၁၉၇၄ ခုနှစ်မှာ ကမ္ဘာ့နိုင်ငံပေါင်း ၃၅ ခုမှာပဲ ဒီမိုကရေစီကို ကျင့်သုံးခဲ့ပါတယ်။ အမေရိကန်၊ ကနေဒါ၊ အနောက်နဲ့ မြောက်ဥရောပနိုင်ငံများ၊ အိန္ဒိယ၊ ဂျပန်၊ သြစတေးလျ၊ နယူးဇီလန်တို့ အပါအဝင် နိုင်ငံတွေပါ။ ကမ္ဘာ့နိုင်ငံအားလုံးရဲ့ ၃၀ ရာခိုင်နှုန်းတောင် မရှိဘူးလို့ ပြောလို့လည်း ရပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ အခြေအနေတွေ တော်တော်များများ ပြောင်းလဲထားပါပြီ။ ၂၀၁၃ မှာတော့ ဒီမိုကရေစီနိုင်ငံ ၁၂၀ အထိ များလာပြီး ကမ္ဘာ့နိုင်ငံအားလုံးရဲ့ ၆၀ ရာခိုင်နှုန်းကျော်အထိ ရှိလာပါတော့တယ်။
ဒါပေမယ့် မကြာသေးခင်က အဖြစ်အပျက်တွေကို ကြည့်လိုက်တဲ့အခါမှာတော့ အခြေအနေတွေက သိပ်ပြီး အားတက်စရာ မကောင်းဘူးဆိုတာ သွားတွေ့ရပါတယ်။ လွတ်လပ်မှုမရှိတဲ့ နိုင်ငံတွေမှာ လူထုအုံကြွမှုတွေ တော်တော်များများ (တခါတလေမှာ လူထုတရပ်လုံးလည်း ထောက်ခံ) ဖြစ်ပွားကြတာကို သတိပြုစရာကောင်းပါတယ်။ ယူကရိန်းမှာဆိုရင် လိမ္မော်ရောင် တော်လှန်ရေးနဲ့ ၂၀၁၄ ခုနှစ် လွတ်လပ်ရေးရင်ပြင် အုံကြွမှုတွေ၊ အီဂျစ်နိုင်ငံမှာဆိုရင် တာဟီရာရင်ပြင် တော်လှန်ရေးတွေ ဆင်နွဲခဲ့ပါတယ်။ မတူညီတဲ့ ယဉ်ကျေးမှုတွေ ထွန်းကားရာ ကမ္ဘာ့နေရာဒေသ အသီးသီးမှာ လူတွေက အကျင့်ပျက်ခြစား အစိုးရတွေကို လက်မခံ ဆန့်ကျင်ကြပြီး လွတ်လပ်မှု၊ အခွင့်အရေးနဲ့ လူသားဂုဏ်သိက္ခာတွေအတွက် ပြင်းပြင်းပြပြ တောင်းဆိုရင်း တိုက်ပွဲဝင်ခဲ့ကြပါတယ်။ ဒါပေမယ့် အဲဒီလို တောင်းဆိုတိုက်ပွဲဝင်မှုတွေက “မပြောပလောက်တဲ့ အောင်မြင်မှုတွေ” သာ ရထားသေးတယ်ဆိုတာကို ပြနေကြပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀-၁၅ နှစ်အတွင်းကို ပြန်ကြည့်လိုက်မယ်ဆိုရင်တော့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုတွေက ပန်းတိုင်ကိုရောက်ပြီး အောင်မြင်တာထက် ရှုံးနိမ့်သွားတာကို ပိုပြီးတွေ့မြင်လာရပါတယ်။ အဲဒီလို ရှုံးနိမ့်သွားရတဲ့ အကြောင်းရင်းတွေကို ရှာကြည့်လိုက်မယ်ဆိုရင်တော့ အကြောင်းအချက် တော်တော်များများကို သွားတွေ့ရမှာပါ။
