၂၀၁၀ ရွေးကောက်ပွဲနှင့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် ဧည့်နိုင်ငံသားနှင့် ယာယီသက်သေခံလက်မှတ်ကိုင်ဆောင် သူများကို နိုင်ငံရေးပါတီထူထောင်ခွင်၊့ ပါတီဝင်ဖြစ်ခွင့် နှင့်မဲပေးခွင့်ပြုခဲ့သော်လည်း လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင်မူ နိုင်ငံရေးပါတီထူထောင်ခွင့်၊ ပါတီဝင်ဖြစ်ခွင့်မပြုသည့်အပြင် မဲပေးခွင့်လည်း မပြုတော့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ယနေ့ ရန်ကုန်မြို့ ၊ ပန်ဒါဟိုတယ်တွင် ကျင်းပသော နိုင်ငံရေးပါတီများနှင့်တွေ့ဆုံပွဲတွင် ပြောဆိုလိုက်သည်။
သမ္မတဦးသိန်းစိန်က ယခင်စစ်အစိုးရလက်ထက်က ပြဋ္ဌာန်းထားသော ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများမှ အချက်အလက် တချို့ကို ပြန်လည်ပြင်ဆင်လိုက်ပြီဖြစ်ပြီး ယင်းပြင်တင်ချက်အရ ဧည့်နိုင်ငံသား၊ ယာယီသက်သေခံ လက်မှတ် ကိုင်ဆောင် ထားသူများကို ယခင် ခွင့်ပြုထားသည့် အခွင့်အရေးများကို ပြန်လည်ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း သိရှိရသည်။
“နိုင်ငံသား စိစစ်ရေး ကတ်ပြား ရှိသူသာလျှင် ပါတီထောင်ခွင့် ရှိတယ်။ နိုင်ငံသားမဟုတ်ဘဲ ပါတီထောင်ထားရင်လည်း အဲဒီလူနေရာလဲနိုင်ဖို့အတွက် အချိန်ပေးရမယ်လို့ ဥပဒေအရ ပြဌာန်းထားပါတယ်။ ဒါကြောင့် အချိန် နှစ်လ ပေးထား ပါတယ်။ နိုင်ငံသား ဖြစ်တယ် ဆိုရင် ပါတီဝင်လို့ ရတယ်။ ပါတီထောင်လို့ ရတယ်”ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ဆိုသည်။
ဧည့်နိုင်ငံသားနှင့်ယာယီသက်သေခံလက်မှတ်ကိုင်ဆောင်ထားသူများကို မဲပေးခွင့်၊ နိုင်ငံရေးပါတီထူထောင်ခွင့်၊ ပါတီဝင် ဖြစ်ခွင့် ပိတ်ပင်လိုက်ခြင်းအပေါ် တိုင်းရင်းသားနိုင်ငံရေးပါတီတချို့က ကြိုဆိုလိုက်ပြီး နိုင်ငံအတွက် အကျိုးဖြစ်ထွန်း နိုင်သော လုပ်ရပ်အဖြစ် သုံးသပ်ပြောဆိုသည်။
ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးဇိုးဇမ်က “နိုင်ငံရေးပါတီဆိုတာက အစိုးရ လုပ်ချင်တဲ့သူတွေဆိုတော့ နိုင်ငံ သား တွေကပဲ တိုင်းပြည်ရဲ့ အရေးကိစ္စကို တော့ ကျကျနန ရာနှုန်းပြည့် လုပ်နိုင်မှာ ဖြစ်တယ်။ နိုင်ငံခြားသားတွေ အနေနဲ့ ကတော့ ဘယ်လိုမှ သူတို့ လုပ်ပေးနိုင်မှာ မဟုတ်ဘူး။ အဲဒါကို ကြည့်ပြီး အခုလို ဆုံးဖြတ်လိုက်တာ နေလိမ့်မယ်” ဟု ပြောဆိုသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက လာမည့် ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလတွင် တနိုင်ငံလုံး ရွေး ကောက် ပွဲ ကျင်းပနိုင်ရေးအတွက် ၂၀၁၄ ခုနှစ် နိုဝင်ဘာလမှစ၍ မဲဆန္ဒရှင်စာရင်းများ စတင်ပြုစုသွားမည်ဖြစ်ကြောင်း၊ တနိုင်ငံလုံး မဲဆန္ဒရှင်စာရင်း ပြုစုခြင်း လုပ်ငန်းကို အဆင့် သုံးဆင် ခွဲခြား၍ ဆောင်ရွက်မည်ဖြစ်ပြီး ပထမဆင့်ကို ၂၀၁၄ ခုနှစ် နိုဝင်ဘာလမှ ၂၀၁၅ ခုနှစ် ဇန်နဝါရီလအထိ လည်းကောင်း၊ ဒုတိယအဆင့်ကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလမှ ၂၀၁၅ ခုနှစ် မတ်လအထိ လည်းကောင်း၊ တတိယအဆင့်ကို ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလမှ မေလအထိ လည်းကောင်း ဆောင်ရွက်သွား မည် ဖြစ်ကြောင်း ပြောဆိုကြောင်း သိရှိရသည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးနှင့် နိုင်ငံရေးပါတီများတွေ့ဆုံပွဲတွင် နိုင်ငံရေးပါတီများက ၂၀၁၅ ရွေးကောက်ပွဲကို မှန်ကန်တရားမျှသော ရွေးကောက်ပွဲဖြစ်နိုင်ရေး ထောက်ပြ အကြံပြုဆွေးနွေးမှုများ လုပ်ဆောင်ကြပြီး ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်များ၏ ကျင့်ဝတ်နှင့် ပတ်သက်၍ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေးပါတီများ အပြန်အလှန် အမြင်သဘောထားများ ဆွေးနွေးခဲ့ကြောင်း သိရသည်။