ဂျာကာတာမြို့တော်ဝန်ဟောင်း ဂျိုကိုဝီ ဒိုဒို အင်ဒိုနီးရှားသမ္မတ အဖြစ် ရာထူးလက်ခံလိုက်ပါပြီ။ ၁၉၉၈ ခုနှစ်မှာ ဒီမိုကရေစီ တောင်းဆိုတဲ့ ပြည်သူ့အရေးတော်ပုံကြောင့် နှစ်ပေါင်း ၃၀ ကြာ ဆူဟာတိုခေတ် အဆုံးသတ်ခဲ့ပြီး ဒီမိုကရေစီလမ်းကြောင်းပေါ် ချီတက်နေတဲ့ အင်ဒိုနီးရှားအတွက် အရေးကြီးတဲ့ သမိုင်းမှတ်တိုင် တခုပါပဲ။ ဒါပေမယ့် ပရိဘောဂ လုပ်ငန်းရှင်ဟောင်း အသက် ၅၃ နှစ်အရွယ် သမ္မတသစ် ဂျိုကိုဝီကို အသင့်စောင့်နေတဲ့ ပြဿနာတွေကလည်း မနည်းပါဘူး။
သမ္မတသစ် ဂျိုကိုဝီဟာ စစ်တပ်နောက်ခံလည်းမရှိ၊ နိုင်ငံရေး အမွေခံလည်း မဟုတ်တဲ့ ပထမဆုံး အင်ဒိုနီးရှား သမ္မတဖြစ်လာပါတယ်။ စစ်တပ်သြဇာကြီးတဲ့၊ သွားလေသူ အာဏာရှင်ကြီးတွေရဲ့ လောင်းရိပ်ကနေ မလွှတ်တတ်သေးတဲ့ အင်ဒိုနီးရှားလို နိုင်ငံအတွက် အလွန်ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်ပါတယ်။ အငြိမ်းစားဗိုလ်ချုပ်ကြီး ဆူစီလို ဘန်ဘမ်းယူဒိုယိုနိုဟာ တိုက်ရိုက်မဲပေး စနစ်အရ ၂၀၀၄ နဲ့ ၂၀၀၉ မှာ နှစ်ကြိမ် အရွေးခံခဲ့ရတယ်။ ဒါကြောင့် အောက်တိုဘာလ ၂၀ ရက်နေ့ အာဏာအလွှဲအပြောင်းဟာလည်း ပြည်သူတွေက တိုက်ရိုက် မဲပေးစနစ်အရ ရွေးချယ်ခဲ့တဲ့ သမ္မတ နှစ်ယောက်ကြားမှာ ပထမဆုံး ငြိမ်းချမ်းတဲ့နည်းနဲ့ အာဏာ အလွဲအပြောင်းဖြစ်ပါတယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ အလွန် အရေးကြီးပါတယ်။
ဒီလို သမိုင်းဝင် အောင်မြင်မှုတွေ ရှိသလို ဖြေရှင်းရခက်မယ့် စိန်ခေါ်မှုတွေကလည်း အမြောက်အမြား ရှိနေပါတယ်။ ဂျိုကိုဝီဟာ သမ္မတ ရွေးကောက်ပွဲမှာ ပြိုင်ဖက် သမတလောင်း ပရာဘိုဝို ဆူဘီယံတိုကို အပြတ်အသတ် နိုင်ခဲ့တာမျိုး မဟုတ်ပါဘူး။ ဗိုလ်ချုပ်ဟောင်း ပရာဘိုဝိုက ကပ်ရှုံးသွားတာကို လက်မခံလို့ ရွေးကောက်ပွဲ အငြင်းပွားမှု ပေါ်ပေါက်ခဲ့ပါတယ်။ အာရှနိုင်ငံတွေမှာ ကြုံနေရတဲ့ ရွေးကောက်ပွဲ ပြဿနာအတိုင်းပဲ၊ ကမ္ဘာမှာ စတုတ္ထ လူဦးရေအများဆုံး နိုင်ငံမှာ ဒီမိုကရေစီခရီး နောက်ကြောင်းပြန်သွားမှာကို စိုးရိမ်စရာဖြစ်ခဲ့ပါတယ်။ သြဂုတ်လ ၂၁ ရက်နေ့မှာ ရွေးကောက်ပွဲ ကော်မရှင်က အယူခံကို ပယ်ချလိုက်သလို ပရာဘိုဝို ကိုယ်တိုင်ကလည်း အရှုံးကို လက်ခံလိုက်လို့ ပြဿနာက ပြေလည်မှုရသွားပါတယ်။
နောက်တဆင့်ကတော့ ရွေးကောက်ပွဲ ကတိကဝတ်တွေကို ဖြည့်ဆည်းပေးဖို့ပါပဲ။ သမ္မတသစ်က နှေးကွေးနေတဲ့ အင်ဒိုနီးရှား စီးပွားရေး တိုးတက်မှု အရှိန်မြှင့်တင်မယ်လို့ ကတိပြုထားပါတယ်။ အခြေခံအဆောက်အဦပိုင်းကို အရည်အသွေးမြှင့်တင်ဖို့၊ ပြည်သူ အားလုံးအတွက် အခမဲ့ကျန်းမာရေး၊ အခမဲ့ ပညာရေးစနစ်ကို ကတိပြုထားပါတယ်။ စီးပွားရေးတိုးတက်မှုနှုန်းက ၂၀၁၀ ကနေ ၂၀၁၂ အထိ ပျမ်းပျ ၆ ဒသမ ၃ ရာခိုင်နှုန်း ရှိရာကနေ ၂၀၁၃ မှာ ၅ ဒသမ ၈ ရာခိုင်နှုန်းကို ကျဆင်းခဲ့တယ်။ ဒီနှစ်မှာလည်း ၅ ဒသမ ၂ ရာခိုင်နှုန်းကို ဆက်ကျဆင်းဖို့ ရှိတယ်လို့ အင်ဒိုနီးရှား ဗဟိုဘဏ်က ခန့်မှန်းထားတယ်။ ဒီနှုန်းအတိုင်း ဆိုရင် လူငယ်တွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေကို ဖန်တီးနိုင်မှာ မဟုတ်ပါဘူး။ ဂျိုကိုဝီက ၂၀၁၈ ကျရင် စီးပွားရေးတိုးတက်မှု ၇ ရာခိုင်နှုန်း ရှိလာဖို့ ကတိပြုထားပါတယ်။
ကမ္ဘာဘဏ်ရဲ့ အဆိုအရ အင်ဒိုနီးရှားမှာ လူဦးရေရဲ့ ထက်ဝက်ဟာ တနေ့ ၂ ဒေါ်လာတောင် မပြည့်တဲ့ ဝင်ငွေနဲ့ ရပ်တည်နေရတုန်းပါပဲ။ ဒီအရေအတွက်အားဖြင့် လူဦးရေ သန်း ၁၀၀ ကျော်ပါတယ်။ လာဘ်ပေး လာဘ်ယူမှုမှာလည်း ကမ္ဘာ့နိုင်ငံပေါင်း ၁၇၇ နိုင်ငံစာရင်းမှာ အလယ်အလတ်အဆင့်တောင် မရှိဘဲ အမှတ်စဉ် ၁၁၄ မှာပဲ ရှိပါတယ်။ တခြားဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာလိုပဲ ဆင်းရဲ ချမ်းသာကွာဟမှုက မြင့်မားနေပါတယ်။