တချို့နိုင်ငံတွေမှာ ဆိုရင်တော့ အုပ်ချုပ်နေတဲ့ အစိုးရတွေက ခေါင်းမာပြီး အကြမ်းဖက်နည်းတွေသုံး နှိမ်နှင်းချင်တဲ့ဆန္ဒ ရှိနေသလို စစ်တပ်ကလည်း အစိုးရကို သစ္စာရှိရှိ ထောက်ခံနေပါတယ် (အီရန်၊ ဆီးရီးယား၊ ဘာရိန်း၊ ဘယ်လာရုစ်၊ ဗင်နီဇွဲလား နိုင်ငံတွေပါ)။ တခြားနိုင်ငံတွေမှာတော့ အမှတ်လက္ခဏာတွေ အပေါ်မူတည်ကာ နိုင်ငံရေးစိတ်ဝမ်းကွဲပြားမှု နက်နက်ရှိုင်းရှိုင်းဖြစ်နေပြီး လက်ရှိအုပ်ချုပ်နေသူ အာဏာရှင်တွေကို ဖယ်ရှားလိုက်ပြီဆိုတာနဲ့ တိုင်းပြည်က မတည်ငြိမ်မှုတွေဖြစ်၊ ပြည်တွင်းစစ်တွေဖြစ်၊ နိုင်ငံ အစိတ်အစိတ်အမွှာမွှာ ပြိုကွဲပြီး လုံးလုံးပျက်စီးရပါတော့တယ် (အီရတ်၊ အာဖဂန်နစ္စတန်၊ ဂျော်ဂျီယာ၊ ယူကရိန်း၊ လစ်ဗျား၊ ဆီးရီးယား)။ ဒါ့အပြင် တိုင်းပြည်တွေမှာ ရေနံနဲ့ သဘာဝဓတ်ငွေ့တွေ ရှိထားတာကလည်း ကောင်းကျိုးတွေ ဖြစ်လာတာထက်စာရင် ဆိုးကျိုးတွေပဲ ဖြစ်လာတတ်တယ်ဆိုတာကို ကျနော်တို့ သိထားတာလည်းကြာပါပြီ။
ဒီမိုကရေစီ အသွင်ကူးပြောင်းမှု မအောင်မြင်တဲ့ နိုင်ငံတွေမှာ စည်းရုံးမှုမရှိ၊ စိတ်ဝမ်းကွဲပြားနေတဲ့ အတိုက်အခံတွေကို တွေ့ရပါလိမ့်မယ် (လစ်ဗျား၊ ဆီးရီးယား၊ ယူကရိန်း၊ အီဂျစ်)။ မကောင်းတဲ့ အိမ်နီးချင်းနိုင်ငံတွေက ဘေးပတ်ဝန်းကျင်နိုင်ငံရဲ့ ဒီမိုကရေစီအရေး အားထုတ်ကြိုးပမ်းမှုကို တက်တက်ကြွကြွနဲ့ နှောက်ယှက်ဖျက်ဆီးနေပြီ ဆိုရင်လည်း ပျက်စီးဖို့က သေချာသလောက်ပါပဲ။ ဂျော်ဂျီယာ၊ ယူကရိန်းနဲ့ ဘယ်လာရုစ်တွေရဲ့ ပြည်တွင်း ဒီမိုကရေစီအရေး ကြိုးစားမှုကို ပူတင်ရဲ့ ရုရှားနိုင်ငံက ဘယ်လိုဖျက်ဆီးထားတယ် ဆိုတာကိုပဲ ကြည့်ပါ။ ဘာရိန်းနဲ့ အီဂျစ်နိုင်ငံတွေမှာ ဆော်ဒီအစိုးရရဲ့ အခန်းကဏ္ဍနဲ့ ဆီးရီးယားနိုင်ငံမှာ အီရန်နဲ့ ရုရှားနိုင်ငံတွေရဲ့ အခန်းကဏ္ဍတွေကိုလည်း ကြည့််နိုင်ပါတယ်။
ဆင်းရဲတဲ့နိုင်ငံတွေမှာ ဒီမိုကရေစီကို ထူထောင်ရတာ ခက်ခဲတယ်။ နိုင်ငံရေးဗဟုသုတ အတွေ့အကြုံ မရှိရင်လည်း ခက်ခဲတယ်ဆိုတာကို အရင်တုန်းကလည်း သိထားသလို မကြာသေးခင်က ဥပမာတွေကို ကြည့်ခြင်းအားဖြင့်လည်း သိနိုင်ပါတယ်။
