ရခိုင်ပြည်နယ် အတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးမှု သတင်းများ မကြာခဏထွက်ပေါ်နေသကဲ့သို့ ကျောင်းသား လူငယ်၊ လူရွယ်များ ကြားတွင်လည်း မူးယစ်ဆေးဝါး သုံးစွဲမှု များပြားလာနေခြင်းကြောင့် ဒေသခံများက စိုးရိမ်နေကြသည်။
ရခိုင်ဒေသရှိ မြို့နယ်အများစု၌ ယခုအခါ မူးယစ်ဆေးဝါးသုံးစွဲသူ ပိုမိုများပြားလာကာ ယခုနှစ်အနည်းငယ်တွင် ယခင်ထက် ၂ ဆ ခန့် များပြားလာကြောင်း၊ လူငယ်၊ လူရွယ် ၁၀၀ တွင် ၅၀ ရာခိုင်နှုန်းကျော်အထိ သုံးစွဲလာကြကြောင်း၊ အထူးသဖြင့် စစ်တွေ၊ ကျောက်ဖြူ၊ ကျောက်တော်၊ မြောက်ဦး၊ မောင်တော၊ ဘူးသီးတောင် စသည့်ဒေသများ၌ ဆေးသုံးစွဲသူ ဦးရေ မြင့်မားလာနေကြာင်း ရခိုင် ဒေသခံများ က ဧရာဝတီ ကို ပြောဆိုကြသည်။
မောင်တော ဒေသခံ ဦးဘရွှေက“အသက် ၁၈ နဲ့ ၂၅ ကြားက လူငယ်တွေ ပိုပြီး သုံးလာကြတယ်၊ နယ်စပ်ဒေသ ဆိုတော့ ပို ဆိုး တာပေါ့၊ ရဲတပ်ဖွဲ့တို့၊ သက်ဆိုင်ရာ အာဏာပိုင်တွေကလည်း အလေးထား တားဆီးတာတွေ မရှိဘူး၊ ကျနော်တို့ မောင်တောက ကျဉ်းကျဉ်းလေးဆိုတော့ ဘယ်သူတွေက ရောင်းတယ်၊ ဝယ်တယ်ဆိုတာ လူတိုင်းကသိကြပါတယ်”ဟု ဧရာဝတီ ကို ပြောသည်။
ထို့အတူ စစ်တွေ ဒေသတဝိုက်တွင်လည်း တက္ကသိုလ်ကျောင်းများ၌သာမက အထက်တန်းကျောင်းများ၌ပင် ရောင်းဝယ်သုံးစွဲမှုများရှိနေကြောင်း၊ အာဏာပိုင်များအနေဖြင့်လည်း ထိထိရောက်ရောက် ကာကွယ်တားဆီးမှု အားနည်းကြောင်း စစ်တွေ မြို့ခံများ က ပြောသည်။
“ရခိုင်ပြည်မှာ မူးယစ်ဆေးဝါးသုံးစွဲမှုဟာ စစ်တွေမြို့က အဆိုးဆုံးလို့ ဆိုရမှာပါ၊ အထူးသဖြင့် ကျောင်းသား၊ လူငယ်ထုကြားမှာ ပြန့်နှံ့နေမှု အတိုင်းအတာဟာ အင်မတန်မှ စိုးရိမ်စရာကောင်းတဲ့ အခြေအနေဖြစ်နေပါတယ်”ဟု စစ်တွေ ဒေသခံနှင့် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော် က ဧရာဝတီ ကို ပြောသည်။
စစ်တွေမြို့၌ လူငယ်များနှင့်လူလတ်ပိုင်းအရွယ်အထိ အသုံးပြုမှု မြင့်တက်လာနေကြောင်း၊ ယခင်က အရက်ကိုသာ သောက်သုံးမှုများ ရှိခဲ့ရာမှ ယခုအခါ မူးယစ်ဆေးဝါးကိုပါ သုံးစွဲမှုများ ရှိလာခြင်းကြောင့် လူငယ်များ၏ ရုပ်ပိုင်း၊ စိတ်ဓာတ်ပိုင်းဆိုင်ရာများမှာ ယိုယွင်း မှုများ ရှိလာနေကြောင်း သိရသည်။