သမ္မတသစ်က ပြုပြင်ပြောင်းလဲရေးကို ကတိပြုထားပေမ့ယ် လက်တွေ့မှာ မလွယ်ပါဘူး။ လွှတ်တော်တွင်းမှာ ပရာဘိုဝို ခေါင်းဆောင်တဲ့ ၇ ပါတီ ညွန့်ပေါင်းက အများစု ဖြစ်နေတယ်။ စက်တင်ဘာလကပဲ ပရာဘိုဝိုတို့ရဲ့ ညွန့်ပေါင်းက အစွမ်းပြလိုက်ပါတယ်။ အင်ဒိုနီးရှားမှာ မြို့တော်ဝန်တွေ၊ အုပ်ချုပ်ရေးမှူးတွေကို မြို့နယ်အဆင့်အထိ ပြည်သူတွေက တိုက်ရိုက်မဲပေး ရွေးချယ်တဲ့ စနစ်ကို ဖျက်သိမ်းခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်က စတင်ခဲ့တဲ့ တိုက်ရိုက်မဲပေးစနစ်ကနေ တက်လာတဲ့ ဂျိုကိုဝီကို လက်စားချေလိုက်သလိုပါပဲ။
ဒါကြောင့် တခြား ပြုပြင်ပြောင်းလဲရေးကိစ္စတွေမှာလည်း နိုင်ငံရေးစားဖားတွေ ကြီးစိုးထားဆဲ လွှတ်တော်ထရံပေါက်က ခြေထောက်ကို ဆွဲတာ ခံရဖို့ များပါမယ်။ ဂျိုကိုဝီ ကိုယ်တိုင်ကလည်း မြို့တော်ဝန်ကောင်း တယောက်အဖြစ် အစွမ်းပြခဲ့ပေမယ့် နိုင်ငံအဆင့်၊ နိုင်ငံတကာ အတွေ့အကြုံ မရှိသေးတဲ့အတွက် ဟဲဗီးဝိတ် နိုင်ငံရေးသမားတွေ ဖြစ်တဲ့ ဆူကာနိုရဲ့ သမီး သမ္မတဟောင်း မေဃာဝတီနဲ့ ယူဒိုယိုနို ပထမ သက်တမ်းမှာ ဒုတိယသမ္မတ ဖြစ်ခဲ့ပြီး အခုလည်း ဒုတိယသမ္မတ ဖြစ်တဲ့ ဂျူးဆွဖ် ကဲလာ တို့ရဲ့ အရှိန်အဝါကို ကျော်လွှားပြီး လွတ်လွတ်လပ်လပ် နိုင်ငံကို ဦးဆောင်နိုင်မလားဆိုတာကို စောင့်ကြည့်နေကြတယ်။
ဂျိုကိုဝီဟာ ၂၀၀၅ ခုနှစ်မှာ ဆိုလို (ဆူရာကာတာ) မြို့တော်ဝန် အဖြစ် အရွေးခံဖို့ မေဃာဝါဒီတို့ ပါတီထဲကို ဝင်ခဲ့ပါတယ်။ အဲဒီအချိန်အထိ ဂျိုကိုဝီဟာ ပရိဘောဂလုပ်ငန်းမှာ အောင်မြင်တဲ့ စီးပွားရေးသမား တယောက်ဆိုပေမယ့် သူ့နာမည်ကို သာမန်ပြည်သူတွေကြားမှာ သူ့ကို သိသူ မရှိသလောက်ပါပဲ၊ ပရိဘောဂလုပ်ငန်းကလွဲလို့ တခြား စီးပွားရေးလောကမှာလည်း လူသိများသူ မဟုတ်သေးပါဘူး။
ဒါကြောင့် ဆိုလိုမြို့တော်ဝန်ဖြစ်ဖို့ ဂျိုကိုဝီအတွက် အမာခံနယ်မြေ (power base) လိုပါတယ်။ ဆိုလိုမြို့ဟာ မေဃာဝါဒီရဲ့ တိုက်ပွဲဝင် ဒီမိုကရက်တစ်ပါတီ (PDI-P) ပါတီက အားကောင်းပါတယ်။ ဂျိုကိုဝီက ပါတီပေါင်းစုံကို ချဉ်းကပ်ရင်းနဲ့ နောက်ဆုံး ဆိုလိုမြို့မှာ PDI-P ရဲ့ ပါတီ ဥက္ကဌဖြစ်တဲ့ ရူဒီက စင်တင်ပေးရာကနေ မြို့တော်ဝန်အဖြစ် အရွေးချယ်ခံရဖို့ ဖြစ်လာတာပါ။ ခရစ်ယာန် ဘာသာဝင် ရူဒီက