အဲဒီလိုမျိုး ဒီမိုကရေစီ အသွင်ကူးပြောင်းမှု မအောင်မြင်အောင် နှောင့်ယှက်ဟန့်တားတဲ့ အခက်အခဲတွေနဲ့ နှောင့်ယှက် ဖျက်ဆီးသူတွေကို အခု မြန်မာနိုင်ငံမှာလည်း ရှိ၊ မရှိ နှိုင်းယှဉ်ကြည့်လိုက်မယ်ဆိုရင် ရှိနေတယ် ဆိုတာကို အလွယ်တကူ မြင်နိုင်ပါတယ်။ မြန်မာနိုင်ငံက ဆင်းရဲပါတယ်။ ဒီမိုကရေစီ နိုင်ငံရေးဗဟုသုတ အတွေ့အကြုံမရှိတဲ့ ဖွံ့ဖြိုးမှု နည်းပါးသော နိုင်ငံလည်း ဖြစ်ပါတယ်။ တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ စစ်တပ်အတွင်းပိုင်းမှာ စုစည်းညီညွတ်မှု ရှိနေဆဲဖြစ်ပြီး ၎င်းရဲ့ အကျိုးစီးပွားတွေကို ကာကွယ်ဖို့အတွက် လိုအပ်မယ်ဆိုရင် အင်အားသုံး နှိမ်နှင်းဖို့အတွက်ကိုလည်း အဆင့်သင့် ဖြစ်နေနိုင်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံက အမှတ်လက္ခဏာတွေအပေါ် မူတည်ပြီး နိုင်ငံရေး စိတ်ဝမ်းကွဲပြားမှု နက်နက်ရှိုင်းရှိုင်းဖြစ်၊ ရေနံ၊ သယံဇာတတွေလည်း အများကြီးလည်း ရှိ၊ မကောင်းတဲ့ အိမ်နီးချင်းနိုင်ငံတွေလည်း ရှိပါတယ်။ နိမိတ်ဆိုးဖတ် ဟောကိန်းထုတ်ပေးချင်တဲ့ ဆန္ဒတွေ မရှိပေမယ့် မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းမှုက ခက်ခဲကြမ်းတမ်းပါမယ်။ မိုင်းတွေအများကြီး ထောင်ထားတဲ့ မိုင်းကွင်းကို ဖြတ်သန်းရသလိုတောင် ဖြစ်နေပါမယ်။ မိုင်းတွေချည်းပဲတင်လားဆိုတော့ မဟုတ်သေးဘဲ မိုင်းတွေအောက်မှာလည်း မီးတောင်တွေ ရှိနေပါသေးတယ်။
၂၀၁၅ ခုနှစ်မှာ ကျင်းပတော့မယ့် ရွေးကောက်ပွဲတွေက အန္တရာယ်များတဲ့ အနေအထားပါ။ အရှုံးအနိုင် အနေအထားက မြင့်မားတာရယ်၊ ခံစားမှုတွေ လွန်ကဲတာရယ်၊ ပြိုင်ဆိုင်မှုတွေ ပြင်းထန်တာကြောင့် အကြမ်းဖက်မှုတွေ ဖြစ်ပွားလာနိုင်ပါတယ်။ ရွေးကောက်ပွဲကြောင့် အကြမ်းဖက်မှုတွေ ဖြစ်ပွားထားတဲ့ နိုင်ငံတွေကို လေ့လာလိုက်ပြီး သူတို့တွေရဲ့ အခြေအနေနဲ့ မြန်မာနိုင်ငံကို နှိုင်းယှဉ်လိုက်တဲ့အခါ မယုံသင်္ကာမှုတွေ၊ အမုန်းတရားတွေ၊ တင်းမာမှုတွေ၊ အကြမ်းဖက်မှုတွေ ဖြစ်ပေါ်လာအောင် စေ့ဆော်တိုက်တွန်းပေးနေတဲ့ အခြေအနေတွေက မြန်မာနိုင်ငံမှာ အခုကိုပဲရှိနေပါတယ်။
