ရုရှားနိုင်ငံမှာ ဇာဘုရင်အုပ်ချုပ်နေတဲ့ ကာလမှာ အလုပ်ကြမ်းစခန်းတွေ ပေါ်ပေါက်ခဲ့ပါတယ်။ ဘုရင်စနစ်ကို ဆန့်ကျင်တဲ့ သူများ၊ ဘုရင်က အမျက်သိုသူများ အဖမ်းဆီးခံရပြီး သူတို့ကို အလုပ်ကြမ်းစခန်းတွေဆီ ပို့ခဲ့ပါတယ်။ အခြား ရာဇဝတ်သားများလည်း ပါပါတယ်။ အလုပ်ကြမ်းစခန်းတွေ တည်ရှိတဲ့ နေရာတွေက ရာသီဥတုကြမ်းတမ်း ပြင်းထန်ပြီး စားရေရိက္ခာ ချို့တဲ့တာကြောင့် အလုပ်ကြမ်းစခန်းကို အပို့ခံရတယ်ဆိုတာ သေဒဏ်ကျတာနဲ့ သဘောချင်း အတူတူလို့တောင် ဆိုခဲ့ပါတယ်။ ဆောင်းတွင်းဆိုရင် အေးလွန်းတာရယ် အာဟာရ ပြတ်တာရယ်ကြောင့် အကျဉ်းသားများ သေဆုံးလေ့ရှိပါတယ်။ ဘယ်လောက်အထိ အေးသလဲဆိုရင် အနုတ်၂ဝ ဒီဂရီအထိ အေးတယ်လို့ ဆိုပါတယ်။ ၁၉ဝ၆ မှာ အလုပ်ကြမ်းစခန်း တွေကို အပို့ခံရတဲ့ အကျဉ်းသားက ခြောက်ထောင်လောက် ရှိခဲ့ပြီး ဇာဘုရင်ပြုတ်မကျခင် တနှစ်အလို ၁၉၁၆ ခုနှစ်မှာတော့ အကျဉ်းသား နှစ်သောင်းလေးထောင်အထိ ရှိလာခဲ့ပါတယ်။
ဇာဘုရင် ကျဆုံးခဲ့ရတဲ့ အထဲမှာ ပြည်သူတွေကို အဲသလို ဖိနှိပ်ခဲ့တာကလည်း အချက်တချက်လို့ ဆိုနိုင်ပါတယ်။ ၁၉၁၇ မှာတော့ လီနင်ဦးဆောင်တဲ့ ကွန်မြူနစ်တွေက ဇာဘုရင်စနစ်ကို ဖြုတ်ချဖျက်သိမ်းခဲ့ပါတယ်။ ဒါပေမယ့် ကွန်မြူနစ် တပါတီ စနစ်အောက်မှာ အလုပ်ကြမ်းစခန်းဆိုတဲ့ ဖိနှိပ်တဲ့ယန္တရားတရပ်ဟာ ဖျက်သိမ်းသွားခြင်းမရှိဘဲ ပိုလို့တောင် ဆိုးလာခဲ့ပါတယ်။ ဒီတခါ အလုပ်ကြမ်းစခန်းတွေကို အပို့ခံရသူတွေကတော့ ကွန်မြူနစ်စနစ်ကို ဆန့်ကျင်သူတွေ၊ ဇာဘုရင်ခေတ်က သူကောင်း မျိုးရိုးတွေနဲ့အဆက်အနွယ်တွေ၊ ကွန်မြူနစ်စနစ်နဲ့ ခေါင်းဆောင်တွေကို ဝေဖန်သူတွေ၊ အဆုံးစွန် ပြောရရင် ရပ်ထဲ ရွာထဲမှာ ကွန်မြူနစ်စနစ်ကို သရော်တဲ့၊ ဟာသလိုပြောတဲ့ သူများတောင် အပို့ခံခဲ့ရပါတယ်။ စတာလင် ဦးဆောင်ခဲ့တဲ့ ဆိုဗီယက် ရုရှားနိုင်ငံမှာ တချိန်တုန်းက အလုပ်ကြမ်းစခန်းတွေ အမြောက်အများ ရှိခဲ့ပါတယ်။
