ရှမ်းပြည်နယ် တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပွဲကို ကမ္ဘာ့ အမွေအနှစ်စာရင်းဝင်ဖြစ်ရေး ယဉ်ကျေးမှု ဝန်ကြီးဌာနက ကြိုးပမ်း နေ ကြောင်း သိရပါတယ်။
အဲ့ဒီအတွက် ယူနက်စကိုက ပညာရှင်တွေ ပါဝင်တဲ့ အဖွဲ့ကို လာမယ့် တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပွဲကို လာရောက်ကြည့်ရှုဖို့ ဖိတ်ခေါ်ထားတယ်လို့ ရှမ်းပြည်နယ် ရှေးဟောင်းသုတေသန နဲ့ အမျိုးသားပြတိုက် ဦးစီးဌာန ညွန်ကြားရေးမှူး ဒေါ်နန်းလောဝ်ငင်းက ပြောပါတယ်။
“ယူနက်စကို ပညာရှင်တွေကို ဒီပွဲကို သွင်းလို့ရမရ ဖြစ်နိုင်ခြေရှိမရှိ ခေါ်ပြတဲ့ သဘောပါ၊ ကျမတို့ အနေအထားနဲ့ သူတို့ လိုချင်တဲ့ အချက်တွေနဲ့ ကိုက်တယ်မကိုက်ဘူး ဆိုတာကို ပြကြည့်မယ်၊ ဖြစ်နိုင်တယ် သွင်းလို့ရတယ်ဆိုရင် ဆက်လုပ်မှာပါ၊ အခုကစ ကြိုးစားနေတုန်းပါ”လို့ သူက ဆိုပါတယ်။
ဒါ့အပြင် သူ့အနေနဲ့ တောင်ကြီး တန်ဆောင်တိုင် ရိုးရာမီးပုံးပျံပွဲဟာ ယူနက်စကိုက သတ်မှတ်ထားတဲ့အချက်တွေနဲ့ ကိုက်ညီ မယ် လို့ ထင်မြင်ကြောင်းလည်း ဆက်ပြောပါတယ်။
လက်ရှိအခြေအနေမှာတော့ တောင်ကြီး တန်ဆောင်တိုင် ရိုးရာမီးပုံးပျံပွဲမှာ အမျိုးသားရေးဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် (National Level) အဆင့် သတ်မှတ်ခံရခြင်း မရှိသေးပေ။
လာမယ့် အောက်တိုဘာ ၂၇ ရက်မှ နိုဝင်ဘာ ၃ ရက်အထိ ရှမ်းပြည်နယ် ညောင်ရွှေမြို့မှာ“ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် များကို စာရင်းပြုစုမည့် အလုပ်ရုံဆွေးနွေးပွဲ”ကျင်းပဖို့ ရှိရာ တက်ရောက်လာမယ့် ယူနက်စကိုက ပညာရှင်တွေကို တောင်ကြီး တန်ဆောင် တိုင် ရိုးရာမီးပုံးပျံ ပွဲသို့ ဖိတ်ခေါ်ပြသရန် စီစဉ်ထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ထုတ် မြဝတီသတင်းစာမှာလည်း တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပွဲကို ကမ္ဘာ့ အမွေအနှစ်စာရင်းမှာ ထည့် သွင်းနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသန နဲ့ အမျိုးသားပြတိုက် ဦးစီးဌာန ညွန်ကြားရေးမှူး ဒေါ်နန်းလောဝ်ငင်း၏ ပြောကြားချက်ကို ကိုးကားပြီး ရေးသားထားပါတယ်။
ယူနက်စကို အဖွဲ့ရဲ့ ကမ္ဘာ့ အမွေအနှစ်စာရင်း ယဉ်ကျေးမှု ကဏ္ဍသတ်မှတ်ချက်မှာ ဒြပ်မဲ့ အမွေအနှစ်စာရင်းနဲ့ ဒြပ်ရှိ အမွေအနှစ် စာရင်း နှစ်ခုရှိပါတယ်။
