သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်၌ ပြည်ပတွင် ရောက်ရှိနေသော မြန်မာနိုင်ငံသား ပြည်တော်ပြန်များ မြန်မာနိုင်ငံသို့ အကြောင်း ကိစ္စ အမျိုးမျိုးဖြင့် ပြန်လည် ဝင်ရောက်လာရာတွင် အမေရိကန် အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှု အဖွဲ့ (U.S Campaign for Burma) ၏ အမှုဆောင် ညွှန်ကြားရေးမှူး အဖြစ် တာဝန်ယူခဲ့သူ ဦးအောင်ဒင်လည်း အပါအဝင် ဖြစ်သည်။
ဦးအောင်ဒင်သည် အမေရိကန် အခြေစိုက် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ဆိုင်ရာ အဖွဲ့ National Endowment for Democracy (NED) မှ ပေးအပ်သော ၂၀၁၂ ဒီမိုကရေစီဆုကို ဦးကျော်သူ၊ ဦးခွန်ထွန်းဦး ၊ ဦးမင်းကိုနိုင် ၊ ဒေါက်တာ စင်သီယာမောင်တို့နှင့် အတူ မြန်မာ့ ဒီမိုကရေစီ လှုပ်ရှားမှုကို ကိုယ်စားပြု ရရှိခဲ့သူ ဖြစ်သည်။
မြန်မာနိုင်ငံမှ ထွက်ခွာသွားပြီး ၁၆ နှစ် ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံသို့ ခေတ္တ ပြန်လည် ရောက်ရှိလာသူ ဦးအောင်ဒင်အား သူ၏ အတွေ့အကြုံများနှင့် လက်ရှိ မြန်မာ့နိုင်ငံရေး ပြောင်းလဲမှု ဖြစ်စဉ်များနှင့် ပတ်သက်ပြီး ဧရာဝတီ သတင်းထောက် ထက်နိုင်ဇော်က တွေ့ဆုံ မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။
မေး။ ။ ဦးအောင်ဒင် ဒီတခေါက် မြန်မာနိုင်ငံကို ပြန်လာတာ ဘယ်လို အကြောင်းကိစ္စနဲ့ ပါလဲ။
ဖြေ။ ။ လွမ်းလို့ပါ။ မြန်မာနိုင်ငံကို ပြန်မရောက်တာ ၁၆ နှစ် ရှိပါပြီ။ ၁၆ နှစ် အတွင်း ပထမဆုံး အကြိမ်ပါ။ အခုလာတာကလည်း တသီးပုဂ္ဂလ အနေနဲ့ပါ။ အခု ကျနော် ဘာနိုင်ငံရေး အဖွဲ့အစည်းမှာမှ ပါဝင်ပတ်သက်ခြင်း မရှိဘူး။ အခုလို ၁၆ နှစ် ကြာခဲ့ပြီးတဲ့ နောက် ကျနော် ချစ်တဲ့ နိုင်ငံကို လွမ်းတဲ့စိတ် ၊ ချစ်တဲ့စိတ်နဲ့ ပြန်လာခဲ့တာပါ။ ခဏတဖြုတ် ပြန်လာတာပေါ့။
မေး။ ။ ပြန်ရောက်လာတဲ့ အချိန် ဘယ်လို နေရာတွေ သွားပြီးပါပြီလဲ။ အပြင်မှာ မြန်မာပြည်အကြောင်း ကြားခဲ့တာနဲ့ ၁၆ နှစ်တာ ကာလအတွင်း အခု ပြန်ရောက်လာရတဲ့ အချိန် ဘယ်လို အပြောင်းအလဲတွေကို တွေ့ရပါလဲ။
