ရပ်ဝေးရပ်နီး ဘုရားဖူးတို့ဖြင့် တိုး၍ မပေါက်အောင် ရှိနေသော ကျိုက်ထီးရိုး တောင်တက်ယာဉ်များ ရပ်နားရာ နေရာတဝိုက်ရှိ တောင်တက်ကားမြင့် ကြီးများပေါ်သို့ အလုအယက် အတက်အဆင်း ပြုနေကြသည့် ခရီးသည်တို့၏ ခေါ်သံအော်သံများ၊ ကားဂိတ်မှ အသံချဲ့စက် သံများဖြင့် ပွက်လော ရိုက်နေသည်။
“အမျိုးသား အထမ်းသမားတွေ အမျိုးသမီးတွေရဲ့ လိုင်းထဲမှာ မနေပါနဲ့။ အမျိုးသမီး လိုင်းထဲမှာ မနေကြပါနဲ့။ ခင်ဗျားတို့ အထမ်း သမားတွေ လူတွေ မဟုတ်ကြဘူးလား။ ပြောနေတာ မကြားဘူးလား” ဆိုသည့် အသံချဲ့စက်သံမှ အော်ဟစ်သံသည် အလုပ်သမား ကြီးကြပ်ရေးရုံးမှ ထပ်တလဲလဲ ပေါ်ထွက်နေသည်။
ကားဂိတ်မှနေ၍ ဘုရားရင်ပြင်ဆီသို့ သွားမည့် လမ်း၏ ဘေးဘီဝဲယာတွင် ခြင်းတောင်းရှည်များ ကိုင်ကာ ရပ်နေသည့် ကုန်ထမ်း အလုပ်သမားတို့သည် သူတို့ကို ငှားရမ်းမည့် ခရီးသည်များကို ရှာဖွေလျှက်ရှိသည်။ သူတို့၏ မျက်လုံးများက အထုပ်အပိုးတို့ဖြင့် ကားပေါ်မှ ဆင်းလာသည့် ဘုရားဖူးများဆီသို့။
ဒေါ်မြငွေ တယောက်ကတော့ ထိုအသံဗလံများကို ဥပေက္ခာ ပြုထားသည်။ ကားကြီးများ ရပ်နားရာ နောက်ဘက် ကွက်လပ် ကလေးတွင် ပလတ်စတစ်ဖျာ တချပ်ကို ခင်းကာ သူ့လုပ်ဖော်ကိုင်ဘက် များနှင့်အတူ ထိုင်နေသည်။ အသက် ၃ နှစ်ဝန်းကျင် အရွယ် မြေးကလေး ၂ ယောက်က သူ့ပေါင်တဘက် တချက်တွင် ထိုင်နေ၏။
မျက်နှာချင်းဆိုင်တွင် သူ့ကိုကျောပေးထားသည့် သေးသေးညှက်ညှက် အမယ်အိုတဦးက “ဆင်းရဲလွန်းလို့သာ ဒီအလုပ်ကို လုပ်နေတာ။ အထမ်းသမား ဘဝက ခွေးလောက်တောင် မကောင်းဘူး။ ဟိုလူ့ကြောက်ရ၊ ဒီလူ့ ကြောက်ရနဲ့” ဟု တကိုယ်တည်း ရေရွတ်နေသည်။ နာကျည်းသံ၊ ကြေကွဲသံ၊ မကျေနပ်သံတို့ဖြင့် ရောစွက်နေသော သူ့စကားလုံး များက သူ့ဘဝ အတွေ့အကြုံ ထဲက ထွက်လာကြောင်း ပေါ်လွင်နေသည်။ သူရေရွတ်နေသည်ကိုလည်း တခြားသူများ ကြားစေလိုဟန် ရှိသည်။
သူတို့နှင့် မလှမ်းမကမ်းတွင် စောင်တထည်ဖြင့် ပုခက်ဆင်နေသော သားသည်မအေ အထမ်းသမ တယောက်ကို ယာဉ်နောက်လိုက် ဖြစ်ပုံရသော လူတယောက်က နေရာဖယ်ပေးရန် ငေါက်ငမ်းနေသည်။ စောင်ပုခက်ထဲက လသားအရွယ် ကလေးငယ်လေးကတော့ အိပ်ပျော်နေလေပြီ။ အလုပ်သမားများ နားနေနိုင်ရန် ဆောက်လုပ်ထားသော်လည်း ကြီးကြပ်ရေး အဖွဲ့၏ ရုံးခန်းဖြစ်နေသည့် တဲသာသာ အဆောက်အဦထဲမှ ထွက်ပေါ်သော အသံချဲ့စက်သံသည် သူ့ကို အနှောင့်အယှက် မပြုသလိုပင် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျ လျှက်ရှိသည်။