ဦးအောင်မြကျော် က“မူးယစ်ဆေး သုံးစွဲသူ လူငယ်တွေရဲ့ရုပ်က ကြည့်ရင်သိသာပါတယ်။ တချို့ဆို ရုပ်ပိုင်းဆိုင်ရာ အတော် ဆိုးပါတယ်၊ သူတို့ကို ကြည့်ရတာ စိတ်လုံး၀ မချမ်းသာပါ”ဟု ဆိုသည်။
စစ်တွေမြို့တွင် အထက်တန်းကျောင်း တချို့၌ မူးယစ်ဆေးဝါးကို အလွယ်တကူ ရနိုင်ကြောင်း၊ ဈေးဆိုင်၊ ကွမ်းယာဆိုင် တ ချို့တွင်လည်း ရောင်းချမှုများရှိကြောင်း၊ ရောင်းချသူများ၌ စီးပွားရေး သမားများအပြင် သက်ဆိုင်ရာ အာဏာပိုင်တချို့၊ ကျောင်းဆရာ တချို့ပင် ပါဝင်ပတ်သက်မှုများ ရှိနေကြောင်းလည်း စစ်တွေ မြို့ခံများ က ပြောဆိုကြသည်။
ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံ၌ အဆင်းရဲဆုံး ပြည်နယ်တခုဖြစ်ပြီး စီးပွားရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေး စသည်ဖြင့် အဘက်ဘက်မှ နိမ့်ပါးနေမှုကို အခွင့်ကောင်းယူ၍ ကိုယ်ကျိုးရှာနေကြသည့် ဒေသခံ စီးပွားရေးသမား အများအပြားကလည်း မူးယစ်ဆေးဝါး ရောင်းဝယ်မှုများ၌ ပါဝင် ပတ်သက်မှုရှိနေကြောင်း သိရသည်။
စီးပွားရေးသမားများသည် ရခိုင်ဒေသ၌ မူးယစ်ဆေး ဖြန့်ဖြူး ရောင်းချနေကြသည့် အပြင် ရခိုင်ဒေသအား ကြားခံထား၍ ထိုမှတဆင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့လည်း တင်သွင်းရောင်းချနေကြကြောင်း ရခိုင်ဒေသခံများက ပြောသည်။
မြောက်ဦးမြို့ရှိ နန်းတော်ကုန်းဝင်းထဲ၌ ကျပ် သိန်းပေါင်း တသောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ပြီးခဲ့သည့် စက်တင်ဘာ လ အတွင်းက သိမ်းဆည်း ရမိခဲ့သော်လည်း ထိုဆေးဝါးများ၏ ပိုင်ရှင်ကို ဖမ်းဆီး ဖော်ထုတ်နိုင်ခြင်း မရှိသေးပေ။ ထိုပိုင်ရှင်သည် ဒေသခံ စီးပွားရေး လုပ်ငန်းရှင်တဦးဦး ဖြစ်နိုင်ခြေရှိကြောင်း မြောက်ဦး မြို့ခံများက ခန့်မှန်း ပြောဆိုနေကြသည်။
မြောက်ဦး ဒေသခံ ဦးမောင်သန်းက“မူးယစ်ဆေးတွေကို နန်းတော်ရာဝင်းထဲမှာ ကစားနေကြတဲ့ ကလေးတွေက စတွေ့တာပါ၊ ဒါပေမယ့် ပိုင်ရှင်ကိုတော့ ရဲတပ်ဖွ့ဲက မဖော်ထုတ်နိုင်သေးပါဘူး၊ မြို့ခံတွေကလည်းပဲ ထင်ကြေးပေး ခန့်မှန်းတာလောက်ပဲ ပြောနိုင်ကြ တယ်၊ အတိအကျ မပြောနိုင်ကြသေးဘူး၊ ဒီလောက်အများကြီး ဖမ်းမိတာ မြောက်ဦး အနေနဲ့ ဒါ ပထမ ဆုံးပဲ”ဟု ဆိုသည်။