နောက်ထပ် အခြေအနေတခုကိုလည်း နားလည်ထားဖို့က အရေးကြီးပါသေးတယ်။ ၂၀၁၅ ရွေးကောက်ပွဲကို အနိုင်ရပြီးတက်လာတဲ့ အစိုးရက ဘယ်ပါတီကပဲ ဖြစ်နေပါစေ၊ ဖြေရှင်းရမယ့် အခက်အခဲတွေကတော့ တိုင်းပြည်မှာ အများကြီး ရှိနေပါလိမ့်မယ်။ အရင်အစိုးရ အဆက်ဆက်ကနေ အမွေပေး ချန်ထားခဲ့တဲ့ ပြဿနာတွေကတဖက်၊ အခက်အခဲတွေကို ချက်ချင်းလက်ငင်း ဖြေရှင်းပေးစေပြီး ပိုမိုကောင်းမွန်တဲ့ ဘဝတွေကို ချက်ချင်းလက်ငင်း ပိုင်ဆိုင်လိုတဲ့ ပြည်သူတွေရဲ့လိုအင်ဆန္ဒတွေက တဖက်ဆိုပြီး နှစ်ဖက်ကြားမှာလည်း အဲဒီအစိုးရက ညပ်နေပါလိမ့်မယ်။ အဲဒီတော့ နောင်တက်လာမယ့် မြန်မာအစိုးရက ကမ္ဘာပေါ်မှာ အကောင်းဆုံးအစိုးရ ဆိုရင်တောင် ပြဿနာတွေကို ဖြေရှင်းပေးနိုင်မယ်တော့ မဟုတ်ပါ။
ရက်စက်ကြမ်းကြုတ်ပြီး ဆိုးသွမ်းတဲ့ စစ်အာဏာရှင် စနစ်အောက်မှာ ဆယ်စုနှစ်ပေါင်းများစွာ နေလာခဲ့ရတာကြောင့် မြန်မာနိုင်ငံက ပုံမှန်လည်ပတ်နေတဲ့ နိုင်ငံမဟုတ်တော့ဘဲ အခွန်တွေကို မကောက်ခံနိုင်သေးပါ။ သဘာဝသယံဇာတ ရောင်းချပြီး ရလာတဲ့ ဝင်ငွေတွေကိုလည်း မထိန်းသိမ်းနိုင်တော့ပါ။ ပြည်တွင်းဘဏ်တွေကလည်း ငွေထုတ်ချေးနိုင်တဲ့ အစွမ်းအစတွေ ရှိမလာသေးပါ။ မီးရထားလမ်းတွေ ကားလမ်းတွေအခြေအနေကလည်း အလွန်တရာကို ဆိုးဝါးနေပြီး လျှပ်စစ်မီး ပြတ်တောက်မှုကလည်း ဆိုးဆိုးဝါးဝါး ဖြစ်ပေါ်နေတာကြာပါပြီ။ ပညာရေး ကျန်းမာရေးစနစ်ဆိုတာလည်း အားကိုးလို့ မရလောက်အောင်ကို ပျက်စီးနေတာပါ။ အဲဒီလိုမျိုး ပုံမှန်လည်ပတ်နေတာ မဟုတ်တဲ့ နိုင်ငံတခုကို နောင်တက်လာတဲ့ ဘယ်လိုအစိုးရမျိုး မဆိုက ကိုင်တွယ် မောင်းနှင်ရပါတော့မယ်။ အစိုးရအနေနဲ့ ကျတော့လည်း အခက်အခဲတွေ အားလုံးကို အချိန်တိုအတွင်း နေ့ချင်းညချင်း ပြေလည်သွားအောင် ဖြေရှင်းပေးဖို့ဆိုတာ မဖြစ်နိုင်သလို၊ ပြည်သူတွေက ကျတော့လည်း စောင့်ဆိုင်းနေရတာကို စိတ်မရှည်အောင် ဖြစ်နေပါပြီ။ ဘဝအခြေအနေတွေ တိုးတက်ကောင်းမွန်လာဖို့ ဆိုတာကိုပဲ ချက်ချင်းလက်ငင်း လိုချင်နေကြတာပါ။ ဒါကြောင့်မို့ တက်လာတဲ့ အစိုးရက ဘယ်ပါတီကဖြစ်ပါစေ၊ ကြီးမားတဲ့ ဖိအားတွေအောက်ကို ကျရောက်လာမှာ ဖြစ်ပေမယ့် အစိုးရနဲ့ နိုင်ငံရေး အတိုက်အခံတွေကြား အမြဲတမ်း ထိပ်တိုက်တွေ့ ပြိုင်ဆိုင်တာနဲ့ပဲ အချိန်ကုန်နေမယ် ဆိုရင်တော့ ပြဿနာတွေ ဖြေရှင်းနိုင်ရေးအပေါ်ကို အာရုံစိုက်နိုင်မယ် မဟုတ်တော့ပါ။