ဖြေ။ ။ အရင်ဆုံး သွားတာကတော့ ကျနော့် မိခင်ကြီးရှိတဲ့ ဒဂုံမြို့သစ် မြောက်ပိုင်းပေါ့ဗျာ။ ပြီးခဲ့တဲ့ ရက်ပိုင်းက ကျနော် နေပြည်တော် သွားတယ်။ နေပြည်တော်ကနေ တဆင့် ပျဉ်းမနား ရောက်တယ်။ ရောက်နိုင်သလောက် နေရာတွေ ကျနော် ရောက်ခဲ့ပြီးပြီ။ ဘာမြင်သလဲဆိုတော့ ကျနော်တို့ကျတော့ နှိုင်းယှဉ်တာပေါ့နော်။ ၈၈ ကာလ မြန်မာနိုင်ငံနဲ့ အခုလက်ရှိ တွေ့နေရတဲ့ အနေ အထား က ကွာခြားမှုတွေက အများကြီးပဲ။ ၈၈ တုန်းက လူဦးရေကလည်း ဒီလောက် မများသေးဘူး။ လူတန်းစားကလည်း နှစ်ရပ် ပဲ ရှိတယ်။ မဆလ အာဏာပိုင် လူတန်းစားနဲ့ ဆင်းရဲနွမ်းပါးတဲ့ အုပ်ချုပ်ခံ လူတန်းစားဆိုပြီး ဒီလူတန်းစား နှစ်ရပ်ပဲ ရှိတယ်။
ဆိုရှယ်လစ် စီးပွားရေးဆိုတဲ့ အခါကျတော့ ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းတွေကလည်း ရှင်သန်မှု မရှိဘူး။ စီးပွားရေး လုပ်ငန်းရှင် ရှိတာတောင်မှ အဲဒီ စီးပွားရေး လုပ်ငန်းရှင်တွေက ဆေးလိပ်ခုံ ထောင်တာတို့ ရုပ်ရှင် ထူထောင်ရေး လုပ်ငန်း လုပ်တာတို့နဲ့ ချမ်းသာကြွယ်ဝသူ တချို့လောက်ပဲ ရှိတယ်။ သာမန်အားဖြင့် အုပ်ချုပ်သူ လူတန်းစားနဲ့ အုပ်ချုပ်ခံ လူတန်းစားဆိုပြီး ၂ မျိုးပဲ ရှိတယ်။
ဒီဘက်ပိုင်း ကျနော်တို့ ပြန်ရောက်တဲ့ အခါမှာကျတော့ လူတန်းစားက အများကြီး ဖြစ်လာတယ်။ ဟိုး အထက်ပိုင်း အုပ်ချုပ်သူ လူ တန်းစားမှာလည်း အာဏာရ ကြံ့ခိုင်ရေးပါတီ ၊ နောက်တခါ တပ်မတော်၊ နောက်ပြီး သူတို့နဲ့ ဆက်နွယ် ပတ်သက်နေတဲ့ ခေတ်ပျက် သူဌေး ခေါ်မှာပေါ့။ ပြီးခဲ့တဲ့ စစ်အစိုးရခေတ်မှာ မွေးထုတ်ပေးခဲ့တဲ့ ခေတ်ပျက်သူဌေး လူတန်းစားပေါ့ ၊ ဒါတွေက အကြီးကြီး ဖြစ် လာတယ်။
ဒါပေမယ့် သာမန် အုပ်ချုပ်ခံ လူတန်းစား ဘဝကတော့ ဒီအတိုင်းပဲ။ အဲဒီမှာ နှိုင်းယှဉ်ချက်အရ ပြောမယ်ဆိုရင် မဆလ ခေတ်က အာဏာပိုင် အုပ်ချုပ်သူတွေရဲ့ ကြွယ်ဝချမ်းသာမှုက လက်ရှိ တွေ့နေရတဲ့ ကြံ့ခိုင်ရေးက အာဏာရ လူတန်းစားရဲ့ ကြွယ်ဝချမ်းသာမှုအောက် အများကြီး နည်းတာပေါ့။