သနပ်ခါး ပါးကွက်ကျားကို ဖွေးနေအောင် လိမ်းထားသည့် ဒေါ်မြငွေသည် သူ့မြေးနှစ်ယောက်နှင့် အေးအေးလူလူပင် ထိုင်၍နေသည်။ သူ့ဘေးတွင် သူ့မြေးအရွယ်ထက် ပို၍ ကြီးသော ခြင်းတောင်းကြီး တလုံးကို ချထားသည်။
ကျိုက်ထီးရိုး တောင်ပေါ်တွင် ကုန်ပစ္စည်းများကို ထမ်းသော အထမ်းသမားများ၊ လူထမ်းစင်ကို ထမ်းသော အထမ်းသမား များ စုစုပေါင်း ၉၀၀ ကျော်အနက် ဒေါ်မြငွေသည်လည်း အမျိုးသမီး အထမ်းသမတဦး ဖြစ်သည်။
ကျိုက်ထီးရိုး တောင်တက် ကုန်တင်ကုန်ချ အလုပ်သမားများကို ကိုယ်စားပြုသည့် အပြာရင့်ရောင် ရှပ်အကျႌႌႋႌကို သူ ဝတ်ဆင်ထားသည်။ အကျႌႌႋႌအိတ် အထက်နား၌ ကပ်ထားသည့် အနီရောင် အမှတ်တံဆိပ်တွင် သူ၏ အလုပ်သမား နံပါတ်ကို ရေးထားသည်။ ဘုရားဖူး ခရီးသွားများ၏ ခရီးဆောင်အိတ်များကို သယ်ပိုးဝန်ဆောင် ပေးနိုင်ရန် သူ၏ အလှည့်မကျ နိုင်သေး။
ကျိုက်ထီးရိုး တောင်ပေါ်တွင် အထမ်းသယ်ပေါင်း ၉၀၀ ကျော်ရှိသည့်အနက် ဒေါ်မြငွေ အပါအဝင် အမျိုးသမီး အထမ်းသမ ၄၀၀ ဝန်းကျင် ရှိသည်။ အလုပ်သမား သမဂ္ဂ ၂ ခုရှိသည်။ ထို အလုပ်သမား သမဂ္ဂများသည် အလုပ်သမား ဝန်ကြီးဌာန၏ တရားဝင် ခွင့်ပြုချက်ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သော်လည်း ကျိုက်ထို မြို့နယ် အုပ်ချုပ်ရေးဌာနက အသိအမှတ် မပြုဘဲ၊ အလုပ်သမားများနှင့် သက်ဆိုင်သော အရေးကိစ္စများကို အုပ်ချုပ်ရေး အဖွဲ့၏ တာဝန်ပေးထားသူများကသာ ဦးဆောင် လုပ်ကိုင်လျှက် ရှိကြောင်း အလုပ်သမား သမဂ္ဂတခုမှ တာဝန်ရှိသူ တဦးက ရင်ဖွင့်သည်။
အထမ်းသမား တယောက်သည် ဘုရားဖူးရာသီ ၇ လအတွင်း ကုန်တင်ကုန်ချ အလုပ်လုပ်ခွင့် ရရန်အတွက် အလုပ်သမား ကတ်ပြားကို ၇၅၀၀ ကျပ် ပေးရသည်။ ကျိုက်ထီးရိုးတောင်ပေါ်တွင် ကုန်ထမ်းနှင့် လူထမ်း စသဖြင့် အလုပ်သမားများရှိရာ တနှစ်ပတ်လုံး ပေးဆောင် ရသည့်ငွေ ၇၅၀၀ အပြင်၊ အထမ်းတကြိမ် ထမ်းခွင့်ရတိုင်း ဂိတ်ကြေးပေးသွင်းရသည့် ပမာဏမှာလည်း ကွဲပြားမှုရှိသေးသည်။