မြောက်ဦးမြို့၌ ဖမ်းမိသည့် စိတ်ကြွဆေးပြား အရေအတွက်သည် အလုံးရေ ၄ သိန်းကျော်ကြောင်း၊ ထိုဆေးများကို မြောက် ဦးမြို့ နန်းတော်ကုန်းရှိ ခြုံပုတ် အတွင်း၌ ပလတ်စတစ် ခြင်းတောင်းတခုတွင် အထုပ်ဖြင့်ထည့်၍ လျှို့ဝှက်ထားကြောင်း၊ ပိုင်ရှင်ကို အမြန် ဆုံး ဖော်ထုတ်နိုင်ရန် ဆောင်ရွက်နေကြောင်း မြောက်ဦးမြို့နယ် ရဲတပ်ဖွဲ့မှူး က ပြောဆိုထားသည်။
သိန်းချီသည့် စိတ်ကြွဆေးပြားများကို လူအများ ဝင်ထွက်သွားလာနေသည့် နန်းတော်ကုန်း အတွင်း၌ လာထားသည့်အတွက် လူအများက အံ့သြနေကြကြောင်း၊ ထိုစိတ်ကြွဆေးပြားများသည် မြောက်ဦးဒေသ၌ ဖြန့်ချိရန် မဖြစ်နိုင်ဘဲ တခြားဒေသများ သို့ ပို့ဆောင်ရန် ဖြစ်နိုင်ကြောင်း မြောက်ဦး ဒေသခံများ က ပြောဆိုကြသည်။
အရေအတွက်များပြားသည့် ထိုစိတ်ကြွဆေးပြားများကို မြောက်ဦးမှ တခြား ဒေသများနှင့်နယ်စပ်ဒေသမှ တဆင့် တခြားနိုင်ငံ သို့ တင်ပို့ရန်လည်း ဖြစ်နိုင်ကြောင်း ဦးမောင်သန်း က ပြောသည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ အစိုးရ အာဏာပိုင်များ ကလည်း မူးယစ် ကူးသန်းရောင်းဝယ်မှုကို ဦးစားပေး နှိမ်နင်းနေသည်ဟု ဆိုသော်လည်း ထိရောက်မှု လုံးဝမရှိသေးပေ။
ဦးမောင်သန်း က “မြောက်ဦးဒေသက လူတွေအများစုဟာ ဆင်းရဲကြတော့ ဈေးကြီးတဲ့ မူးယစ်ဆေးဝါးတွေကို သုံးစွဲနိုင်သူ ရှားပါတယ်၊ လူငယ် ကြားမှာလည်း နည်းနည်းပါးပါးသုံးစွဲမှု တချို့ရှိကြပေမယ့် အရေအတွက် အလွန်နည်းပါးပါတယ်၊ နန်းတော်ကုန်းက သိမ်းဆည်းမိတဲ့ ဆေးပြားတွေဟာလည်းပဲ တဘက်နိုင်ငံသို့ တင်ပို့မယ့်ဟာတွေလို့ ကျနော် ယူဆပါတယ်”ဟု ပြောဆိုသည်။
ထို့အတူ ရန်ကုန်မြို့ အောင်မင်္ဂလာ အဝေးပြေး ကားဂိတ်မှ ရခိုင်ပြည်နယ်သို့ ပို့ဆောင်မည့် ဘေထုပ်များအတွင်းမှ ကျပ် သိန်းပေါင်း ၃ သောင်းကျော် တန်ဖိုးရှိသော စိတ်ကြွဆေးပြား အလုံးပေါင်း ၆ သိန်းကျော်ကို ယခုလအတွင်း ဖမ်းဆီး ရမိခဲ့ကြောင်း၊ ရန်ကုန် တိုင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။