ဒီဘက် အာဏာရ လူတန်းစားနဲ့ ခေတ်ပျက် သူဌေးတွေရဲ့ ကြွယ်ဝချမ်းသာမှုက အင်မတန် ကြောက်စရာ ကောင်းလောက်အောင် မြင့်မားနေတယ်။ အဲဒီအခါမှာ ဆင်းရဲချမ်းသာ ကွာဟမှုက အရမ်းအရမ်းကို ကြီးတာ။ ကျနော် လျှောက်သွားတဲ့အခါ နန်းတော်ကြီး လို ကြီးနေတဲ့ အဆောက်အအုံကြီးတွေ တွေ့ပါတယ်။ မေးလိုက်လို့ ရှိရင် ဘယ်ခရိုနီ သူဌေးက ပိုင်တာပေါ့နော်။ ဘယ်ခရိုနီ သူဌေး က လုပ်နေတာပေါ့နော်။ စသဖြင့် ကြီးမားတဲ့ နန်းတော်ကြီးတွေ ရှိသလို တနေ့လုပ်မှ တနေ့ ရှာဖွေစားသောက်နေရတဲ့ လူတန်း စား တွေလည်း အများကြီး ရှိနေတယ်။
လမ်းကြီးတွေကကောင်း ၊ အဆောက်အအုံတွေကလည်း ကြီးမား ကျယ်ပြန့်ပြီးတော့ ပြုပြင်ထိန်းသိမ်းမှု မရှိတဲ့ အခါမှာ ယိုယွင်း ပျက်စီးနေတာတွေပေါ့။ အဲဒီလို ဖြစ်ရတာက ဆင်းရဲချမ်းသာ ကွာဟမှုကြောင့်ပဲ။ ဒီရောက်ပြီး တပတ် ၊ နှစ်ပတ် အတွင်းမှာ ကျနော့် ခံစားချက်ကတော့ အဲဒီလိုပဲ။
မေး။ ။ အခုလိုမျိုး တွေ့ကြုံခံစားရတဲ့ အခါ ဘယ်လို သင်ခန်းစာမျိုးတွေရလဲ။ ကျနော်တို့ တိုင်းပြည်မှာ ဘယ်လို ပြဿနာတွေကြောင့် ဒီလို အခြေအနေမျိုး ဖြစ်သွားရတာလို့ ထင်ပါလဲ။
ဖြေ။ ။ ဒါက ရိုးရိုးလေးပါ။ ကျနော်က နှိုင်းယှဉ်ပြောလို့ မဆလခေတ်က ကောင်းတယ်လို့ ပြောတာ မဟုတ်ဘူး။ မဆလခေတ်မှာလည်း ကျနော်တို့က အဖိနှိပ်ခံဘ၀ ရောက်ခဲ့ကြတယ်။ အုပ်ချုပ်သူ ယန္တရားရဲ့ မွန်းကြပ်မှုအောက်မှာ နေခဲ့ရတာပဲ။ အခုလည်း အုပ်ချုပ်သူ လူတန်းစားအောက်မှာ မွန်းကြပ်နေဆဲပဲ။ ကျနော်တို့က မဆလကို ၈၈ အရေးတော်ပုံကြီးနဲ့ ဆန့်ကျင်ခဲ့ကြတယ်။ ဒါပေမယ့် ဒီတော်လှန်းရေးကြီးက မအောင်မြင်ခဲ့ဘူး။
မအောင်မြင်တဲ့ အတွက်မိုလို့ ပြည်သူလူထုမှာ ဒုက္ခတွေနဲ့ အခုလို ဖြစ်နေရတာပေါ့။ တော်လှန်ရေး မအောင်မြင်ခဲ့လို့ နောက်ဆက် တွဲ အကျိုးဆက်တွေ ခံစားနေရတယ်။ တော်လှန်ရေး အောင်မြင်ဖို့ ဆက်ပြီးလုပ်ရမှာတွေ အများကြီး ရှိတယ်။ ကျနော်ပြောချင်တဲ့ သဘောက တိုက်ကြခိုက်ကြလို့ ပြောချင်တာ မဟုတ်ဘူး။ ခုနက ပြောတဲ့ အဆင်မပြေမှုတွေ ရှိတာတောင်မှ လူတိုင်းက ပြောရဲဆိုရဲ ရှိလာကြတယ်။ ခင်ဗျားတို့ မီဒီယာဆိုရင်လည်း တော်တော်လေးကို ပွင့်ပွင့်လင်းလင်း ရေးသားနိုင်လာတယ်။
အနည်းဆုံးတော့ ကျနော်တို့ အသက်ရှုခွင့် ရလာတယ်။ ပြီးခဲ့တဲ့ ကာလကြီး တခုလုံးမှာ ကျနော်တို့က အသက်တောင် ရှုခွင့်မရဘဲနဲ့ မွန်းကြပ်ခဲ့ကြတာ။ အသက်ရှုခွင့်ဆိုတဲ့ နေရာမှာ သာမန်ပြည်သူတွေ ဒီမိုကရေစီ အင်အားစုတွေတင် မဟုတ်ဘူး။ အစိုးရ အာဏာ ရှိတဲ့ ပုဂ္ဂိုလ်တွေမှာလည်း အတူတူပဲ။ အရင်တုန်းက သူတို့ဟာ သူတို့ရဲ့ မတရားတဲ့ အုပ်ချုပ်ရေး စနစ်ကြောင့် နိုင်ငံတကာရဲ့ ဖိအားပေး ပိတ်ဆို့မှုတွေ ခံခဲ့ကြရတယ်။