သူကိုယ်တိုင် မြို့တော်ဝန်လောင်းအဖြစ် ဝင်ပြိုင်ရင်လည်း အနိုင်ရဖို့ သေချာပေမ့ယ် ဂျိုကိုဝီကို စင်တင်ပေးခဲ့ပါတယ်။ PDI-P ရဲ့ သြဇာနဲ့ လူငယ်အသင်းအဖွဲ့တွေ၊ အားကစား အသင်းအဖွဲ့တွေမှာ ဥက္ကဌ တာဝန်ယူထားတဲ့ ရူဒီ ရဲ့ လူကြိုက်များမှုဟာ ရွေးကောက်ပွဲမှာ အနိုင်ရဖို့ ဖြစ်လာခဲ့ပါတယ်။
မြို့တော်ဝန်အဖြစ် အရွေးခံတဲ့ အခါမှာသာ ဂျိုကိုဝီဟာ သူ့ အရည်အချင်းတွေကို ပြသနိုင်တယ်။ ၂၀၀၅ မတိုင်ခင်အထိ လူဦးရေ လေးသိန်း ရှိတဲ့ ဆိုလိုမြို့ဟာ အင်ဒိုနီးရှားမှာ အဆင်းရဲဆုံး မြို့စာရင်းဝင်၊ ရာဇဝတ်မှုတွေ၊ ဝရုန်းသုန်းကားနဲ့ အဓိကရုဏ်းတွေ ထူပြောတဲ့၊ ဂျီဟတ် အကြမ်းဖက်သမားတွေ မွေးထုတ်တဲ့ မြို့တမြို့ အဖြစ်ပဲ နာမည်ကျော်ပါတယ်။ ဘာလီ နိုက်ကလပ် ဗုံးခွွဲမှုနဲ့ ဂျာကာတာမြို့ ဇိမ်ခံဟိုတယ်တွေ ဗုံးခွဲမှုတွေကို စီစဉ်သူတွေဟာ ဆိုလိုမြို့မှာ ရှိတဲ့ Al-Mukmin ဘာသာရေး ကျောင်းထွက်တွေဖြစ်ပါတယ်။ ကျောင်းကို ထူထောင်သူ Abubakar ဟာ အကြမ်းဖက်သမားတွေကို ငွေကြေးထောက်ပံ့မှု၊ သင်တန်းပေးမှု စွပ်စွဲချက်နဲ့ အခုအထိလည်း ထောင် ၁၅ နှစ် ကျနေတုန်းပါပဲ။
ဂျိုကိုဝီရဲ့ နာမည်ကျော် ဘလူးစူကန်ဟာ ဆိုလိုမြို့ မဲဆွယ်တဲ့အချိန်က သုံးခဲ့တဲ့ နည်းလမ်းပါပဲ။ ရွေးကောက်ပွဲ အောင်နိုင်ရေး လူအင်အား ငွေအင်အား အများကြီးကို မသုံးနိုင်သေးတဲ့အတွက် အကောင်းဆုံးနည်းကို စဉ်းစားကြရင်း ဘလူးစူကန် ဆိုတာ ဖြစ်လာတာပါ၊ တအိမ်တက်ဆင်း စည်းရုံးရေးဆင်းတဲ့ နည်းပါပဲ၊ ပိုစတာတွေ၊ billboard တွေကို မသုံးဘဲ လူကိုယ်တိုင် တအိမ်တက်ဆင်း စည်းရုံးရေးဆင်းခဲ့ကြပါတယ်။ ရွေးကောက်ပွဲမတိုင်ခင် ခြောက်လအလိုမှာ ဆိုလိုမြို့မှာ ထုတ်တဲ့ သတင်းစာတစောင်မှာ စာမျက်နှာဝယ်ပြီး စီးပွားရေးအကြံပေးကဏ္ဍတခုဖွင့်ပြီး ဂျိုကိုဝီနဲ့ ပြည်သူတွေကို မိတ်ဆက်ပေးခဲ့ပါတယ်။ ဘလူးစူကန် စည်းရုံးရေးနည်းက ထိရောက်တာရယ်၊ PDI-P ပါတီရဲ့ကွန်ယက်တွေကြောင့် ရွေးကောက်ပွဲမှာ ၃၆ ဒသမ ၆၂ ရာခိုင်နှုန်းနဲ့ အနိုင်ရခဲ့ပါတယ်။