အဆိုပါ အချက် ၃ ချက်ကြောင့် မြန်မာနိုင်ငံအတွက် အကောင်းဆုံး အနေအထားက အဓိကနိုင်ငံရေး အုပ်စုတွေကြားမှာ ပူးပေါင်းဆောင်ရွက် ပြိုင်ဆိုင်ခြင်းဆိုတာဖြစ်ပြီး ရွေးကောက်ပွဲအပြီး အစိုးရကို ဘယ်လို အာဏာခွဲဝေ ဖွဲ့စည်းမယ်ဆိုတဲ့ အစီအမံတရပ်ကို ရွေးကောက်ပွဲ မတိုင်ခင်မှာ ရယူထားဖို့ လိုပါတယ်။ ရွေးကောက်ပွဲ ရလဒ်တွေအပေါ် မူတည်ပြီး အာဏာခွဲဝေ ဖွဲ့စည်းမယ့် အမျိုးသားညီညွတ်ရေးနဲ့ ပြန်လည်ရင်ကြားစေ့ရေး အစိုးရမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) ရယ်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရယ်၊ တပ်မတော်နဲ့ အဓိကတိုင်းရင်းသား ခေါင်းဆောင်တွေ ပါဝင်ပါလိမ့်မယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေမှာ အနိုင်ရသူ ဘယ်နိုင်ငံရေး ပါတီမဆိုက သမ္မတရာထူး၊ ဝန်ကြီးနေရာတွေ အားလုံးရဲ့ ၅၀ ရာခိုင်နှုန်းနဲ့ ပြည်ထဲရေးဝန်ကြီး နေရာတွေကို ရမှာဖြစ်ပါတယ်။ ဒုတိယနေရာကိုလိုက်တဲ့ နိုင်ငံရေးပါတီ (ရွေးကောက်ပွဲမှာ ရှုံးမှာဖြစ်ပေမယ့် တိုင်းပြည်ရဲ့ ဒုတိယအကြီးဆုံးပါတီ) ကတော့ ရွေးကောက်ပွဲအကြို အာဏာခွဲဝေရေး သဘောတူညီချက်တွေအတိုင်း လွတ်တော်ဥက္ကဌ နေရာတခုနဲ့ ဝန်ကြီးနေရာတွေ ၂၅ ရာခိုင်နှုန်းကို ရပါလိမ့်မယ်။ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ တိုင်းရင်းသားပါတီတွေ အနေနဲ့လည်း ဒုသမ္မတရာထူးတခုနဲ့ အထက်လွှတ်တော် ဥက္ကဌနေရာတွေအတွက် အမည်စာရင်း တင်သွင်းခွင့်ရမှာဖြစ်ပြီး နယ်စပ်ဒေသရေးရာ ဝန်ကြီးအပါအဝင် ဝန်ကြီးနေရာတွေ ၂၅ ရခိုင်နှုန်းကိုလည်း ရပါလိမ့်မယ်။ တပ်မတော် အနေနဲ့ကတော့ လက်ရှိအနေအထားအတိုင်း လွှတ်တော်အတွင်း ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းနဲ့ ကာကွယ်ရေးဝန်ကြီး နေရာတွေကို ဆက်လက် ရယူထားခွင့်ပေးမှာ ဖြစ်ပါတယ်။
အဲဒီလိုမျိုး အာဏာခွဲဝေရေး အစီအမံတွေ ရှိထားတာတောင်မှပဲ ၂၀၁၅ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်စရာတွေ အများကြီး ကျန်ရှိနေပါလိမ့်မယ်။ ဒါပေမယ့် အဓိကကျတဲ့ နိုင်ငံရေးခေါင်းဆောင်တွေ အားလုံးက အနာဂတ်မှာ ဖွ့ဲစည်းမယ့် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး အစိုးရအဖွဲ့ထဲမှာ ပါဝင်လာပါလိမ့်မယ်။ အဆိုပါညွန့်ပေါင်း အစိုးရက တရားဝင်မှုရှိ၊ လူကြိုက်များ၊ အားလုံးပါဝင်ရေးကို ဦးစားပေး၊ ပြဿနာတွေကို ဖြေရှင်းတဲ့ လုပ်ပိုင်ခွင့်တွေ အပြည့်အ၀ ရှိနေပါမယ်။ လေးနက်တဲ့ ပြုပြင်ပြောင်းလဲမှုတွေကို လုပ်ဆောင်၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဖြစ်ပေါ်လာအောင်လုပ်၊ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အခြေခံကျတဲ့ ပြန်လည် တည်ဆောက်ရေးတွေကိုလည်း လုပ်နိုင်ပါလိမ့်မယ်။ တခြားတဖက်မှာ ကျတော့လည်း နောင်အသစ် ပေါ်ပေါက်လာတဲ့ လွှတ်တော်က အခြေခံဥပဒေ အစိတ်အပိုင်း တော်တော်များများကို ပြန်ပြင်ရေးဆွဲခြင်း၊ ဒါမှမဟုတ် အသစ်တခုလုံး ပြန်လည်ရေးဆွဲခြင်း အတွက်ကိုလည်း တိုင်ပင်ဆွေးနွေး နိုင်လောက်အောင် တရားဝင်မှုရှိ၊ ကိုယ်စားပြုမှုရှိ၊ အားလုံးပါဝင်မှု ရှိလာပါလိမ့်မယ်။
ဒါပေမယ့် အားလုံးကောင်းတာတွေ ဖြစ်စေချင်ပေမယ့်လည်း လက်တွေမှာ ဖြစ်နေတာတော့ မဟုတ်ပါ။ လွန်ခဲ့တဲ့ လတွေအတွင်း ဖြစ်ပေါ်တာတွေကို ကြည့်ထားရင် ကြံ့ခိုင်ရေးပါတီနဲ့ ဦးသိန်းစိန်အစိုးရတို့က တကယ်စစ်မှန်တဲ့ စေ့စပ်ညှိနှိုင်းမှုတွေ လုပ်ဆောင်ပြီး အပေးအယူ လုပ်မယ်လို့ စိတ်ကူးမထားဘူးဆိုတာ ပေါ်လွင်ပါတယ်။ ကျင်းပတော့မယ့် ရွေးကောက်ပွဲတွေမှာ အနိုင်ရပြီး စစ်အုပ်ချုပ်ရေး ခေတ်အလွန်မှာ ပေါ်ပေါက်လာခဲ့တဲ့ အီလစ်တွေနိုင်ငံရေးမှာ ဆက်လက် လွှမ်းမိုးထားနိုင်မယ်လို့ လက်ရှိ မြန်မာအစိုးရ ယုံကြည်ထားပုံရပါတယ်။ စီးပွားရေးအရ လုပ်ပိုင်ခွင့်အာဏာတွေကို အခုထက် ပိုချုပ်ကိုင်ပြီး နိုင်ငံရေးမှာ ကြီးကြပ်သူအဖြစ် ဒိုင်လူကြီးအဖြစ် စစ်တပ်က ဆက်လက် ရပ်တည်နိုင်ရေး (ပါကစ္စတန်နဲ့ ထိုင်းမှာလို) အတွက် အီလစ်တွေက အုပ်ချုပ်ရေးအာဏာကို နောက်ထပ် ၅ နှစ် ဆက်ယူထားရေး ဆိုတာကပဲ အခုလက်ရှိအစိုးရရဲ့ မဟာဗျူဟာ ရည်မှန်းချက် ဖြစ်နေပုံပါပဲ။