အခု သူတို့ကိုယ်တိုင် အရင်တုန်းက ခြေချခွင့် မရှိတဲ့ နိုင်ငံတွေဆီကို ခြေချနိုင်ခဲ့တယ်။ ဘယ်တုန်းကမှ မရခဲ့တဲ့ အသိအမှတ်ပြုမှုတွေ ရနေကြပြီ။ သူတို့လည်း ဒီအသက်ရှုခွင့်က အခုမှ ပြန်ရတာ။ ကျနော်တို့ဘက်ကလည်း အသက်ရှုခွင့် တခုရလာတယ်။ သူတို့ဘက် ကလည်း အသက်ရှုခွင့် တခုရလာတယ်။ ဒါပေမယ့် တခုရှိတာက လေထုက ညစ်ညမ်းနေဆဲပဲ။ လေထုထဲမှာ အမှိုက်သရိုက်တွေ ပါတုန်းပဲ။ ဒီအမှိုက်သရိုက်တွေ ရှင်းလိုက်မယ်ဆိုရင် အားရပါးရ လေရှုခွင့် ရလာမယ်။ အဲဒီလို အမှိုက်သရိုက်တွေ ရှင်းပြီးရင် ရရှိပြီး သား အသက်ရှုခွင့်လေးကို နှစ်ဖက်စလုံးက တန်ဖိုးထားတတ်ဖို့ လိုတယ်။ နှစ်ဘက်စလုံးဆိုတာ ပြည်သူတွေ ဒီမိုကရေစီ အင်အားစု တွေဘက်ကရော အာဏာကိုင် ထားတဲ့သူတွေ ဘက်ကရောပေါ့။
မေး။ ။ ၈၈ ခုနှစ်နောက်ပိုင်း အပြင်ရောက်သွားတော့ ဘယ်လိုလှုပ်ရှားမှုတွေ လုပ်ခဲ့လဲ။ လုပ်ဆောင်ခဲ့တဲ့ အထဲမှာ ဘယ်လိုကိစ္စမျိုးတွေက မှတ်မှတ်ရရ ရှိနေခဲ့လဲ။
ဖြေ။ ။ ၈၈ ပြီးတော့ ၈၉ မှာ ကျနော် အဖမ်းခံရတယ်။ ၈၉ ဧပြီလမှာ ကျနော် အဖမ်းခံရပြီးတော့ ထောင်ထဲမှာ ၄ နှစ်နဲ့ ၃ လ ကြာခဲ့တယ်။ ၁၉၉၃ ဇူလိုင်မှာ အကျဉ်းထောင်က ကျနော် ပြန်လွတ်တယ်။ လွတ်ပြီးတဲ့နောက်မှာ ပါမောက္ခချုပ်က ခွင့်ပြုလို့ ကျနော် ကျောင်းတက်ခွင့် ပြန်ရတယ်။ ၁၉၉၄ ခုနှစ်မှာ ရန်ကုန် စက်မှုတက္ကသိုလ်ကနေ စက်မှုအင်ဂျင်နီယာဘွဲ့ရတယ်။ ၁၉၉၅ ခုနှစ်မှာ စင်ကာပူနိုင်ငံကို ထွက်ပြီး အလုပ်လုပ်တယ်။ ၁၉၉၅ ခုနှစ်ကနေပြီး ၂၀၀၀ ပြည့်နှစ် အထိ စင်ကာပူမှာ ကျနော် အလုပ်လုပ်ပါတယ်။ အဲဒီကာလမှာတော့ ကိုယ့်စီးပွားကို ရှာတာပါပဲ။
အဲဒီကာလမှာပဲ ထိုင်း-မြန်မာ နယ်စပ်ကို ရောက်တယ်။ ရောက်တဲ့အခါ ကိုဘိုကြည်တို့၊ ကိုတိတ်နိုင်တို့ ကိုမင်းဇင်တို့ စသဖြင့် ကိုအောင်မိုးဇော်တို့နဲ့ တွေ့တယ်။ သူတို့တွေက မပြီးဆုံးသေးဘဲ ဆက်ပြီးလုပ်ဆောင်နေတာ တွေ့ရတဲ့အတွက် ကျနော့်စိတ်ထဲမှာ အပြစ်ရှိသလို ခံစားရတယ်။ အဲဒါနဲ့ ၂၀၀၀ ပြည့်နှစ်မှာ အလုပ်ကနေ ထွက်တယ်။ ထိုင်း-မြန်မာ နယ်စပ်ကို သွားပြီးတော့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP) နဲ့ အတူတူ လှုပ်ရှားမှုတွေ လုပ်တယ်။ AAPP ကို ဝိုင်းကူညီတာပေါ့ဗျာ။ အဲဒီနောက်ပိုင်းမှာ အမေရိကန် ပြည်ထောင်စုကို ရောက် တယ်။