အောင်မင်္ဂလာ အဝေးပြေးကားဂိတ်မှ စစ်တွေသို့ ပို့ဆောင်မည့် ဘေထုပ်များထဲမှ ဖမ်းမိသော စိတ်ကြွားဆေးပြားများ၏ ပိုင်ရှင်ကို သက်သေခံ ပစ္စည်းနှင့်အတူ မဖမ်းမိသော်လည်း ထိုဘေထုပ်များအား ကားဂိတ်သို့ လာရောက် ပို့ဆောင်သူနှင့် စစ်တွေမှ ဘေထုပ် ပိုင်ရှင်၏ အမည်များကို ရဲတပ်ဖွဲ့က ဖော်ထုတ်ထားပြီး ဖြစ်သည်။
သို့သော် ထိုပစ္စည်း၏ ပိုင်ရှင် အစစ်အမှန်နှင့် မည်ကဲ့သို့ အရေးယူဆောင်ရွက်သွားမည် ဆိုသည်ကို တိတိကျကျ ထုတ်ပြန်ခြင်း မရှိသေးပေ။
ရခိုင်ဒေသတွင်း၌ ကျပ် သိန်းပေါင်းများစွာ တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှု နည်းပါးသော်လည်း သိန်းရာဂဏန်း၊ ထောင်ဂဏန်း တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးမှု မကြာခဏရှိနေသည်။ အထူးသဖြင့် ယခု ၂ နှစ်၊ ၃ နှစ်အတွင်း ပိုမိုများပြား လာနေကြောင်း ဒေသခံများ က ရှင်းပြကြသည်။
ကျောက်ဖြူမြို့ခံ ဦးဖိုးစံ က“ကျနော်တို့ ကျောက်ဖြူမှာ အလွယ်တကူ ဝယ်ယူလို့ ရနေတော့ သုံးစွဲသူတွေလည်း အလွန်တရာ များပြား လာနေတယ်၊ မိန်းကလေးတွေတောင် ဝယ်ယူပေးတာ၊ သုံးစွဲတာတွေ ရှိနေတယ်လို့ ကြားသိနေရပါတယ်”ဟု ပြောသည်။
လူငယ်များအကြား မူးယစ်ဆေးဝါးသုံးစွဲမှု များပြားလာခြင်းကြောင့်၊ နောက်ဆက်တွဲ အနေဖြင့် ပညာရေး၊ ကျန်းမာရေးများကို ထိခိုက်လာနိုင်ကြောင်း၊ ထို့အတူ ဆေးသုံးစွဲသူများသည် ဆိုင်ကယ်များကို မဆင်မခြင် မောင်းနှင်မှုများကြောင့် ယာဉ်မတော်တဆ မှု များပြားလာကြောင်း၊ အာဏာပိုင်များ၊ ရဲတပ်ဖွဲ့များ အနေဖြင့်လည်း ရောင်းသူ၊ ဝယ်သူများကို သိသော်လည်း ထိရောက်စွာ အရေး ယူ ဆောင်ရွက်မှု မရှိကြောင်း သိရသည်။
“ရဲတွေက ဘယ်သူရောင်းတယ်၊ သုံးတယ်ဆိုတာသိပါတယ်၊ ဒါပေမယ့် လစဉ်ကြေး၊ လိုင်းကြေးယူပြီး မသိချင်ယောင် ဆောင်နေ တာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်၊ ဒီကိစ္စတွေက ရဲတွေ ကိုယ်တိုင် အလေးထား လုပ်ဆောင်မှပဲ ရမှာပါ”ဟု ကျောက်ဖြူ ဒေသခံ တဦး က ဆိုသည်။