လူထမ်း တထမ်းလျှင် အတက်အဆင်း ၁၆၀၀၀ ကျပ်နှုန်း သတ်မှတ်ထားရာ၊ ဂိတ်ကြေးအဖြစ် ၇ ရာခိုင်နှုန်း (၁၃၀၀ ကျပ်) ပေးဆောင် ရကြောင်း၊ ကုန်တထမ်းလျှင် ၄၅၀၀ ကျပ်နှုန်း သတ်မှတ်ထားပြီး ဂိတ်ကြေးအဖြစ် ၂၀၀ ကျပ် ထပ်မံပေးဆောင် ရကြောင်း အထမ်းသမားများ ထံမှ သိရသည်။
အလုပ်သမားများကို ခေါင်းဆောင်မည့်သူသည် အထမ်းသမားလုပ်သက် ၆ လ အနည်းဆုံး ရှိဖူးရမည်ဟု အလုပ်သမား ဝန်ကြီးဌာနက သတ်မှတ် ပေးထားသော်လည်း လက်တွေ့တွင် ထိုသို့မဟုတ်။
တနှစ်လျှင် အလုပ်သမားပေါင်း ၉၀၀ ဝန်းကျင်ထံမှ ကျပ်သိန်း ၆၀ ကျော် ရရှိ သော်လည်း ငွေစာရင်း ရှင်းတမ်းများကို အလုပ်သမား များထံ ချပြခြင်းမရှိသည့်အတွက် ဆန္ဒပြမှုများပင် ဖြစ်ခဲ့ဖူးသည်။ ဒေါ်မြငွေကတော့ ထိုကိစ္စရပ်များကို စိတ်ဝင်စားပုံမရ။ နားရက်တွင် သူနားပြီးပြီဖြစ်ရာ၊ ကုန်ထမ်းခွင့်ရသည့် ရက်တွင်လည်း သူ့အလှည့်မြန်မြန် ကျချင်နေသည်။
အထမ်းသမားများ အလုပ်လုပ်ရသည့် ပုံစံမှာ တရက်နား၊ တရက်ထမ်း ဖြစ်သည်။ ထမ်းရသည့်နေ့တွင် မိမိ အလှည့်ကျရန် စောင့်ဆိုင်းရသည်။ အလှည့်ကျ၍ တကြိမ် ထမ်းပြီးလျှင် သူ့တနေ့တာ ထမ်းပိုးခွင့် ကုန်ပြီဖြစ်သည်။
“ဒီနေ့ ကိုယ့်အလှည့်က ဘယ်တော့ ကျမယ်ဆိုတာ မသိဘူး။ တရက်ကို တကြိမ်ပဲ ထမ်းရတာ။ ဒါတောင် နေ့တိုင်း မထမ်းရဘူး။ တခါတလေကျရင် ကိုယ့်အလှည့် မကျလိုက်ဘဲ ၅ ရက်လောက် ကြာသွားတယ်။ လူသစ်တွေက အရမ်းများလာတယ်” ဟု ဒေါ်မြငွေက ဆိုသည်။
ကုန်ထမ်းရန် အလှည့်ကျသည့် နေ့များတွင် မနက် ၅ နာရီ အိပ်ရာက ထသည်။ မနက် ၆ နာရီဆိုလျှင် ဒေါ်မြငွေတို့ အထမ်းသမား များသည် ကျိုက်ထီးရိုး တောင်ပေါ်သို့ ရောက်နေပြီ။ မိမိရှေ့တွင် တန်းစီစောင့်ဆိုင်းနေသည့် စီနီယာ များလွန်း၍ မိမိအလှည့်မကျလျှင် ကျန်မိသားစုဝင်များ၏ ဝင်ငွေဖြင့် မိသားစု အသုံးစရိတ်ကို ဖြေရှင်းကြရသည်။
ပဲခူးတိုင်း၊ ကျောက်တံခါးမြို့ ဇာတိဖြစ်သည့် ဒေါ်မြငွေတို့ မိသားစုသည် ကျိုက်ထီးရိုးတောင်သို့ လွန်ခဲ့သည့် ၁၀ နှစ်ကျော်က ဘုရားဖူး အလည်ခရီး ရောက်လာခဲ့သည်။ ကျိုက်ထီးရိုး တောင်ပေါ်မှ ကုန်ထမ်း အလုပ်သမားတဦး ဖြစ်သည့် မောင်ဖြစ်သူ ထံ၌ ခေတ္တ တည်းခိုနေစဉ် မမျှော်လင့်ဘဲ ခင်ပွန်းဖြစ်သူ ဆုံးပါးသွားခဲ့ရာ ဒေါ်မြငွေတယောက် လူမမယ် ကလေး ၇ ဦးနှင့် ကျန်ရစ်ခဲ့သည်။ ထို့နောက် မောင်ဖြစ်သူနှင့်အတူ အထမ်းသမ တဦးအဖြစ် စတင်လုပ်ကိုင် ခဲ့လေသည်။
