မြန်မာနိုင်ငံတွင် လျှင်မြန်စွာ ဖွံ့ဖြိုးလာနေသည့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကို အရှိန်မြှင့်ရန်နှင့် နိုင်ငံခြား ဧည့်သည် များကို ပိုမိုဆွဲဆောင်နိုင်ရန် အားထုတ်မှု တခုအနေဖြင့် ၂၀၁၆ ခုနှစ်ကို “မြန်မာ့ ခရီးသွားနှစ်” အဖြစ် ပြုလုပ်ရန် စီစဉ် နေကြောင်း အစိုးရက ထုတ်ပြန်ကြေညာသည်။
“မြန်မာနိုင်ငံက ၂၀၁၆ ခုနှစ်မှာ မြန်မာ့ခရီး သွားနှစ်ကို ဆင်နွဲဖို့ မျှော်လင့်ထားပါတယ်” ဟု ဟိုတယ်နှင့် ခရီးသွား လုပ်ငန်း ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးတင်ရွှေက ပြည်သူ့ လွှတ်တော်ကိုယ်စား လှယ်များအား အောက်တိုဘာလ ၁ ရက်နေ့တွင် ပြော ကြားခဲ့ကြောင်း လွှတ်တော် ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည့် ဆွေးနွေးမှု မှတ်တမ်းများအရ သိရသည်။
ကမ္ဘာလှည့် ခရီးသွားများ အတွက်နေရာထိုင်ခင်း ပြင်ဆင်မှုများကို တိုးချဲ့ဆောင်ရွက်ခဲ့ပြီး မကြာမီ နိုင်ငံခြားသား ဧည့်သည်များ အတွက် လုံလောက် သင့်တော်သည့် နေရာထိုင်ခင်းများ ရရှိလိမ့်မည်ဟု ဦးတင်ရွှေက ပြောသည်။
“အခုဆိုရင် မြန်မာနိုင်ငံမှာ ဟိုတယ် ၁၁၀ဝ ဝန်းကျင် ရှိနေပြီးတော့ ရန်ကုန် မှာ ဟိုတယ် ၂၆၇ လုံးနဲ့ အခန်း ၁၂၀ဝ၀ ကျော်ရှိ ပါတယ်။ ဒါကြောင့် ၂၀၁၆ မှာ မြန်မာ့ခရီးသွားနှစ် အဖြစ် အကောင်အထည်ဖော်ဖို့ အခက်အခဲ မရှိ ပါဘူး” ဟု သူက ဆိုသည်။
ပြည်သူ့ လွှတ်တော်တွင် စစ်တပ်ကိုယ်စားလှယ် ဗိုလ်မှူး အောင်ကျော်နှင်းက ခရီးသွားလုပ်ငန်းကဏ္ဍ တိုးတက် လာနေသည်ကို ပိုမိုအားကောင်းစေရန် အစိုးရက မည်သို့ ပြုလုပ်နေသည်ကို သိလိုကြောင်း နှင့် ဈေးကွက်မြှင့်တင်ရေး နှစ် တခု ပြုလုပ်ရန် အစီအစဉ် ရှိမရှိ မေးမြန်းသည်ကို ဖြေကြားစဉ် ဒုတိယ ဝန်ကြီးက အဆိုပါ အစီအစဉ်ကို ပြောကြားခဲ့ခြင်း ဖြစ်သည်။
“နိုင်ငံခြားဝင်ငွေကို တိုးမြှင့်နိုင်ဖို့ အတွက် ခရီးသွားကဏ္ဍကို လက်ရှိအခြေအနေထက် ပိုပြီး မြှင့်တင်ဖို့ လိုအပ်ပါတယ်” ဟု ဦးတင်ရွှေက ပြောသည်။
တနှစ်ကြာမည့် ခရီးသွား လုပ်ငန်း မြှင့်တင်ရေး လှုပ်ရှားမှုသည် မြန်မာ့ခရီးသွားလုပ်ငန်း မဟာစီမံကိန်း ၂၀၁၃-၂၀၂၀ (Myanmar Tourism Master Plan 2013-2020 ) နှင့်လည်း ကိုက်ညီမှု ရှိသည်ဟု ဦးတင်ရွှေက ပြောသည်။