စစ်အုပ်ချုပ်ရေး အလွန်မှာ ပေါ်ပေါက်လာတဲ့ အတုအယောင်-အရပ်သား ပြုပြင်ပြောင်းလဲရေး အစိုးရကလည်း ဒီမိုကရေစီကို ယူဆောင်လာပေးချင်တဲ့ စိတ်ရှိပုံမရဘဲ (ကမ္ဘောဒီးယားမှာလို) အာဏာရှင်တပိုင်း စပ်ကြားအစိုးရ ကပြားအစိုးရစနစ်ကိုပဲ ထူထောင်ချင်ပုံပါ။ မျက်နှာထားချိုသာ အပြောကောင်းတဲ့ ပြုပြင်ပြောင်းလဲရေး အစိုးရနောက်ကွယ်မှာ စစ်တပ်ရယ်၊ စီးပွားရေး ထိပ်တန်းလွှာတွေရယ်၊ ဘာသာရေးအစွန်းရောက် အုပ်စုတွေရယ်က သံမဏိ ၃ ချောင်းထောက်လိုမျိုး ရပ်တည်ထောက်ခံ ပေးထားပါတယ်။ နိုင်ငံရေးကို တံခါးဖွင့်ပေးလိုက်ပေမယ့်၊ လွတ်လပ်ခွင့်တွေ ပေးလိုက်ပေမယ့်၊ ရွေးကောက်ပွဲတွေ ကျင်းပခွင့် ပေးလိုက်ပေမယ့် ရယူထားတဲ့ အထူး အခွင့်အရေးတွေနဲ့ သြဇာလွှမ်းမိုးမှုတွေကို မထိပါးအောင် အဆိုပါ သံမဏိ ၃ ချောင်းထောက်က အပြောင်းအလဲတွေကို အလွယ်တကူ ဖမ်းဆုပ်ချုပ်ကိုင်ထားနိုင်ပါလိမ့်မယ်။ သံမဏိ ၃ ချောင်းထောက်ရဲ့ မဟာဗျူဟာ ရည်မှန်းချက်က တည်ငြိမ်မှုရှိပြီး၊ စီးပွားရေး လုပ်ငန်းရှင်တွေကို ဦးစားပေးဆက်ဆံတဲ့ အာဏာရှင်တပိုင်း စပ်ကြားအစိုးရ ကပြားအစိုးရစနစ် (စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ) ထူထောင်ရေးပါ။ အစိုးရရဲ့ အဲဒီလိုမျိုး ရွေးချယ်မှုက တိုင်းပြည်ကို အန္တရာယ်များတဲ့ လမ်းကြောင်းပေါ် တွန်းတင်ပေးနေပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကကျတော့ သူတို့ကို အခိုင်အမာ ထောက်ခံသူတွေကို တက်ကြွလာအောင် စည်းရုံးလှုံ့ဆော်နေပြီး လူထုအင်အားပြ နိုင်ငံရေးကို လုပ်ဆောင်နေပါတယ်။ တဖက်မှာကျတော့လည်း အစိုးရက အစွန်းရောက် အမျိုးသားရေးနဲ့ ဘာသာရေးလှုပ်ရှားမှုတွေ ကြီးထွားလာအောင် ခွင့်ပြုပေးထားပါတယ် (ထောက်လှမ်းရေးအဖွဲ့တွေ ချုပ်ကိုင်ထားတဲ့ ကွန်ရက်တွေကနေတဆင့် သွေးထိုးလှုံ့ဆော်တာတောင်မှ ဖြစ်နိုင်ပါတယ်)။ အဲဒီတော့ နှစ်ဖက်လုံးက လူထုအင်အားပြ နိုင်ငံရေးတွေကို လုပ်ဆောင်နေကြတာဖြစ်ပြီး “ကျွဲ” ၂ ကောင် ရင်ဆိုင် ခတ်ကြတော့မယ့် အနေအထားပါပဲ။ ရှိသမျှအင်အားတွေ အားလုံးကို စုစည်းပြီး အရှိန်အဟုန်ပြင်းပြင်းနဲ့ ရင်ဆိုင်နေကြတာတော့ မဟုတ်သေးပေမယ့် နှစ်ဖက်နိုင်ငံရေး ခေါင်းဆောင်တွေကြားမှာ စေ့စပ်ညှိနှိုင်းတာတွေ ဖြစ်ပေါ်မလာဘူးဆိုရင်တော့ အရှိန်အဟုန်အပြည့််နဲ့ ရင်ဆိုင်တိုက်ခိုက်ကြတာတွေ ဖြစ်လာနိုင်ပါတယ်။ ကျွဲ ၂ ကောင်သာ ၂၀၁၅ ခုနှစ်မှာ ရင်ဆိုင်မိကြရင် တိုင်းပြည်ရဲ့အခြေအနေက အဆိုးဆုံးအထိကို ရောက်သွားနိုင်ပါတယ်။