၁၉၂၉ ကနေ ၁၉၅၃ ခုနှစ်အတွင်း ဆိုဗီယက်ယူနီယံမှာ အလုပ်ကြမ်းစခန်းပေါင်း သုံးသောင်းကျော် ရှိခဲ့တယ်လို့ သုတေသီများက ဆိုပါတယ်။ ဆိုဗီယက်ခေါင်းဆောင်တွေက အလုပ်ကြမ်းစခန်းလို့ မခေါ်ပါဘူး။ ” ပြုပြင်ရေးစခန်း” လို့ အမည်တပ်ပါတယ်။ ဒီအလုပ်ကြမ်းစခန်း အများစုဟာ ရာသီဥတု ပြင်းထန်ပြီး အစားအသောက် ဆေးဝါးရှားပါးလှတဲ့ ဆိုက်ဗေးရီးယား ဒေသမှာ တည်ရှိပါတယ်။ အလုပ်ကြမ်းစခန်းထဲက အကျဉ်းသားများဟာ များသောအားဖြင့် ကားလမ်း ရထားလမ်း ဖောက်တာ၊ မိုင်းတွင်းတွေမှာနဲ့ သစ်ထုတ်လုပ်ရေး စတဲ့ အလုပ်တွေကို လုပ်ကိုင်ရပါတယ်။ အလုပ်ကြမ်းစခန်းတခုဟာ ယေဘုယျအားဖြင့် အကျဉ်းသား ငါးထောင် ဝန်းကျင်ရှိပါတယ်။ စခန်းကြီးတွေဆိုရင် အကျဉ်းသားပေါင်း နှစ်သောင်း ငါးထောင်အထိ ရှိပါတယ်။ အလုပ်ကြမ်းစခန်းက ထွက်ပြေးဖို့ ကြိုးစားသူ၊ စခန်းအာဏာပိုင်တွေကို အာခံသူတွေဟာ အမေးအမြန်းမရှိ ပစ်သတ်ခံရပါတယ်။
၁၉၂၉ ကနေ ၁၉၅၃ ခုနှစ်အထိ အလုပ်ကြမ်းစခန်းတွေမှာ အလုပ်လုပ်ခဲ့ရတဲ့ အကျဉ်းသားဦးရေ စုစုပေါင်းဟာ တဆယ့် ရှစ်သန်း ရှိခဲ့ပါတယ်။ အဲဒီ ဆယ့်ရှစ်သန်းဟာ ရုရှားလူမျိုးတွေချည်း မဟုတ်ပါ။ ပိုလန်လူမျိုးတွေလည်း ပါပါတယ်။ ၁၉၄၅ ဒုတိယကမ္ဘာစစ်ကြီး အပြီး ဂျာမန်စစ်သုံ့ပန်းတွေ ပါပါတယ်။ ရုရှားဂျူးတွေလည်း ပါပါတယ်။ ဂျစ်ပစီတွေလည်း ပါတယ်။ ဆိုဗီယက်ဖက်ဒရေးရှင်း လက်အောက်ခံ နိုင်ငံငယ်လေးတွေက လူမျိုးပေါင်း များစွာလည်း ပါဝင်ခဲ့ပါတယ်။ အဲဒီနှစ်များ အတွင်း အငတ်ဘေး၊ ရောဂါဘယဘေး စတာတွေနဲ့ သေဆုံးခဲ့ရတဲ့ အကျဉ်းသားဦးရေဟာ ၁ ဒသမ ၆ သန်းရှိခဲ့တယ်လို့ ရုရှားအစိုးရရဲ့ တရားဝင် အချက်အလက်များက ဆိုပါတယ်။ ဒါပေမယ့် သုတေသီ တွေရဲ့ တွက်ချက်မှုအရ နှစ်ပေါင်း ၂၅ နှစ်အတွင်း သေဆုံးခဲ့ ရတဲ့ အကျဉ်းသားပေါင်းဟာ ဆယ်သန်းအထိ ရှိခဲ့တယ်လို့ ထောက်ပြပါတယ်။ ရုရှားအစိုးရ ထုတ်ပြန်ခဲ့တဲ့ စာရင်းဟာ မဖြစ်နိုင်ဘူး ဒီထက်များတယ်လို့ သူတို့က ပြောကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ၁၉၄၁ ခုနှစ် ဆောင်းတွင်းကာလ တခုထဲမှာပဲ အလုပ်ကြမ်း စခန်းများမှာ သေဆုံးခဲ့သူ စုစုပေါင်းဟာ ငါးသိန်း တသောင်းကျော် ရှိခဲ့တာကြောင့် ဖြစ်ပါတယ်။