အမေရိကန် ပြည်ထောင်စုမှာ မြန်မာပြည် လွတ်မြောက်ရေး ညွန့်ပေါင်း အဖွဲ့(Free Burma Coalition) ဆိုတာ ရှိတယ်။ မြန်မာပြည် လွတ်မြောက်ရေး ညွှန့်ပေါင်းအဖွဲ့ဆိုတာ ရှိတယ်။ အဲဒီအဖွဲ့မှာ မူဝါဒရေးရာ ညွှန်ကြားရေးမှူးအဖြစ် ၂ နှစ်လောက် လုပ်တယ်။ ၂၀၀၃ ခုနှစ်မှာ အမေရိကန် ပြည်ထောင်စု မြန်မာ့ ရေးရာ လှုပ်ရှားမှုအဖွဲ့ U.S Camping For Burma ကို ထောင်တယ်။ အဲဒီအဖွဲ့ရဲ့ အမှုဆောင် ညွှန်ကြားရေး မှူး အဖြစ် ကျနော် တာဝန်ယူခဲ့တယ်။ ၂၀၁၂ ခုနှစ် နိုဝင်ဘာလ အထိ တာဝန်ယူခဲ့တယ်။
အဲဒီကာလတွေမှာ အဓိက အလုပ်လုပ်နိုင်ခဲ့တဲ့ ပထမဆုံး ကိစ္စက အမေရိကန် ပြည်ထောင်စု ကွန်ဂရက် လွှတ်တော်ကနေ မြန်မာ့ ဒီမိုကရေစီ လှုပ်ရှားမှုနဲ့ မြန်မာနိုင်ငံက ဒုက္ခသည်တွေအတွက် ထောက်ပံ့ဖို့ သတ်မှတ်တဲ့ ထောက်ပံ့ငွေတွေ ပိုများသထက်များအောင် မြှင့်တင်နိုင်ခဲ့တယ်။ အမေရိကန် လွှတ်တော်က ပထမ ချထားပေးတဲ့ ဘတ်ဂျက်က ဒေါ်လာ တသန်း ဝန်းကျင်ပဲရှိတယ်။ ကျနော်တို့ ရောက်ပြီး နောက်ပိုင်း လှုပ်ရှားမှုတွေ ဆောင်ရွက်တဲ့ အခါမှာ ဒေါ်လာ ၈ သန်း ၊ ၉ သန်း၊ ၁၀ သန်း အထိ မြင့်လာတယ်။
နောက်တခု မြန်မာ ဒုက္ခသည်တွေက ထိုင်း-မြန်မာ နယ်စပ်မှာ ရှိတယ်။ အိန္ဒိယ- မြန်မာ နယ်စပ်မှာ ရှိတယ်။ မလေးရှား ရှိတယ်။ အဲဒီလို ဆင်းရဲဒုက္ခတွေကို အမေရိကန် အာဏာပိုင်တွေသိအောင် ရှင်းပြနိုင်ခဲ့တယ်။ ကိုယ့်အတွက် အထောက်အပံ့တွေ ပိုပြီးရ အောင် စည်းရုံးနိုင်ခဲ့တယ်။ အမေရိကန် ပြည်ထောင်စုကို ဒုက္ခသည် သောင်းနဲ့ ချီပြီးတော့ လာရောက် အခြေချ နေထိုင်ခွင့်ပြုဖို့ အမေရိကန် အစိုးရကို စည်းရုံးလှုံ့ဆော် နိုင်ခဲ့တယ်။