ဖြစ်မလာပါစေနဲ့တော့လို့ မျှော်လင့်မိပါတယ်။ ဒီမိုကရေစီလမ်းကြောင်း လွဲချော်သွားတဲ့ နိုင်ငံတွေ (ပထမဆုံးအနေနဲ့ ယူဂိုဆလားဗီးယားနဲ့ ဘော့စနီးယားမှာ) မှာ နေထိုင်ဖူးသူ၊ ကိုယ်တိုင်တွေ့ကြုံဖူးသူ တယောက်အနေနဲ့ ကျနော် မျှော်လင့်မိတာကတော့ မြန်မာနိုင်ငံက နိုင်ငံရေးခေါင်းဆောင်တွေ အားလုံးအနေနဲ့ နိုင်ငံရေးထိပ်တိုက်တွေ့ခြင်းရဲ့ အန္တရာယ်တွေ စွန့်စားရမှုတွေကို နားလည်လာမယ် ဆိုတာပါပဲ။ ခံစားမှုတွေ မြင့်တက်လာပြီး ပြိုင်ဆိုင်မှုတွေ ပြင်းထန်လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံရေးခေါင်းဆောင်တွေက စေ့စပ်ညှိနှိုင်းရေး စားပွဲဝိုင်းမှာ ပြန်ထိုင်ကြပြီး အခြေခံကျတဲ့ နိုင်ငံရေး သဘောတူညီချက်တွေလောက်ကိုတော့ အနည်းဆုံးအားဖြင့် ရယူနိုင်ကြမယ်လို့လည်း မျှော်လင့်ထားပါတယ်။
“ကိုယ်နိုင်-သူရှုံး” ဆိုတဲ့ အကြွင်းသုည ကစားပွဲက “နိုင်သူမရှိ-အားလုံး “ရှုံး” ဆိုတဲ့ အခြေအနေဆီကို အလွယ်တကူ ကူးပြောင်းသွားနိုင်ပါတယ်။ အဲဒီအတွက် ယူဂိုဆလားဗီးယား နိုင်ငံသားတွေ၊ ဆီးရီးယား နိုင်ငံသားတွေ၊ အီဂျစ်နိုင်ငံသားတွေကို မေးကြည့်ရင်လည်း သိနိုင်ပါတယ်။ နိုင်ငံရေးအရ စေ့စပ်ညှိနှိုင်းကြပြီး အာဏာခွဲဝေရေး အစီအမံတရပ်ကို ရွေးကောက်ပွဲမတိုင်ခင် ရအောင်ယူနိုင်ကြရင်တော့ မြန်မာနိုင်ငံတခုလုံးက အခြေအနေ ကောင်းသွားနိုင်ပါတယ်။ ပိုပြီး ပြည်ြ့ပည့်စုံစုံ သိချင်ရင်တော့ ပိုလန်နိုင်ငံသားတွေ၊ တောင်အာဖရိက နိုင်ငံသားတွေ၊ တူနီးရှား နိုင်ငံသားတွေကို မေးကြည့်နိုင်ပါတယ်။
အီဂေါ ဗလာဇီဗစ်သည် ပညာရှေ့ဆောင် (Educational Initiatives) ကျောင်းအုပ်ကြီး ဖြစ်သည်။ Educational Initiatives (www.eduinitiatives.org) သည် ဒီမိုကရေစီနှင့် ပတ်သက်သော သင်တန်းများ၊ အရည်အသွေးမြှင့် သင်တန်းများကို ပို့ချပေးနေသော ရန်ကုန်အခြေစိုက် အဖွဲ့အစည်းဖြစ်သည်။