“အစတုန်းကတော့ ဟိုနား တဲလေးထိုးနေလိုက်၊ ဒီနား တဲလေးထိုးနေလိုက်ပေါ့။ အခုတော့ နေစရာ ရသွားပါပြီ” ဟု သူက စကား ဆိုသည်။
ကျိုက်ထီးရိုး တောင်ပေါ်သို့ တက်သည့် ခြေလျှင်လမ်း၏ ဘေးတွင်သူတို့မိသားစု နေထိုင်ကြသည်။ အထမ်းသမားများ စုပေါင်း နေထိုင်ကြသည့် ရွာကြီးတရွာလို အိမ်ခြေအရေအတွက်မှာ ယခင်နှစ်များကထက် တိုးတက် လာသည်ဟု သူက ဆိုသည်။ ယခုဆိုလျှင် ဒေါ်မြငွေတယောက် ဇာတိမြေသို့ မပြန်တော့ဘဲ ကျိုက်ထီးရိုးတောင်ပေါ်၌ အလုပ်လုပ်နေသည်မှာ ၁၀ နှစ် စွန်းစွန်း ရှိခဲ့ပြီ။ သူ့ပေါင်ပေါ်တွင် ထိုင်နေကြသည့် ကလေးငယ်များသည် သမီးလတ်နှင့် သမီးငယ်တို့က မွေးသော မြေးများ ဖြစ်သည်။ သူ့အသက်သည်လည်း ဂဏန်းနံပါတ် ၆၀ ကိုပင် ကျော်လွန်လာခဲ့လေပြီ။
ဒေါ်မြငွေသည် မွေးချင်း ၅ ယောက်အနက် တဦးတည်းသော သမီးဖြစ်သည်။ ငယ်စဉ်က အစ်ကိုယောက်ျားသားများကို ဦးစားပေး ခဲ့ရခြင်းကြောင့် မိန်းကလေးဖြစ်သည့် ဒေါ်မြမေတယောက် ကျောင်းစာ မသင်ခဲ့ရ။ သေစာရှင်စာပင် သူမဖတ်တတ်။ သူ အသက်အရွယ် ရလာသောအခါ စက်ရုံ အလုပ်ရုံတွင် ကုန်ထမ်းသမအဖြစ် လုပ်ကိုင်ခဲ့ဖူးသည်။ ဆန် အရောင်းအဝယ် လုပ်ခဲ့ဖူးသည်။
သို့သော် သားသမီးများကိုတော့ စတုတ္ထတန်းအထိ ကျောင်းထားပေးခဲ့သည်။ ထို့ထက်ပို၍ သူမတတ်နိုင်။ ယခု သူလည်း တောင်တက် အထမ်းသမား အလုပ်ကို လုပ်သည်။ သူ့သားသမီးများလည်း သူ့လိုပဲ တောင်တက် အထမ်းသမား အလုပ်ကို လုပ်ကြသည်။ သူ့မြေးကလေးများသည် တောင်တက် အထမ်းသမားများ ကြားတွင် ပြေးလွှားသွားလာကာ ကြီးပြင်းလာခဲ့ ကြသည်။
“ထမ်းခါစတုန်းက တနေ့ မထမ်းရဘူးဆိုရင် ၁ သောင်းကျော်၊ ၂ သောင်း ဝင်ငွေရတယ်။ အခုကျတော့ အလုပ်တွေ မကောင်းတော့ဘူး။ လူသစ်တွေ အများကြီး တိုးလာတယ်။ လူတွေ တဖြည်းဖြည်း တိုးလာတော့ ဝင်ငွေက ဆုတ်သွားတယ်” ဟု ဒေါ်မြငွေက ဆိုသည်။
