ကချင်ပြည်နယ် ဖားကန့်ဒေသ အနီးရှိ အစိုးရ တပ်မ ၆၆ လက်အောက်ခံ နယ်မြေ ကံစီးကျေးရွာတွင် အောက်တိုဘာ ၁၈ ရက် ညနေပိုင်းက မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ဒေသခံ ၃ ဦး ဒဏ်ရာပြင်းထန်စွာ ရရှိသွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ကံစီးကျေးရွာ အနီးရှိ ဥရုချောင်း အနောက်ဘက်ခြမ်း တောထဲတွင် သီးနှံများ သွားရောက် ရှာဖွေပြီး ပြန်လာသည့် ဒေသခံ ကျေးရွာသား ၃ ဦးသည် အစိုးရ တပ်မ ၆၆ ထောင်ထားသည့် မြေမြှုပ်မိုင်း နင်းမိပြီး ဒဏ်ရာပြင်းထန်စွာရသွားကြောင်း ဖားကန့်အပိုင် လုံခင်း ရဲတပ်ဖွဲ့မှ တာဝန်ကျနေသည့် ရဲတပ်ကြပ် တဦးက ဧရာဝတီကို ပြောသည်။
“သူတို့တွေက မိသားစု ၃ ယောက်ပါ။ အခြေအနေ မစိုးရိမ်ရဘူး။ မိုင်းက တပ်မ ၆၆ လက်အောက်တပ်က ထောင်ထားတဲ့ မိုင်း ဖြစ်နိုင် ပါတယ်။ အရင်က ပြန်မဖော်နိုင်တဲ့ မိုင်းတွေပေါ့။ မိုင်း အမျိုးအစားကို စစ်ဆေးနေတုန်းပါပဲ”ဟု အဆိုပါ ရဲတပ်ကြပ်က ပြောဆို သည်။
ဒဏ်ရာရသူများကို ဖားကန့် ဆေးရုံသို့ ပို့ထားကြောင်း၊ လက်ရှိ အခြေအနေတွင် မိဘနှစ်ပါး ထိခိုက်မှုမှာ စိုးရိမ်မှု မရှိသော်လည်း ၈ နှစ်အရွယ် ကလေး အခြေအနေမှာ စိုးရိမ်နေရသည်ဟု လုံးခင်းဒေသခံ သင်းအုပ်ဆရာ ဇော်မိုင်းက ဧရာဝတီကို ပြောသည်။
ယခုရက်ပိုင်း တပ်အင်အား တိုးချဲ့မှုကို ရပ်ဆိုင်းထားသော်လည်း တိုက်ပွဲများ အချိန်မရွေး ပြန်လည်ဖြစ်ပွားနိုင်၍ ဒေသခံများက စိုးရိမ်နေကြောင်းလည်း ၎င်းက ဆက်ပြောသည်။
“ဒဏ်ရာရတဲ့ မိသားစုကို မြန်မာ အစိုးရတပ်ဘက်က ကူညီ ထောက်ပံ့မှုတွေ လုပ်ပေးပါတယ်။ ရွာသားတွေက အခုဆိုရင် အထုပ် အပိုးတွေ အဆင်သင့် ထုပ်ပိုးထားကြတယ်။ တိုက်ပွဲက နေ့လား ညလား ဖြစ်မှာကို စိုးရိမ်ပြီး စီးပွားရေး ကောင်းကောင်း မလုပ်နိုင်ကြဘူး။ ကောင်းကောင်းလည်း မအိပ်နိုင်ကြဘူး။ ဒေသကနေ ထွက်ပြေးဖို့လည်း တပ်က ခွင့်မပြုဘူး”ဟု ဆရာဇော်မိုင်းက ပြောဆို သည်။
အစိုးရ တပ်မ ၆၆ က ဖားကန့် ဒေသရှိ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တပ်ရင်း ၆ ၏ တပ်စခန်းများ ဆုတ်ခွာပေးရန် အောက်တိုဘာ ၁၄ ရက်က နှုတ်မိန့်ဖြင့် ပြောကြားထားကြောင်း သိရသည်။
ဖားကန့်တွင် စစ်ရေး တင်းမာလာခြင်းမှာ ယင်းဒေသရှိ ကျောက်စိမ်း တူးဖော်ရေး လုပ်ငန်းများကို စက်တင်ဘာ ၁ ရက်က စတင်၍ ပြန်လည်လုပ်ကိုင်ခွင့် ပြုပြီးသည့် နောက်ပိုင်း နှစ်ဘက် အခွန်ကောက်ခံမှုမှ စတင်ကာ ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ကံစီးဒေသတွင် ကျောက်စိမ်းအပြင် ရွှေလည်း ထွက်ရှိကြောင်း သိရသည်။