နောက်တခုက စစ်အစိုးရ အပေါ်မှာ အင်မတန် ပြင်းထန်တဲ့ စီးပွားရေး ပိတ်ဆို့မှုဖြစ်အောင် ၂၀၀၃ ခုနှစ်မှာ ချမှတ်ဖို့ ဆောင်ရွက်နိုင် ခဲ့တယ်။ မြန်မာနိုင်ငံရဲ့ အရေးကိစ္စကို နှစ်စဉ် ကုလသမဂ္ဂ အထွေထွေ ညီလာခံနဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက တလျှောက်လုံး ဆွေးနွေးပြီးတော့ ဆုံးဖြတ်ချက်တွေချတာပဲ။ ဒါပေမယ့် အထွေထွေညီလာခံရော လူ့အခွင့်အရေးကောင်စီကရော အာဏာ ရှိတဲ့ အဖွဲ့အစည်းတွေ မဟုတ်ဘူး။ သူတို့ချတဲ့ ဆုံးဖြတ်ချက်တွေကလည်း မဖြစ်မနေ လိုက်နာရမယ့် ကိစ္စမျိုးတွေ မဟုတ်ဘူး။
ကျနော်တို့က မြန်မာနိုင်ငံ အရေးကိစ္စကို ကမ္ဘာပေါ်မှာ အာဏာအရှိဆုံးအဖွဲ့ဖြစ်တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ကိုင်တွယ် ဖြေ ရှင်းပေးဖို့ဆိုတာကို ကျနော်တို့က အမေရိကန်အစိုးရကို တိုက်တွန်းတယ်။ အဲဒီ ၂၀၀၅ ခုနှစ်မှာ မြန်မာ့အရေးကိစ္စဟာ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက တာဝန်ခံ ဖြေရှင်းရမယ့် ပြဿနာ တရပ်အဖြစ် တရားဝင် တင်သွင်းလာခဲ့တယ်။ ဒါတွေက ကျနော်တို့ လုပ်ဆောင်ခဲ့တဲ့ အထဲမှာ အောင်မြင်တယ်ဆိုတဲ့ အတိုင်းအတာ တချို့ပါ။
မေး။ ။ ရှေ့ပိုင်းက ပြောခဲ့သလို ၈၈ တော်လှန်ရေး မပြီးသေးဘဲ အသွင်ကူးပြောင်းတာ မအောင်မြင်ခဲ့တဲ့ အကြောင်းက ၈၈ မှာ လူထု တာဝန်ကျေပေမယ့် ခေါင်းဆောင်တွေ တာဝန် မကျေခဲ့လို့ပါလား။
ဖြေ။ ။ ကျနော်တို့ ပြန်သုံးသပ်ကြည့်တဲ့ အခါကျတော့ အားလုံးမှာ ချွတ်ယွင်းချက်တွေ ကိုယ်စီရှိခဲ့တာပဲ။ တက္ကသိုလ် ကျောင်း သားတွေက တက္ကသိုလ်မြေကနေ ဒီလှုပ်ရှားမှုကို စခဲ့ကြတယ်။ ပထမဆုံးက စက်မှုတက္ကသိုလ်၊ နောက် ရန်ကုန်တက္ကသိုလ် ၊ ဆေး တက္ကသိုလ် ၁ ၊ ၂ စသဖြင့်ပေါ့။ ဒါပေမယ့် နောက်ပိုင်း ကျောင်းတွေ ပိတ်လိုက်တဲ့ အခါကျတော့ ဒီတော်လှန်ရေးကို လူထုကြား ထဲကို ကျနော်တို့ သယ်သွားခဲ့တယ်။
လူထုကြားထဲကို ဝင်ပြီးတော့ ၈ ရက် ၈ လ ၈၈ မှာ နိုင်ငံရေး အုံကြွမှုကြီး ဖြစ်အောင် လုပ်ဆောင်နိုင်ခဲ့တယ်။ စလှုပ်ရှားခဲ့တုန်း ကတော့ တနိုင်ငံလုံး အတိုင်းအတာ ပါလာလိမ့်မယ်လို့ မျှော်လင့်ချက် အကြီးကြီး မထားခဲ့ပါဘူး။ နောက်တော့ ဖြစ်လည်း ဖြစ်ရော တနိုင်ငံလုံး အတိုင်းအတာနဲ့ ဖြစ်လာတယ်။ အဲဒီတုန်းက ကျနော်တို့က သာမန် ကျောင်းသားလေးတွေပါ။ ဒါပေမယ့် ကျောင်းသားကြီးထဲမှာတော့ ပါတယ်။ ကျနော်တို့ ၊ မင်းကိုနိုင်တို့ ၊ မိုးသီဇွန်တို့ပေါ့ ။ ၂၅ ၊ ၂၆ နှစ် ဝန်းကျင်တွေပေါ့ ။ ကိုကိုကြီး ဆိုရင်တော့ ၂၈ လောက် ရှိမယ်။ ကျန်တဲ့ ကလေးတွေက ကျနော့်တို့ထက် ပိုငယ်သေးတယ်။