အဲဒီပြုပြပင်ရေးစခန်းခေါ် အလုပ်ကြမ်းစခန်းတွေကို ရုရှားတွေက “ဂူးလပ်” အလုပ်ကြမ်းစခန်းလို့ ခေါ်ခဲ့ပါတယ်။ ဂူးလပ် ဆိုတဲ အမည်ဟာ ကမ္ဘာပေါ်မှာ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့ပါတယ်။ ဂူးလပ်ကို အပို့ခံရတယ်ဆိုတာ မြန်မာလို ဆိုရင်တော့ မဲဇာကို အပို့ခံရသလို သဘောမျိုးနဲ့ ဆင်ပါတယ်။ ဒါပေမယ့် မြန်မာဘုရင်လက်ထက်က မဲဇာမှာတော့ အလုပ်ကြမ်းစခန်း မရှိပါဘူး။ ဘုရင့် နေပြည်တော်ကနေ အဝေးကို နှင်ထားတဲ့ သဘောမျှသာလို့ ဆိုနိုင်ပါတယ်။ ငှက်ဖျားကြီးပြီး ရာသီဥတု အေးလွန်းတာကြောင့် မဲဇာဆိုတဲ့ နာမည်ကိုကြားရင် တချိန်က မြန်မာတွေအတွက်တော့ ကျောစိမ့်စရာပါ။
ဆိုဗီယက်ရုရှားက အဲဒီ အလုပ်ကြမ်းစခန်းတွေကို နမူနာယူပြီး မြန်မာပြည်က အာဏာရှင် ဗိုလ်ချုပ်ကြီးနေဝင်းကလည်း အလုပ်ကြမ်း စခန်းများကို ၁၉၇ဝ ခုနှစ်များမှာ စတင်တည်ထောင်ပါတယ်။ ဒါပေမယ့် အလုပ်ကြမ်း စခန်းလို့ မခေါ်ခဲ့ပါဘူး။ “ရဲဘက်” စခန်းများလို့ အမည်တွင်ခဲ့ပါတယ်။ အလုပ်ကြမ်းစခန်းခေါ် ရဲဘက်စခန်းတွေကို ဘယ်အကျဉ်းသားကမှ မသွားလိုပါဘူး။ အင်မတန် ပင်ပန်းပြင်းထန်လှတဲ့ ဘဝဖြစ်တာကြောင့်ပါ။ ရဲဘက်စခန်းတွေနဲ့ ပတ်သက်လို့ မှတ်တမ်း ရုပ်ရှင်တွေကို ဆိုရှယ်လစ် အစိုးရက ရိုက်ကူးပြီး ဝါဒဖြန့်တဲ့ အနေနဲ့ တောရောမြို့ပါမကျန် ပြသခဲ့ဖူးပါတယ်။ အခုခေတ် လူငယ်များ မသိ မမီလိုက်တဲ့ အဖြစ်တွေ ဖြစ်တာကြောင့် အဲဒီ ရဲဘက်စခန်းနဲ့ ပတ်သက်တာတွေကို ပြောပြပါဦးမယ်။
အဲဒီ မှတ်တမ်းရုပ်ရှင်တွေထဲမှာတော့ ရဲဘက်စခန်းရဲ့ အဝင်ဝမှာ ဆိုင်းပုဒ်ကြီးတခု ရှိပါတယ်။ ” ပြစ်မှုကြွေး ချွေးဖြင့်ဆပ်မည်” ဆိုတဲ့ စာသားကို တွေ့နိုင်ပါတယ်။ ရဲဘက်အကျဉ်းသားတွေဟာ ကင်းဗတ်ဖိနပ်လိုမျိုးတွေကို စီးထားပြီး အပြာရင့်ရောင် ဘောင်းဘီနဲ့ အကျႌလက်ရှည်တွေကို