ဂျိုကိုဝီရဲ့ ရိုးဂုဏ်၊ နှိမ့်ချတတ်တဲ့ စရိုက်၊ အောက်သက်ကျေပြီး အောက်ခြေပြည်သူတွေနဲ့ မကင်းကွာတာ၊ လာဘ်ပေးလာဘ်ယူကင်းပြီး အကျင့်စာရိတ္တ ကောင်းတာတွေအပြင် ဆိုလို အပြောင်းအလဲကြီး ပြောင်းလဲသွားအောင် စီမံအုပ်ချုပ်နိုင်တာတွေကြောင့် ၂၀၁၀ ရွေးကောက်ပွဲမှာ ၉၀ ရာခိုင်နှုန်းနဲ့ အပြတ်အသတ် အနိုင်ခဲ့ပါတယ်။ မြို့တော် ရွေးကောက်ပွဲတွေမှာ ဒီလောက် အောင်မြင်မှုမျိုး မရှိလို့ ဂျိုကိုဝီရဲ့ အောင်ပွဲသတင်းဟာ တနိုင်ငံလုံး ဟိုးလေးတကျော် ဖြစ်သွားပါတယ်။
ဆိုလိုမြို့မှာ အစွမ်းပြနေတဲ့ ဂျိုကိုဝီကို ဂျာကာတာ မြို့တော်ဝန် ဖြစ်လာဖို့ စင်တင်ပေးခဲ့သူ နှစ်ယောက်ကတော့ မေဃာဝတီနဲ့ ဂျူးဆွဖ် ကဲလာ တို့ပါ။ ဒီအကြောင်းကို ဒုတိယသမ္မတဟောင်း ကဲလာက မနှစ်သြဂုတ်လမှာ ဂျာကာတာမှာ ပြုလုပ်တဲ့ အစည်းအဝေးတခုမှာ ပြောခဲ့ဖူးပါတယ်။ အကျဉ်းချုပ်ကတော့ ဂျိုကိုဝီကို ဂျာကာတာ မြို့တော်ဝန်လောင်းအဖြစ် ဝင်ပြိုင်ခိုင်းဖို့ ကဲလာက မေဃာဝါဒီကို အဆက်အသွယ်တွေက တဆင့် နားချခိုင်းခဲ့ပါတယ်။ ပရာဘိုဝိုရဲ့ Gerindra ပါတီကလည်း ကျောထောက်နောက်ခံပေးဖို့ ကဲလာကပဲ စည်းရုံးခဲ့ပါတယ်။ ဒီလိုနဲ့ ဂျိုကိုဝီဟာ ၂၀၁၂ အောက်တိုဘာမှ ကျင်းပတဲ့ ဂျာကာတာမြိ့ုတော်ဝန်မှာ အနိုင်ရခဲ့ပြီး ဆိုလို မြို့တော်ဝန် ဒုတိယ သက်တမ်း မပြည့်ခင် သုံးနှစ်အလိုမှာ ဂျာကာတာ မြို့တော်ဝန်အဖြစ် ဖြစ်လာပြန်ပါတယ်။
ဒါကြောင့် မေဃာဝတီနဲ့ ဂျူးဆွဖ် ကဲလာ တို့ဟာ နိုင်ငံရေးအရာမှာ ဂျိုကိုဝီ့ ငယ်ဆရာတွေလို့ ပြောရင် ရပါတယ်။ ဒါပေမ့ယ် မေဃာဝါဒီဟာ သမ္မတ အဖြစ် တာဝန်ထမ်းခဲ့တဲ့ (၂၀၀၁ ကနေ ၂၀၀၄) ခုနှစ်အတွင်း စီမံခန့်ခွဲမှု ညံ့ဖျင်းတယ်လို့ လူကြိုက်နည်းခဲ့ပါတယ်။ ဒါကြောင့် ယူနိုယိုနိုနဲ့ ပြိုင်ခဲ့တဲ့ ရွေးကောက်ပွဲ နှစ်ကြိမ်စလုံးမှာ ရှုံးခဲ့ပါတယ်။ ဂျိုကိုဝီကတော့ မေဃာဝါဒီနဲ့ ပြောင်းပြန် စီမံအုပ်ချုပ်မှုမှာ အသေးစိတ်ကအစ နိုင်သူအဖြစ် နာမည်ကျော်သူဖြစ်ပါတယ်။ ဂိုကာပါတီခေါင်းဆောင်ဟောင်း