘက်က ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ ယုံကြည်မှုနဲ့ မျှော်လင့်ချက်ကြီးမားနေဆဲဖြစ်တယ်လို့ တိုင်းရင်းသား တွေက ဆိုပါတယ်။
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုမြအေးကလည်း ဒေါ်အောင်ဆန်းစုကြည်မပါတဲ့ မြန်မာ့ပြုပြင်ပြောင်းလဲရေး မအောင်မြင်နိုင်ဘူးဆိုတာကို သဘောတူညီပါတယ်။
မြန်မာ့နိုင်ငံရေး လေ့လာသူ ဒေါက်တာရန်မျိုးသိမ်းက “ဘယ်လိုပဲ ဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ အောက်ခြေ ပြည်သူလူထုရဲ့ ထောက်ခံမှုက အပြောင်းအလဲ မရှိသေးဘူး။ ၂၀၁၂ ခုနှစ် နောက်ပိုင်း ပညာတတ် အလယ်အလတ် အသိုင်းအဝိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန် သုံးသပ်တာတွေ ရှိပေမယ့် သူ့ကို မထောက်ခံရင် ဘယ်သူ့ကို ထောက်ခံရမှာလဲဆိုတဲ့ ပြဿနာမျိုး ကလည်း ရှိနေတယ်” လို့ သုံးသပ်ပါတယ်။
ရခိုင်အမျိုးသားပါတီမှ ဦးဦးလှစောက ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အပြောင်းအလဲတွေ ရှေ့ဆက်နိုင်ဖို့ လွှတ်တော်တွင်း သာမက လွှတ်တော်ပြင်ပမှာပါ အလုပ်လုပ်ဖို့ လိုတယ်လို့ ပြောဆိုပါတယ်။
“သူပါလာရင် အပြောင်းအလဲတွေ ပိုမြန်လာလိမ့်မယ်။ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်တယ် မဖြစ်ဘူးဆိုတဲ့ ကိစ္စက တပိုင်း ၊ နိုင်ငံရေး သမား အတိုက်အခံ ဒီမိုကရက်တစ် ဖိုက်တာ တယောက်ဟာ ကျလာတဲ့ တာဝန်ကိုတော့ ရွ့ပ်ရွ့ပ်ချွံချွံ
လုပ်ရမှာပဲ။ လွှတ်တော်တွင်း လွှတ်တော်ပြင်ပ ကျလာတဲ့ တာဝန်ကို လုပ်ရမှာပဲ။ ဒါမှ တပ်မှူးကောင်း ပီသမှာပေါ့ ” လို့ ဦးဦးလှစောက ဆိုပါတယ်။
လက်ရှိမှာ မြန်မာ့ဒီမိုကရေစီအပြောင်းအလဲက ရှေ့ဆက်မတိုးနိုင်တော့တာက နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှု ပျောက် ဆုံး မှုရဲ့ရလဒ်ပါပဲ။ ဒေါ်အောင်ဆန်းစုကြည်က သမ္မတဦးသိန်းစိန်၊ ကာချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းတို့နဲ့ ၄ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးဖို့ တောင်းဆိုထားပါတယ်။ ၄ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေး ရေး မဖြစ်ပေါ်မီ သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့အကြား ၂ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမှု တွေ ပြန်လည် စတင် နိုင်ရင်ကို ရှေ့ဆက်မတိုးနိုင်တော့တဲ့ မြန်မာ့ပြုပြင်ပြောင်းလဲရေးအတွက် အဖြေတခု ရနိုင်မယ်လို့ နိုင်ငံရေး အသိုင်း အဝိုင်း က သုံးသပ်ပြောဆိုပါတယ်။