ကျနော်တို့တွေမှာ ဒီတော်လှန်ရေးကြီးကို အမျိုးသားရေး အရ လူထုကို ဦးဆောင်နိုင်တဲ့ အရည်အချင်း မရှိပါဘူး။ မရှိတဲ့အခါကျတော့ နိုင်ငံရေး ခေါင်းဆောင်တွေကို သွားပြီးတော့ ကမ်းလှမ်းရတယ်။ ဒေါ်အောင်ဆန်းစုကြည်လို ဗိုလ်ချုပ်အောင်ဆန်းရဲ့ အရှိန်အဝါကို ဆက်ခံမယ့် ခေါင်းဆောင်တွေ ၊ အဲဒီခေတ်တုန်းက ရှိသေးတဲ့ ဝန်ကြီးချုပ်ဟောင်း ဦးနု ၊ ဖဆပလ အစိုးရလက်ထက်က ဝန်ကြီး ဟောင်းတွေ၊ နိုင်ငံရေးမှာ ထဲထဲဝင်ဝင် လုပ်ခဲ့ကြတဲ့ ၇၄ ၊ ၇၅ ၊ ၇၆ ခေါင်းဆောင်ဟောင်းတွေကို ဆွဲခေါ်ထုတ်ပြီးတော့ တော်လှန်ရေး ကို ဦးဆောင်ဖို့ မေတ္တာ ရပ်ခံခဲ့ကြတယ်။
ကျနော်တို့ မျှော်လင့်တာက အဲဒီအချိန်မှာ မဆလ ယန္တရားကြီးက ပျက်စီးနေပြီ။ အစိုးရ ယန္တရားက လုံး၀ ရပ်နေပြီ။ သူ့ရဲ့ အဓိက ဒေါက်တိုင်က စစ်တပ်ပဲ ကျန်တော့တယ်။ စစ်တပ်ကလည်း ရန်ကုန်မြို့ပြင် တော်တော် များများက တပ်တွေအားလုံးက လူထုဘက် ကို နီးစပ်လာနေကြပြီ။ ရန်ကုန်ဝန်းကျင်မှာလည်း လူထုဘက်ကိုရပ်တဲ့ တပ်တွေ ပေါ်လာပြီ။ အဲဒီအချိန်မှာ မဆလ အစိုးရ ကိုင်တွယ် ထားနိုင်တာက အသံလွှင့်ရုံ တခုပဲ ကျန်တယ်။ အဲဒီဒေါက်တိုင်ကို ဖြုတ်ချနိုင်မယ် ဆိုရင် ကျနော့်တို့ဘက်က အများကြီး အားသာ နိုင်တာပေါ့။
ဒါပေမယ့် အဲဒီအချိန်မှာ ဖြစ်ခဲ့တာက ခေါင်းဆောင်များရဲ့ မညီညွှတ်မှုပေါ့။ ပထမဆုံး စတာကတော့ ဝန်ကြီးချုပ်ဟောင်း ဦးနုရဲ့ စင်ပြိုင်အစိုးရ ဖွဲ့စည်းခြင်းကနေ စတယ်။ စင်ပြိုင်အစိုးရ ဖွဲ့စည်းမှုက ယေဘုယျ ပြောမယ်ဆိုရင် ဦးနုရဲ့ တဦးတည်းသော ဆုံးဖြတ်ချက်နဲ့ ဖွဲ့စည်းတာ ဖြစ်ပြီးတော့ တာဝန်ရှိတဲ့ ပါသင့် ပါထိုက်သူ အားလုံးပါအောင် မစည်းရုံးနိုင်ခဲ့တာ ပါတယ်။ ပါသင့်ပါထိုက်တဲ့ ပုဂ္ဂိုလ်တချို့ကလည်း ကိုယ်မပါရလို့ ရှောင်တိမ်းနေတာမျိုး မရှိဘဲ ကန့်ကွက်တာပေါ့။ ဝေဖန်ရှုတ်ချတာတွေ ဖြစ်လာတော့ ခေါင်းဆောင်များရဲ့ ညီညွှတ်ရေးက ပြိုကွဲတာပေါ့။ အဲဒီလို တခုတည်းသော နိုင်ငံရေး ဦးဆောင်မှု မလုပ်နိုင်တဲ့ အချိန်မှာပဲ စစ်တပ်က လက်ဦးပြီးတော့ အာဏာသိမ်းလိုက်တာပါပဲ။