ဂျူးဆွဖ်ကဲလာဟာလည်း ယူနိုယိုနို လက်အောက်မှာ ဒုတိယသမ္မတ အဖြစ် တာဝန်ထမ်းစဉ်ကတည်းက သမ္မတက ထိန်းရကြောင်းရ ခက်သူလို့ နာမည်ကြီးပါတယ်။ အခုလည်း ကက်ဘိနက်ကို ဘယ်လိုဖွဲ့စည်းမလဲ ဆိုတဲ့နဲ့ပတ်သက်ပြီး ဂျူးဆွဖ် ကဲလာနဲ့ ဂျိုကိုဝီတို့ သဘောကွဲနေတယ်ဆိုတဲ့ ကောလဟလတွေ ထွက်ပေါ်နေပါတယ်။
နိုင်ငံရေးဝါစဉ်အရ၊ အသက်အရွယ်အရ ငယ်တဲ့ သမ္မတ ဂျိုကိုဝီအနေနဲ့ မေဃာဝါဒီနဲ့ ဂျူဆွဖ် ကဲလာတို့ကို မကျော်နိုင်ရင် ပင်ကိုယ်အစွမ်းအစတွေ ငုပ်သွားနိုင်ရုံသာမက နာမည်ဖျက်ဖို့ စောင့်နေသူတွေအတွက် အကွက်ကောင်းဖြစ်သွားနိုင်ပါတယ်။ ဒီကိစ္စဟာ ရွေးကောက်ပွဲ မဲဆွယ်တဲ့အချိန်ကတည်းက ပြိုင်ဖက်တွေရဲ့ ထိုးနှက်ချက်တခုဖြစ်ခဲ့ပါတယ်။ တဖက်မှာ ပြည်သူတွေကို ပေးထားတဲ့ ကတိတွေကလည်း မသေးပါဘူး။ သူ့ ပခုံးပေါ်ရောက်လာတဲ့ ဝန်ထုပ် ဝန်ပိုးတွေကို သိနေတဲ့ ဂျိုကိုဝီက မကြာခင်ကပဲ Time မဂ္ဂဇင်း ကို ရင်ဖွင့်ခဲ့တယ်။
“လူတွေက မျှော်လင့်ချက် မြင့်မားလွန်းတယ်။ ကျနော်အတွက် အန္တရာယ်ပေါ့၊ သူတို့ လိုချင်တာ ကျနော် မလုပ်ပေးနိုင်ရင်၊ ပေးထားတဲ့ ကတိအတိုင်း မဖြစ်ခဲ့ရင် ပြဿနာက မသေးဘူးပဲ”တဲ့။
ဒီပြဿနာပေါင်းသောင်းခြောက်ထောင်ကို ဖြေရှင်းဖို့ဆိုရင် ဂျိုကိုဝီအနေနဲ့ ယူဒိုယိုနိုနဲ့ မတူတဲ့ ခေါင်းဆောင်မှု စွမ်းရည်ရှိမှ ဖြစ်မယ်လို့ နာမည်ကျော် The Economist မဂ္ဂဇင်းက အကြံပြုပါတယ်။ ယူဒိုယိုနိုဟာ မဖြစ်ဖြစ်အောင်ညှိနှိုင်းတဲ့ဲ့ နေရာမှာ အားသန်သူဖြစ်ပြီး ဂျိုကိုဝီအနေနဲ့ ခေါင်းဆောင်နိုင်မှု စွမ်းရည်ကို ပြရမယ်။ ပထမဆုံး စမ်းသပ်မှုကတော့ အစိုးရအဖွဲ့ကို ဖွဲ့စည်းတဲ့ အခါမှာ အမှန်တကယ် အရည်အချင်းပြီး၊ အကျင့်ကောင်းတဲ့လူတွေနဲ့ ဖွဲ့စည်းရမယ်။ တခြား ပါတီတွေ အလိုကျ အုတ်ရောရော ကျောက်ရောရောမဖြစ်စေနဲ့ လို့ ဆိုပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဂျိုကိုဝီရဲ့ အစွမ်းအစကို မှတ်ကျောက်တင်မယ့် နေ့ရက်တွေကတော့ စတင်လိုက်ပါပြီ။