ကျောက်ဖြူ ဒေသသည် ရွှေသဘာဓာတ်ငွေ့ စီမံကိန်း၊ ရေနက်ဆိပ်ကမ်း၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းများကို အခြေခံ ၍ ပြည်တွင်း၊ ပြည်ပ ဧည့်သည် ဝင်ထွက်မှုများပြားလာခြင်းနှင့်အတူ ဘီယာဆိုင်၊ အရက်ဆိုင်၊ ပြည့်တန်ဆာ၊ လောင်းကစား စသည့် လုပ်ငန်းများကိုလည်း ပေါ်ပေါ်တင်တင် လုပ်ဆောင်လာကြ၍ ကျောင်းသား၊ လူငယ် မိဘများ အနေဖြင့် စိုးရိမ်ပူပန်မှု များရှိနေကြကြောင်း ကျောက်ဖြူမြို့ခံများ က ပြောကြသည်။
ဒေသခံ ခရိုနီများ၊ စီးပွားရေး လုပ်ငန်းရှင်များကလည်း ဒေသတွင်း စီမံကိန်းများ၊ ဆင်းရဲ ဒုက္ခများကို အခွင့်ကောင်းယူ၍ ခေါင်းပုံ ဖြတ် ခြင်းနှင့် ငွေရလွယ်ကူမည့် စီးပွားရေး လုပ်ငန်းများကို အလွယ်တကူ လုပ်ဆောင်လာနေကြသည်ဟု ရခိုင် ဒေသခံများက ပြော ဆိုသည်။
ရခိုင်ပြည်တွင်း၌ အရက်ဆိုင်၊ ဘီယာဆိုင်များ ပေါများလာပြီး အရက်သောက်သုံးသူ များပြားလာခြင်း၊ မူးယစ်ဆေးဝါး သုံးစွဲမှု မြင့် တက် လာခြင်း၊ မူးယစ်စေတတ်သည့် အရာများကို သုံးစွဲသူများပြားလာခြင်းကြောင့် မလိုလားအပ်သည့် နောက်ဆက်တွဲ ပြဿနာ များ ဖြစ်ပွားလာမည်ကိုလည်း စိုးရိမ်မှု မြင့်မားနေကြသည်။
ပြည်နယ် အစိုးရ အာဏာပိုင်များ အနေဖြင့် ဒေသတွင်း မူးယစ်ဆေးဝါး ပြဿနာကို ထိရောက်စွာ အရေးယူ ဆောင်ရွက်ပေး ရန် လွှတ်တော်၌ တင်ပြ ဆွေးနွေးခဲ့သော်လည်း ထိရောက်မှု မရှိခဲ့ကြောင်း ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော် က ပြောသည်။
၎င်းက“အရက်ဆီတွေ တရားမဝင် ခိုးသွင်းနေကြတာတွေကိုလည်းပဲ လွှတ်တော်မှာ တင်ပြခဲ့ပါတယ်၊ အရေးယူဖို့ အစိုးရက ကတိပေး ခဲ့ပေမယ့် ဒီနေ့အထိ လက်တွေ့လုပ်ဆောင်တာ မတွေ့ရသေးပါဘူး၊ မူးယစ်ဆေးဝါး ကိစ္စတွေမှာလည်း ပြည်နယ် အစိုးရ အာဏာပိုင်တွေ အနေနဲ့ အလေးထားပြီး ပါဝင် ပူးပေါင်း ဆောင်ရွက်လိုမှု မရှိတာတွေ့ရတယ်”ဟုလည်း ပြောဆိုသည်။
ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်း စုဆောင်းရေး ကော်မတီအဖွဲ့မှ အတွင်းရေးမှူး ဦးဝင်းမြိုင်ကမူ အစိုးရ အာဏာပိုင်များအနေဖြင့် တိုင်ကြားမည့်သူရှိမှသာ သွားရောက် ဖမ်းဆီး အရေးယူနိုင်မည်ဖြစ်ကြောင်း ဧရာဝတီ ကို ပြော သည်။