ယူနီဖောင်းသဖွယ် ဝတ်ဆင်ထားလို့ အားကျိုးမာန်တက် အလုပ်လုပ်နေတာကို မြင်ရပါတယ်။ ဒီလို ရဲဘက်စခန်းကို ရောက်လာမှ ဘဝမှာ အမှန်ကိုမြင်လာကြောင်း၊ မှားခဲ့တာတွေ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှု တွေအတွက် နောင်တရကြောင်း၊ နိုင်ငံတော်အစိုးရရဲ့ စေတနာကို အမှန်အတိုင်း သိမြင်လာကြောင်း အကျဉ်းသားတွေကို အင်တာဗျူးထားတဲ့ အခန်းတွေလည်း ပါပါတယ်။ ရဲဘက်စခန်းမှာ အလုပ်လုပ်ရင်း လုပ်အားခငွေ ရရှိတာတွေကို စုဆောင်းပြီး အိမ်ကိုပြန်ပို့နိုင်တယ် ဆိုတာမျိုးတောင် ပါပါသေးတယ်။
အဲဒါအပြင် ရဲဘက်စခန်းမှာ နောက်ထပ် ဘာပြစ်မှုမှ မချိုးဖောက်ဘဲ ကောင်းကောင်းမွန်မွန် နေထိုင်ပြီး တာဝန်ကျေတဲ့ ရဲဘက်တွေကို တနှစ်မှာ တခါ ဆိုသလို မိသားစုတွေဆီ အလည်အပတ် ပြန်ခွင့်ပေးတာမျိုးတွေကိုလည်း ပြပါသေးတယ်။ ကြည့်ရတာက အင်မတန် အဆင်ပြေ ချောမွေ့နေပါတယ်။ ရည်ရွယ်ချက်ကတော့ ရဲဘက်စခန်း ဆိုတာ ဗိုလ်ချုပ်နေဝင်းဦးဆောင်တဲ့ ဆိုရှယ်လစ် အစိုးရ လက်အောက်မှာ ဖိနှိပ်တဲ့ ယန္တရားမျိုး မဟုတ်ဘူးလို့ လူတွေကို မြင်စေချင်တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒါက ဝါဒဖြန့်မှုသာ ဖြစ်ပါတယ်။ တကယ့် အပြင်မှာ ဖြစ်နေတဲ့ အဖြစ်အပျက်ကတော့ လွဲချင်တိုင်း လွဲပါတယ်။
လက်တွေ့မှာ ရဲဘက်စခန်းဆိုတာ ငရဲခန်းလိုပါပဲ။ ဘာအပြာရောင် ယူနီဖောင်းမှ ဝတ်ဆင်ခွင့်လည်း မရှိပါ။ ကင်းဗတ်ဖိနပ် စီးထားလည်း မရှိပါ။ အဖြူရောင်ကနေ မဲညစ်နေတဲ့ အကျႌနဲ့ ပုဆိုးကိုသာ အကျဉ်းသားတိုင်း ဝတ်ရပါတယ်။ အကျဉ်းသား တော်တော်များများမှာ ဖိနပ်မရှိပါ။ ထွက်ပြေးမယ်လို့ ယူဆရတဲ့ အကျဉ်းသားမျိုးနဲ့ အမှုကြီး အကျဉ်းသားတွေဆိုရင် ခြေထောက်မှာ သံခြေကျင်းခတ်ထားပါသေးတယ်။ ကျောက်ထုစခန်းတွေ၊ လမ်းဖောက်တဲ့ စခန်းတွေမှာ ဆေးဝါး မလုံလောက်လို့ အာဟာရ ချို့တဲ့လို့ သေဆုံးခဲ့ရတဲ့ အကျဉ်းသားတွေ ဘယ်လောက် ရှိမယ်ဆိုတာ ဘုရားမှပဲ သိပါလိမ့်မယ်။ အစိုးရ ထုတ်ပြန်ချက်အရ ၁၉၇၈ ကနေ ၂ဝဝ၄ ခုနှစ်အတွင်း ရဲဘက်စခန်းတွေမှာ သေဆုံးခဲ့ရတဲ့ အကျဉ်းသားဦးရေက ၄၂ဝဝ လို့ ဆိုပါတယ်။ ၂ဝဝ၄ ကနေ ၂ဝ၁၄ အထိ သေဆုံးခဲ့တဲ့ ရဲဘက်အကျဉ်းသား ဦးရေဟာ ၁ဝဝဝ ရှိတယ်လို့ ပြောပါတယ်။ ဆိုဗီယက်ရုရှားအစိုးရ မှတ်တမ်းများမှာလည်း ဒီလိုပဲ လျှော့ပြောခဲ့တာ သတိချပ် စေချင်ပါတယ်။
ဒီဘက်ခေတ်မှာ ရာဇဝတ်အကျဉ်းသားတင် မဟုတ်ဘဲ နိုင်ငံရေးအကျဉ်းသားတွေကိုပါ ရဲဘက်စခန်း ပို့တာမျိုးတွေ ဖြစ်လာပါတယ်။ ပန်းချီပြပွဲတခုမှာ နိုင်ငံရေးအကျဉ်းသားဟောင်း ဖြစ်ခဲ့တဲ့ ပန်းချီထိန်လင်းရဲ့ ပန်းချီကားတချပ်မှာ ဝေဒနာနဲ့ ငြီးငြူနေတဲ့၊ လက်ချောင်းကလေးများ ပြတ်နေတဲ့ အကျဉ်းသားတွေရဲ့ ပုံကိုတွေ့ဖူးပါတယ်။ ဘာဖြစ်လို့ အဲဒီအကျဉ်းသား တွေရဲ့ လက်ချောင်းကလေးတွေ ပြတ်နေတာလည်းလို့ မေးမိတော့ ပန်းချီထိန်လင်း ရှင်းပြတာက ဒီလိုပါ။ အဲသလို လက်ချောင်း တခုခု ပြတ်နေတဲ့သူဆိုရင် အင်္ဂါမစုံတာကြောင့် အလုပ်ကြမ်းလုပ်လို့ မတွင်ကျယ်တာကြောင့် ရဲဘက်စခန်းကို မပို့ဘူးလို့ ဆိုပါတယ်။ အဲဒါကြောင့် ရဲဘက်စခန်း လိုက်ရမယ့် အကျဉ်းသားက မလိုက်ရမယ့်အရေး ငွေလည်း မပေးနိုင်တော့ သူ့လက်ချောင်းကို သူ ဖြတ်ပစ်လိုက်တာလို့ ရှင်းပြပါတယ်။ ရဲဘက်စခန်းရောက်ရင် အနှေးနဲ့အမြန် သေဘေးကို ရင်ဆိုင်ရမှာ စိုးရိမ်တာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။
ရာဇဝတ်အကျဉ်းသားဆိုတာလည်း လူသားတွေပါ။ သူတို့ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် ကျသင့်ကျထိုက်တဲ့ ထောင်ဒဏ်ကို ကျခံနေရသူတွေပါ။ ပြင်ပလူမှုဝန်းကျင်နဲ့ မထိတွေ့ရတော့ပဲ ထောင်ဆိုတဲ့ အထဲမှာ ရောက်နေသူတွေပါ။ ဒါကိုက ပြစ်ဒဏ်ကို ပေးဆပ်နေရတယ်ဆိုတဲ့ သဘောပါပဲ။ အဲသလို အပြစ်ဒဏ်ကို ထောင်ကျခံရင်း ပြန်ပေးဆပ်နေရတဲ့ အထဲ အလုပ်ကြမ်းစခန်းတွေ ကို ပို့ပြီး ကျေးကျွန်တွေလို ခိုင်းတယ်ဆိုတာဟာ မတရားပါ။ အဲသလို ရဲဘက်စခန်းတွေ၊ တချို့စခန်းတွေကို နောက်ပိုင်းမှာ စိုက်ပျိုးရေး မွေးမြူရေးနဲ့ ကုန်ထုတ်လုပ်ငန်း စခန်းတွေဆိုပြီး နာမည်ပြောင်းပါတယ်။ ထောင်အကျခံနေရတဲ့အထဲ တပြားတချပ်မှ မရတဲ့အပြင် နောက်ထပ်အလုပ်တခုကို ကျန်းမာရေး အထိခိုက်ခံ၊ အာဟာရ အပြတ်ခံပြီး လုပ်ပေးရသေးတယ်ဆိုတာ ဘယ်လိုမှ တရားတယ်လို့ မပြောနိုင်ပါ။
ယဉ်ကျေးတဲ့ လူအဖွဲ့အစည်းတခုအတွင်းမှာ အလုပ်ကြမ်းစခန်းတို့၊ ရဲဘက်စခန်းတို့၊ စိုက်ပျိုးမွေးမြူရေးစခန်းတို့ ဆိုတာ မရှိသင့်တော့ပါ။ လုံးလုံးဖျက်သိမ်းသင့်ပြီလို့ ပြောလိုပါတယ်။ ထောင်ဆိုတာ ရှိထားပြီးမှတော့ ဘာကြောင့် အလုပ်ကြမ်းစခန်း ဆိုတာ ရှိရဦးမှာလဲ။ ထောင်ထဲမှာ နှစ်ရှည်ကျလို့ ပြန်ပေးဆပ်နေရတာကိုက လုံလောက်နေပြီလို့ ထောက်ပြလိုပါတယ်။ ဘာအကြောင်းနဲ့ဖြစ်ဖြစ် အကျဉ်းသားများအပေါ်က လူမဆန်စွာ အမြတ်ထုတ်တဲ့ ကိစ္စတွေကို ကန့်ကွက်ကြောင်း ပြောလိုပါတယ်။
အခု လက်ရှိအစိုးရ တာဝန်ရှိသူများက ရဲဘက်စခန်းတွေကို ဖျက်သိမ်းဦးမှာ မဟုတ်ဘူးလို့ ပြောတာကို ကြားလိုက်ရတော့ လူဆန်တဲ့ စိတ်ဓာတ်ကင်းလိုက်လေခြင်းလို့ ဖြစ်မိပါတယ်။ စိုက်ပျိုးမွေးမြူရေးတွေ ကုန်ထုတ်လုပ်ငန်းတွေ လုပ်ချင်ရင် အကျဉ်းသား မဟုတ်တဲ့ အလုပ်သမားတွေကို တန်ရာတန်ကြေးပေးပြီး ငှားရမ်းသင့်တာပေါ့။ အကျဉ်းသားတွေဆီက လုပ်အားကို တန်ရာတန်ဘိုး မပေးဘဲ ခိုင်းနေတာဟာ နောက်ထပ်ပုံစံတခုနဲ့ တည်ရှိနေတဲ့ ကျေးကျွန်စနစ်လို့သာ ပြောပါရစေ။ အကျဉ်းသားမှန်သမျှ ထောင်ထဲမှာပဲ နေခွင့်ရှိရပါ့မယ်။ အလုပ်ကြမ်းစခန်း ရဲဘက်စခန်းဆိုတာ အင်မတန် ရိုင်းစိုင်းတဲ့ စနစ် ဖြစ်တယ်ဆိုတာကို နားလည်ဖို့ လိုပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံက ဂူးလပ်စခန်းများ ဖျက်သိမ်းဖို့ အဆိုပြုပါကြောင်း။
(စာရေးသူသည် ဘန်ကောက်မြို့တွင်နေထိုင်လျက်ရှိပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ သုံးသပ်ဝေဖန်ချက် ဆောင်းပါးများကို ကိုယ်ပိုင်ဘလော့ဂ် “ရွက်မွန်”တွင် ပုံမှန်ရေးသားနေသည်။)