ဒြပ်မဲ့ယဉ်ကျေးမှု (Intangible Cultural Heritage – ICH) ဆိုတာဟာ ထိတွေ့ကိုင်တွယ်လို့မရဘဲ စိတ်နဲ့ခံစားနားလည်တဲ့ ဘာသာ စကား၊ ပွဲတော်၊ အက၊ ဂီတ၊ ရိုးရာ ဓလေ့ထုံးစံများ၊ အတွေးအခေါ်အယူအဆ၊ လက်မှုပညာ၊ တိုင်းရင်းသား အသီးသီးရဲ့ ဝတ်စား ဆင်ယင်မှု၊ လူမှုဆက်ဆံရေး စနစ်၊ ယုံကြည်ကိုးကွယ်မှု၊ အသက်မွေးဝမ်းကျောင်း၊ အနုသုခမ ပညာ၊ ၁၂ လ ရာသီ ပွဲတော်များ၊ တိုင်းရင်းသား ရိုးရာပွဲတော်များကို သတ်မှတ်ထားပါတယ်။
ဒီကနေ့ ခေတ်မှာ ဒြပ်မဲ့ယဉ်ကျေးမှုကို ထိန်းသိမ်းလာပြီဖြစ်ရာ ယဉ်ကျေးမှု ဝန်ကြီးဌာန အနေနဲ့ ရှမ်းရိုးရာစကားပုံ၊ ကချင်ရိုးရာ စကားပုံ စတဲ့ ပါးစပ်ရာဇဝင်နဲ့ ဖော်ပြချက် ဘာသာစကားကိုးခု၊ မြန်မာ့ဆိုင်းဝိုင်း ၊ မြန်မာ့ရုပ်သေး ၊အငြိမ့်ပွဲ ၊ ရိုးရာ ပွဲတော်များ၊ အကများ စတဲ့ ဖျော်ဖြေမှုအနုပညာ ၂၁ ခု၊ ၁၂ လ ရာသီပွဲတော်တွေ၊ အင်းလေး ခြေခတ်လှေလှော်ပွဲတော်၊ မြန်မာ့သနပ်ခါး၊ အား ကစားနှင့် အစားအစာများ စတဲ့ လူမှုရေးအစဉ်အလာ အလေ့အထရိုးရာ ဓလေ့ ၁၀၂ ခု ရှိကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုဝန်ကြီး ဒေါ်စန္ဒာခင်က ပြောဆိုပါတယ်။
အဲဒီအပြင် ကယား-တစေး၊ မြန်မာတိုင်းရင်း မန်းဆေး၊ ရှမ်းမဟာဖြေဆေး စတဲ့ စကြဝဠာဆိုင်ရာ ဗဟုသုတများ၊ ရိုးရာ အစဉ် အလာ ဓလေ့ ၃ ခု၊ ရွှေချည်ထိုးလုပ်ငန်း၊ လွန်းရာကျော် ကြိုးကြီးချိတ် ရက်လုပ်ငန်း၊ ယွန်းထည်လုပ်ငန်း၊ တိုင်းရင်းသား ဂျပ်ခုတ် လုပ်ငန်း၊ မီးပုံးလုပ်ငန်း၊ ပျူပုတီးစေ့ လုပ်ငန်း စတဲ့ ရိုးရာလက်မှုပညာရပ် ၁၁၉ ခု၊ စုစုပေါင်း ၂၅၄ ခုကို အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတင်သွင်းနိုင်ရေးအတွက် စုဆောင်း ထားရှိပြီဖြစ်ကြောင်း၊ အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို အခု ထက် ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ပြည့်ပြည့်စုံစုံ ဖော်ထုတ်နိုင်ရေး တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများနဲ့ ဆွေးနွေးအဖြေထုတ်သွားမည်ဖြစ်ကြောင်း၊ ဆက်လက်ပြီး ကမ္ဘာ့ဒြပ် မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း သို့ တင်သွင်းနိုင်ရေး အတွက် ကုလသမဂ္ဂ ပညာရေး ၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့(UNESCO) သို့ ပေးပို့ တင်သွင်း သွားမည်ဖြစ်ပါကြောင်း ပြီးခဲ့တဲ့ အောက်တိုဘာ ၁၃ ရက်က အမျိုးသား လွှတ်တော်မှာ ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုဝန်ကြီး ဒေါ်စန္ဒာခင်က ပြောဆိုခဲ့ပါတယ်။
တကယ်လို့ တောင်ကြီး တန်ဆောင်တိုင် ရိုးရာမီးပုံပျံပွဲကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်ဖြစ်လာအောင် ဆောင်ရွက် နိုင်ပါက ကမ္ဘာ့လှည့် ခရီးသွားလုပ်ငန်း ဖွံဖြိုးရေးကို ဆွဲဆောင်နိုင်မှာ ဖြစ်ပါတယ်။