အဆိုပါ စီမံကိန်းသည် ခရီးသွားလုပ်ငန်း ကဏ္ဍမှ အလုပ်သမားများကို လေ့ကျင့်ပေးခြင်း၊ ခရီးသွားနေရာများ တိုးချဲ့ဖော် ထုတ်ခြင်းနှင့် မြန်မာနိုင်ငံမှ ပို့ဆောင်ဆက်သွယ်ရေး ဆိုင်ရာ ပြဿနာများကို ဖြေရှင်းခြင်း စသည့် ကဏ္ဍများ ဖွံ့ဖြိုးလာရန် ဦးတည် ချက်ထား၍ နိုင်ငံတကာ အလှူရှင်များ၏ အကူအညီဖြင့် အကောင်အထည် ဖော်နေသည့် နည်းဗျူဟာတခု ဖြစ်သည်။
မြန်မာနိုင်ငံသို့ ဝင်ရောက်လာသည့် နိုင်ငံခြားသား ခရီးသည် အရေအတွက်သည် ၂၀၁၁ ခုနှစ် တွင် ၈၀ဝဝဝ၀ ရှိခဲ့ရမှ ၂၀၁၃ ခုနှစ်တွင် ၂ သန်းနီးပါးခန့် အထိ သိသိသာသာ မြင့်တက်လာခဲ့သည်ဟု ဒုတိယ ဝန်ကြီးက ပြောသည်။ ယခုနှစ် ဩဂုတ်လ အထိ မြန်မာနိုင်ငံသို့ နိုင်ငံခြားသား ခရီးသည် ၁ ဒသမ၈ သန်း ဝင်ရောက်ခဲ့ပြီး ဖြစ်သည်ဟု ဆိုသည်။ နှစ်ကုန်သည့် အခါတွင် ဧည့်သည် စုစုပေါင်း ၃ သန်း အထိဖြစ်လာမည်ဟု ယုံကြည်ကြောင်းလည်း သူက ထပ်ပြောသည်။
ခရီးသွားလုပ်ငန်း မဟာစီမံကိန်းက ၂၀၁၅ ခုနှစ်တွင် နိုင်ငံခြားသား ဧည့်သည် အရေအတွက် ၃သန်း အထိ မြှင့်တင် နိုင်ရန် ၂၀၂၀ ခုနှစ်တွင် ၇ ဒသမ ၅ သန်း အထိဖြစ်လာရန် ရည်ရွယ်ထားသည်။ စီမံကိန်း အရ ခရီးသွား လုပ်ငန်း ကဏ္ဍတွင် ဟိုတယ် နှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနက ၂၀၂၀ ခုနှစ် အထိ အမေရိကန် ဒေါ်လာ သန်း ၅၀ဝ နီးပါး သုံးစွဲသွားမည် ဖြစ်သည်။
ထို့အတွက် ဝန်ကြီးဌာနက ခရီးသွားလုပ်ငန်း ကဏ္ဍနှင့် သက်ဆိုင်သည့် ဝန်ဆောင်မှုများမှ ဝင်ငွေကို ၂၀၁၂ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၅၃၄ သန်း ရှိရာမှ ၂၀၂၀ ခုနှစ်တွင် အမေ ရိကန်ဒေါ်လာ ၁၀ ဘီလီယံ ကျော် အထိမြှင့်တင်နိုင် ရန် မျှော်လင့်ထားသည်။
ကမ္ဘာလှည့် ခရီးသည် အရေအတွက် ကလည်း ၂၀၁၂ ခုနှစ်က စပြီး မှန်မှန်တိုးတက်လာခဲ့သည်။ သို့သော်လည်း ခရီးသွား လုပ်ငန်း ကဏ္ဍဆိုင်ရာ ကျွမ်းကျင်သူများက အဆင့်မြင့် ဟိုတယ်များ၊ တည်းခိုခန်းများ နည်းပါးခြင်း၊ ခရီး သွားလာရေးနှင့် ဆက်သွယ်ရေး ကဲ့သို့သော အခြေခံ အဆောက်အဦများ အားနည်းခြင်း၊ ခရီးသည်များကို ဆိုက်ရောက် ဗီဇာ ထုတ်မပေးနိုင်ခြင်းနှင့် ပြည်တွင်း လေကြောင်းလုပ်ငန်းက ဘေးကင်း လုံခြုံမှုဆိုင်ရာ အားနည်းချက် မှတ်တမ်းများနှင့် မဖွံ့ဖြိုးသေးဘဲ ရှိနေခြင်းစသည့် ပြဿနာများကို ထောက်ပြခဲ့သည်။
မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဈေးကွက် မြှင့်တင်ရေး အဖွဲ့ ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အဖွဲ့ချုပ်၏ တွဲဖက် အတွင်းရေးမှူး ဖြစ်သူ ဦးဖြိုးဝေရာဇာက ခရီးသွားကဏ္ဍကို မြှင့်တင်သည့် ခရီးသွားနှစ် ပြုလုပ်ခြင်းသည် ခရီးသည် အရေအတွက်ကို တိုးတက်စေနိုင်သည့် နည်းဗျူဟာကောင်း တခုဖြစ်သည် ဟု ဆိုသည်။
သို့သော်လည်း အစိုးရ အနေဖြင့် ကောင်းမွန်သည့် အစီအစဉ်တရပ် ကို ချမှတ်အကောင်အထည်ဖော်သင့်ပြီး လုံလောက်သည့် ဘဏ္ဍာငွေလည်း ချမှတ် သုံးစွဲသင့်သည်ဟု သူက ထပ်ဆင့်ပြောဆိုသည်။
၁၉၉၆ ခုနှစ်တွင် ယခင် စစ်အစိုးရက မြန်မာ့ခရီးသွားနှစ် တခုကို ဦးဆောင် ပြုလုပ်ခဲ့သော်လည်း မြန်မာနိုင်ငံတွင် နိုင်ငံရေး အရ ဖိနှိပ်ကန့်သတ်မှုများ နက်ရှိုင်းစွာ ရှိနေသည့် အချိန်တွင် နိုင်ငံတကာ အသိုင်းအဝိုင်း၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် စစ်အစိုးရ၏ နိုင်ငံရေး အတိုက်အခံများက ပြင်းထန်စွာ ဝေဖန်ခြင်းနှင့် ကြုံတွေ့ခဲ့ရသည်။
နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ စတင်သည့် အချိန်အထိ ဒေါ်အောင်ဆန်းစုကြည်၏ ပါတီက နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသည်များ မြန်မာနိုင်ငံသို့ လာရောက်ခြင်းကို ဆန့်ကျင်ရန် ဆက်လက်အကြံ ပြုခဲ့သည်။
၂၀၁၆ ခုနှစ်သည် အောင်မြင်သော ဈေးကွက် မြှင့်တင်ရေး နှစ်တနှစ်အတွက် သင့်တော်သည့် အချိန်ဖြစ်သည်ဟု ဦးဖြိုးဝေရာဇာက ဆိုသည်။ ထိုအချိန်တွင် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ကဏ္ဍသည် ဧည့်သည် အမြောက်အများကို လက်ခံရန် အသင့် ဖြစ်နေလိမ့်မည် ဟု ယုံကြည်ကြောင်းလည်း သူက ထပ်ပြောသည်။
“ကျနော်တို့ အရင်က တကြိမ်လုပ်ခဲ့ပြီးပြီ။ ဒါပေမယ့် အဲဒီ အချိန်တုန်းက မျှော်လင့်ထား သလောက် မအောင်မြင် ခဲ့ဘူး။ ဒါကြောင့် အခုဟာက နှစ် ၂၀ အတွင်းမှာ ဒုတိယ အကြိမ်ဖြစ်လာ ပါလိမ့်မယ်။ အခုဆိုရင် လုံလောက်တဲ့ ဟိုတယ် အခန်းတွေ ရှိနေပြီးတော့ အဲဒါတွေက လျင်လျင်မြန်မြန် တိုးပွား လာနေပါတယ်။ မြန်မာနိုင်ငံကို ပျံသန်းတဲ့ လေကြောင်း လိုင်းတွေလည်း ပိုများလာ ပါလိမ့်မယ်။ ဒါကြောင့် ကျနော်တို့ မြန်မာ့ ခရီးသွားနှစ်ကို အခု အကောင်အထည် ဖော်မယ်ဆိုရင် ခရီးသွား လုပ်ငန်းကဏ္ဍက ပိုပြီးတိုးတက်ဖွံ့ဖြိုးလာပါမယ်” ဟု ဦးဖြိုးဝေရာဇာက ပြောသည်။ ။