၎င်းက“ဖမ်းမိတာကတော့ ခဏခဏပါပဲ၊ အရင်ကလည်းရှိပါတယ်၊ ကျနော်တို့ အာဏာပိုင်တွေ အနေနဲ့တော့ ဖမ်းမိတာနဲ့ ချက်ချင်း သတင်းထုတ်ပြန် ပေးပါတယ်”ဟုလည်း ပြောဆိုသည်။
မြန်မာနိုင်ငံ၏ တခြားဒေသများမှ မူးယစ်ဆေးဝါးများကို ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ တင်သွင်း ရောင်းချရာတွင် ရခိုင်ပြည်နယ်ကို ကြားခံ ဒေသ အဖြစ် အသုံးပြုနေကြကြောင်း၊ ရခိုင်ဒေသ၌ မူးယစ်ဆေးဝါးများ မကြာခဏ ဖမ်းမိသော်လည်း၊ အများအပြား ဖမ်းဆီးမှုများသည် နယ်စပ်မှ ဘင်္ဂလားဒေ့ရှ်သို့ တင်ပို့မည့် ဆေးပြားများ ဖြစ်ကြောင်းလည်း ပြည်နယ်အစိုးရ အာဏာပိုင်များက ပြောသည်။
ရခိုင်ပြည်နယ်၌ မူးယစ်ဆေးဝါးများ ဖမ်းဆီးမှုကို မြို့နယ်များ၌ သာမက ဘင်္ဂါလီ(မွတ်စလင်)ဒုက္ခသည် စခန်းများ၌လည်း မကြာ ခဏ ဖမ်းမိကြောင်း စစ်တွေဒေသဆိုင်ရာ ရဲတပ်ဖွဲ့က ထုတ်ပြန်သော သတင်းများအရ သိရသည်။ ထိုဒုက္ခသည် စခန်းများသည် ပင်လယ်ကမ်းခြေနှင့်နီးစပ်၍ ညဘက်အချိန်တွင် တင်သွင်းမှု ဖြစ်နိုင်ကြောင်း စစ်တွေ ဒေသခံများက ပြောသည်။
ဒုက္ခသည် စခန်းများ၌ ဖမ်းမိခြင်းနှင့်ပတ်သက်၍ ဦးဝင်းမြိုင်က“သူတို့ဆီမှာ နိုင်ငံတကာက ထောက်ပံ့ထားတဲ့ ငွေတွေကို ဖောဖော သီသီ သုံးနိုင်ကြတဲ့အတွက် မူးယစ်ဆေး ရောင်းဝယ်၊ သုံးစွဲနေကြတာ ဖြစ်ပါတယ်၊ ကျနော်တို့ကတော့ သတင်းကြားတာနဲ့ ချက်ချင်း အရေးယူပါတယ်”ဟု ပြောဆိုသည်။
ရခိုင်ဒေသတွင်း မူးယစ်ဆေး ရောင်းဝယ် သုံးစွဲမှုသည် မြို့နယ်အသီးသီး၌ ကျယ်ပြန့်လာနေခြင်းမှ တဆင့် ကျေးရွာများ အထိပါ ပျံ့နှံ့ လာမည်ကိုလည်း ရခိုင်ဒေသခံများက စိုးရိမ်နေကြသည်။
ထို့ကြောင့် တစတစ ကျယ်ပြန့်လာနေသည့် ဒေသတွင်း မူးယစ်ဆေး ပြဿနာအား ရခိုင်ပြည်နယ် အစိုးရ အဖွဲ့နှင့်ဒေသဆိုင်ရာ အာဏာပိုင်များ သာမက ဒေသခံ နိုင်ငံရေးပါတီများ၊ လူမှုရေး အဖွဲ့များ၊ စီးပွားရေး လုပ်ငန်းရှင်များကပါ ပူးပေါင်း ပါဝင် တိုက်ဖျက်မှသာ ရခိုင်ပြည်နယ်သည် မူးယစ်ဆေး ကင်းစင်သည့် ဒေသတခု ဖြစ်လာနိုင်ပါသည်။