ဒေါ်မြငွေတို့ တောင်တက် အထမ်းသမားများ ဝင်ငွေ လျော့ရသည့် အကြောင်းအရင်း နောက်တခု ရှိသေးသည်။ ယခင်က ဘုရားဖူး ယာဉ်များသည် ကျိုက်ထီးရိုးတောင်ပေါ်အထိ တက်ရောက်ခွင့် မရှိ။ ဘုရားဖူးယာဉ် အားလုံးသည် ရသေ့တောင် စခန်းတွင် ရပ်နားရသည်။ ဘုရားဖူးများသည် ရသေ့တောင်မှတဆင့် ရင်ပြင်တော်ပေါ်သို့ လမ်းလျှောက်၍ တက်ကြရသည်။ အထမ်းငှားမည့် ခရီးသည် ပို၍ ပေါသည်။ ထို့ကြောင့် ထောင်ဂဏန်း နီးပါးရှိသော တောင်တက် အထမ်းသမားများ အလုပ် ရကြသည်။
“ဒီလမ်းကို စဖောက်ခဲ့တဲ့ လူကြီးတွေက တောင်ထိပ်အထိ မဖောက်ဘူး။ ရသေ့တောင် အထိပဲ ကားနဲ့ တက်ခွင့်ပေးတယ်။ အခု တောင်ထိပ်အထိ တက်နေကြတယ်။ နိုင်ငံခြားသားတွေကိုတော့ တခုခုဖြစ်ရင် အလျော်အစားများလို့ တောင်ထိပ်အထိ ပေးမတက်ဘဲ ရသေ့တောင် အထိပဲ တက်ခိုင်းသေးတယ်။ အခုတော့ နိုင်ငံခြားသားတွေကိုလည်း ဟိုတယ်ရှေ့ အထိ ပို့ပေးနေတော့ အထမ်းသမားတွေ ဘာမှ လုပ်စားလို့ မရတော့ဘူးပေါ့” ဟု ကျိုက်ထီးရိုး တောင်ခြေ၊ ကင်မွန်းစခန်းမှ ဒေသခံတဦးက ရှင်းပြသည်။
ယခုမူ ထိုသို့ မဟုတ်တော့။ လွန်ခဲ့သည့် ၃ နှစ်က ထပ်မံဖောက်လုပ်လိုက်သော တောင်တက် ကားလမ်းသစ်ကြီးကြောင့် ကျိုက်ထီးရိုး တောင်ထိပ်အထိ ကားများနှင့် တိုက်ရိုက် တက်ရောက်၍ ရသည်။ ဘုရားဖူး ခရီးသွားများနှင့် ကားပိုင်ရှင်များ အဆင်ပြေသွားကြသည်။ ဒေါ်မြငွေတို့ အထမ်းသမားများနှင့် သူတို့ကို မှီခိုနေသော မိသားစု ဘဝများအဖို့ အလုပ်အကိုင် အခွင့်အလမ်း လျော့နည်းသွားသည်။ ယခုဆိုလျှင် နာဂစ်မုန်တိုင်းတိုက်သော မြစ်ဝကျွန်းပေါ်ဒေသမှ လူ အများအပြားက အထမ်းသည် ဝင်ရောက်လုပ်ကိုင်ကြရာ ဒေါ်မြငွေတို့ ဝင်ငွေက ပို၍ ကျဆင်းလာသည်။
“ခရီးသည်ဆီက အထမ်းရလို့ ထမ်းပြီး တည်းခိုခန်းတွေ၊ ဟိုတယ်တွေ လိုက်ပို့ပေးရင် ထမ်းခရတယ်။ ဧည့်သည်က ၅ သောင်းတန် အခန်းမှာ တည်းရင်တော့ ဟိုတယ်က ကိုယ့်ကို ၅ ထောင်ပေးတယ်။ ဧည့်သည်က ဘုန်းကြီးကျောင်းမှာ တည်းရင်တော့ အထမ်းခပဲ ရတာပေါ့။ အဲဒါပြီးရင် အဲဒီနေ့အတွက် ကိုယ့်အလှည့်က ပြီးပြီ။ အိမ်ပြန်ရုံပဲ” ဟု ဒေါ်မြငွေက သူ့အလုပ်နှင့် ပတ်သက်၍ ရှင်းပြသည်။
အထမ်းသမ တယောက်အဖြစ် စတင်၍ အလုပ်လုပ်စဉ်က ဒေါ်မြငွေ အသက်က ၅၀ ခန့်။ ကျိုက်ထီးရိုး စေတီတော် ဘုရားဖူး ရာသီဖြစ်သည့် ပွင့်လင်းရာသီ ၇ လတာကာလတွင် ချွေးနှင့်ရင်း၍ ရှာဖွေစုဆောင်း ထားသော ငွေဖြင့် မိုးတွင်းကာလ တလျှောက်လုံး မိသားစု စားဝတ်နေရေးကို ဖြေရှင်းရသည်။
