တလနီးပါးကြာ ပျောက်ဆုံးနေသည့် အလွတ် သတင်းထောက် ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီးကို မွန်ပြည်နယ် ကျိုက်မရောမြို့ရှိ အစိုးရ စစ်တပ် က ဖမ်းဆီးထားသည်ဟု သိရသည်။
“ကျမယောကျာ် ကိုပါကြီး ပျောက်တာ တလနီးပါး ရှိသွားပါပြီ။ ပထမတော့ DKBA ဖမ်းထားတယ် ကြားတယ်။ နောက်မှ ကျိုက်မရောမြို့ ၂၀၈ တပ်ရင်းက ဖမ်းသွားတယ် ဆိုတာ သိရတာ။ တပ်ရေးဗိုလ်ကြီး စန်းမင်းအောင်ကလည်း ဖမ်းထားတယ်လို့ ဝန်ခံထားတယ်”ဟု ကိုပါကြီး၏ ဇနီးဖြစ်သူ မသန္တာက ပြောပြသည်။
ကိုအောင်ကျော်နိုင်(ခ) ကိုပါကြီးသည် လက်ရှိ ဖြစ်ပွားနေသည့် အစိုးရစစ်တပ်နှင့် ဒီမိုကရေစီ အကျိုးပြု ကရင် အမျိုးသား တပ်မတော်(DKBA) တိုက်ပွဲ အတွင်း စစ်ရေး သတင်းဓာတ်ပုံ ရရှိရန် မွန်ပြည်နယ်သို့ သွားရောက်စဉ် ပျောက်ဆုံးသွားခြင်း ဖြစ်သည်ဟု ၎င်း၏ သူငယ်ချင်း မိတ်ဆွေများက အကြောင်းကြားရာမှ သိရှိခဲ့ရသည်ဟုလည်း မသန္တာက ပြောသည်။
ကိုပါကြီး ပျောက်ဆုံးနေမှုနှင့် ပတ်သက်ပြီး ကျိုက်မရောမြို့သို့ ဇနီးဖြစ်သူ မသန္တာက သွားရောက် စုံစမ်းရာတွင် ကျိုက်မရောမြို့ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်-စကခ(၂၀၈) တပ်ရင်းမှ တပ်ရေးဗိုလ်ကြီး စန်းမင်းအောင် ကိုယ်တိုင် ကိုပါကြီးအား ဖမ်းဆီးရာတွင် ပါဝင်ခဲ့သည်ဟု မွန်အမျိုးသား ပါတီရှေ့တွင် ဝန်ခံပြောဆိုခဲ့ကြောင်း မသန္တာက ဆက်ပြောသည်။
“လက်ရှိတော့ ကျိုက်မရော မြို့မ ရဲစခန်းမှာ လူပျောက် တိုင်ကြားထားပါတယ်။ ၅/၂၀၁၄ နဲ့ အမှု လက်ခံထားပါတယ်။ အမှုဖွင့်ပြီး တပတ်အတွင်း မတွေ့ရရင်တော့ ၂၀၈ တပ်ရင်းနဲ့ တပ်ရေးဗိုလ်ကြီး စန်းမင်းအောင်ကို မတရား ဖမ်းဆီး ချုပ်နှောင်မှုနဲ့ တရားစွဲဆို သွားမှာပါ”ဟုလည်း မသန္တာက ဆိုသည်။
အလွတ်တန်း သတင်းထောက် ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီး သည် ရန်ကုန်မြို့၌ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် သတင်းရယူပြီး နောက် နေပြည်တော်သို့ သတင်းယူရန် ဆက်လက်သွားရောက်မည် ဖြစ်သည်ဟု ဇနီးဖြစ်သူ မသန္တာအား စက်တင်ဘာ ၂၂ ရက် တွင် ဖုန်းဖြင့် ဆက်သွယ် အကြောင်းကြားခဲ့ပြီး နောက်ပိုင်း ယနေ့အချိန်အထိ အဆက်အသွယ် မရရှိဘဲ မွန်ပြည်နယ် ကျိူက်မရော တွင် ဖမ်းဆီးခံရသည်ဟု ကြားသိခဲ့ရကြောင်း မသန္တာက ဆက်ပြောသည်။
“အခုထိ ကျမ အမျိုးသားကို သေလားရှင်လား ဆိုတာ မသိရသေးဘူး။ ကျမ ကိုယ်တိုင် အဲဒီနယ်မြေ သွားခဲ့တာတောင် သူ့ကို မတွေ့ခဲ့ဘူး။ သူ့ကို ဖမ်းဆီးတုန်းက ပါတဲ့သူတွေက သူ့ခန္ဓာကိုယ် တခုလုံး ဒဏ်ရာတွေနဲ့လို့ ပြောကြတယ်”ဟု မသန္တာက ပြောပြ သည်။
ထိုသို့ ကိုပါကြီးအား ဖမ်းဆီးမှုသည် ဥပဒေမဲ့ မတရား ဖမ်းဆီး ချုပ်နှောင်ထားခြင်း ဖြစ်ကြောင်း၊ ယင်းသို့ မတရား ဖမ်းဆီး ချုပ်နှောင် မှုနှင့် ပတ်သက်ပြီး သမ္မတ အပါအဝင် ဝန်ကြီးဌာန ၁၉ ခုသို့ စာတင်ထားကြောင်းလည်း မသန္တာက ယနေ့ ရန်ကုန်မြို့ မင်္ဂလာ တောင်ညွန့်မြို့နယ် ရွှေတောင် ကျောင်းတိုက်တွင် မီဒီယာ များနှင့် တွေ့ဆုံစဉ် ပြောဆိုသည်။
ကိုပါကြီးသည် ထိုင်း-မြန်မာ နယ်စပ် သတင်းဆောင်းပါးများကို ရေးသား၍ ပြည်တွင်း မီဒီယာများသို့ ပေးပို့သူဖြစ်ပြီး ကလောင် အမည် အောင်ကြီး၊ ပါကြီး စသည့် အမည်များဖြင့် ရေးသားကြောင်း သိရသည်။
ကိုအောင်ကျော်နိုင်(ခ) ပါကြီးသည် ၁၉၈၈ ခုနှစ် နိုဝင်ဘာလတွင် ဖွဲ့စည်းခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လူငယ်) ၏ ပထမဦးဆုံး ဗဟိုလူငယ် ၁၉ ဦးတွင် ပါဝင်ခဲ့ပြီး ကရင်ပြည်နယ် တာဝန်ခံ အဖြစ် ၁၉၈၉ ခုနှစ် မေလ အထိ တာဝန်ယူခဲ့သူ ဖြစ် သည်။
ယင်းနောက်ပိုင်းတွင် သုံးရောင်ခြယ် အဖွဲ့ဝင်အဖြစ် တပ်ဦး တာဝန်များကို ထမ်းဆောင်ခဲ့သူ တဦးလည်း ဖြစ်ကြောင်း သိရသည်။