“တောင်ဖွင့်ရာသီ တခုဆိုရင် ၃ သိန်း၊ ၄ သိန်းလောက် စုနိုင်တယ်။ အဲဒီငွေနဲ့ ဆီ၊ ဆန်၊ ဆား၊ ကြက်သွန်၊ အချိုမှုန့်တွေ ဝယ်ထားပြီး တမိုးတွင်းလုံး စားရတာပေါ့” ဟု ဒေါ်မြငွေက ရယ်ရယ်မောမော ပြောပြသည်။ သူ၏ ဘဝသည် ရယ်ရင်း မောရသော ဘဝ။ မောရင်းနှင့်လည်း ရယ်ရသော ဘဝဖြစ်လေသည်။
ကျိုက်ထီးရိုး ရင်ပြင်သို့ သွားရာလမ်းတလျှောက်သည် မနက်မိုးမလင်းမီကပင် အတက်အဆင်း ဘုရားဖူးခရီးသွားများ တိုးမပေါက်အောင် ရှိနေသည်။ သတင်းကျွတ်လပြည့်နေ့ ဖြစ်ရာ ဒီနေ့ တောင်ပေါ်သို့တက်လာသည့် လူပို၍များသည်။ ဒေါ်မြငွေကဲ့သို့ပင် အလှည့်မကျသေးသည့် အထမ်း သမားများသည် ဟိုနေရာတစု၊ ဒီနေရာ တစု ထိုင်နေကြသည်။
အလှည့်ကျသည့် အထမ်းသမားများသည် အိတ်ကိုယ်စီလွယ်ကာ ကားပေါ်မှ ဆင်းလာသည့် ဘုရားဖူးများအား တကြော်ကြော်ခေါ်လျှက် ဝန်ဆောင်မှုပေးရန် အသင့်ရှိနေကြလေသည်။
ဒီကနေ့ သူ့အလှည့် ရောက်လာဦးမည်လားဟု မျှော်လင့်ရင်း နေက မြင့်သထက် မြင့်လာသည်။ လေးလေးလံလံ ထမ်းပိုး နိုင်သည့် ခွန်အားဗလများကလည်း အသက်အရွယ် ကြီးရင့်လာသည်နှင့် အမျှ ကုန်ခမ်းလာသည်။ ယခင်ကလောက် မထမ်းပိုးနိုင်တော့သော်လည်း သည်အလုပ်ကို စွန့်လွှတ်ပြီး အခြား အလုပ်ကို လုပ်ရန် သူ့အတွက် မလွယ်ကူကြောင်း သူက ဆိုလေသည်။
“ကုန်ထမ်းမှ ထမင်းစားရမယ်လေ။ ထမ်းနိုင်သလောက်တော့ ထမ်းဦးမယ်။ ဘယ်အရွယ်အထိ ထမ်းဦးမယ်ဆိုတာ မပြောတတ်သေးဘူး”
နေသည် အတော်ပင် မြင့်လာချေပြီ။ သူဒီနေ့ ထမ်းပိုးရမည့် စီနီယာနံပတ်က ၁၇ ဖြစ်သည်။ ဒေါ်မြငွေအလှည့်ကား အခုထိတိုင် မရောက်သေး။ ရှိရှိသမျှ ခွန်အားဗလကို အစွမ်းကုန် အသုံးချကာ ချွေးဖြင့်ရင်းရသည့် အလုပ်သည်ပင် သူ့အတွက် အလှည့်မကျသေးရာ မည်မျှ စောင့်ရဦးမည်ကို သူမသိ။ သို့သော် သူ၏ မျက်နှာသည် စိတ်ပျက်ဟန် မရှိ။ ပျားပန်းခတ်မျှ သွားလာလှုပ်ရှားနေသူများကို သူငေးကြည့်လျှက်သာ ထိုင်၍ နေသည်။
ကျိုက်ထီးရိုးတောင်ပေါ်ရှိ သတင်းကျွတ် လပြည့်နေ့၏ မနက်ခင်း နေရောင်သည် ပို၍ ပူနေသယောင် ရှိနေလေသည်။