ယေဘုယျ ပြောရရင်တော့ ခေါင်းဆောင်များ ညီညွှတ်မှု မရှိတာက ကျနော်တို့ကို အရှုံး သယ်ဆောင် ပေးခဲ့တာပဲ။ နောက်တခုက ဒေါက်တာမောင်မောင်က ၃ လ အတွင်း ရွေးကောက်ပွဲ လုပ်ပေးမယ်။ ဒီမိုကရေစီ စနစ်ကို သွားမယ်ဆိုတဲ့ အချိန်မှာ ဝန်ကြီးချုပ် ဦးနုက လက်ခံတယ်။ တချို့တွေက လက်မခံကြဘူး။ အဲဒီတုန်းကသာ ရွေးကောက်ပွဲကို လက်ခံလိုက်မယ် ဆိုရင်လည်း သွေးချောင်းစီး ရတဲ့ အဖြစ်တွေ အများကြီး ရှောင်လွဲနိုင်လိမ့်မယ်လို့ ယုံကြည်တယ်ဗျ။
နောက်ဆုံးချုပ်ရရင်တော့ ခေါင်းဆောင်များရဲ့ မညီညွှတ်မှုနဲ့ ဖြစ်လာတဲ့ နိုင်ငံရေး အခြေအနေပေါ်မှာ မှန်မှန်ကန်ကန် မသုံးသပ်နိုင်တာပဲ။ အဲဒါတွေကြောင့်ပဲ ကျနော်တို့ အရေးနိမ့်ခဲ့တာ။
မေး။ ။ ၈၈ အသွင် ကူးပြောင်းမှုက မအောင်မြင်ခဲ့ဘူး။ အခုလက်ရှိ အချိန်မှာလည်း ပြုပြင်ပြောင်းလဲမှု လုပ်ငန်းတွေ လုပ်နေကြပြီ။ ဒီ အသွင်ကူးပြောင်းမှုကရော အောင်မြင်ပါ့မလား။ စိတ်ချရတဲ့ အခြေအနေကို ရောက်ပြီလား။
ဖြေ။ ။ စိတ်ချရတဲ့ အခြေအနေကို မရောက်သေးပါဘူး။ ခုနက ပြောသလိုပဲ ရတဲ့အသက်ရှုခွင့်ကို နှစ်ဖက်စလုံးက ဘယ်လောက် တန်ဖိုးထားသလဲ ဆိုတာပဲ။ အဲဒါက သီအိုရီဗျ။ အသက်ရှုပေါက် ရတယ်။ လေထုက ညစ်ညမ်းနေဆဲပဲ။ လေထုသာ စင်ကြယ်လာ ရင် အသက်ရှုရတာ ပိုလတ်ဆတ် သန်စွမ်း လာလိမ့်မယ်။ အဲဒါကို နှစ်ဖက်စလုံးက တန်ဖိုးထားပြီး လေထုကို ပူးပေါင်းသန့်စင်ဖို့ လို တယ်။
ဒါပေမယ့် လက်တွေ့မှာတော့ မရိုးသားမှုတွေ ၊ အပြန်အလှန် မယုံကြည်မှုတွေ ၊ ကိုယ်ကျိုး စီးပွားတွေက အများကြီး ရှိနေဆဲပဲ။ ထုနဲ့ထည်နဲ့ ရှိနေဆဲပဲ။ အထူးသဖြင့် အုပ်ချုပ်သူ အသိုင်းအဝိုင်းမှာကိုက အပြောင်းအလဲကို ဆက်သွားချင်တဲ့သူနဲ့ လက်မခံချင်တဲ့သူ ၊ ပြီးခဲ့တဲ့ခေတ်ကိုပဲ အသားကျပြီး ပြီးခဲ့တဲ့ခေတ်ကိုပဲ ပြန်သွားချင်တဲ့သူတွေ ရှိတယ်။ အပြောင်းအလဲ လုပ်တာတောင်မှ ရိုးရိုးသားသား မဟုတ်ဘဲနဲ့ နိုင်ငံရေး ရည်ရွယ်ချက် တခုခုနဲ့ လုပ်တာမျိုး ၊ အုပ်ချုပ်သူ အာဏာရ အသိုင်းအဝိုင်းမှာကိုက ဒီလို တင်းမာမှုတွေ ရှိနေဆဲပဲ။ စစ်တပ် အသိုင်းအဝိုင်းမှာလည်း ရှိတုန်းပဲ။
ဟိုတုန်းက ရှင်းတယ်ဗျ။ စစ်တပ်သည် မဆလ ပါတီရဲ့ အဖွဲ့အစည်းပဲ။ ဒီဘက်မှာကျတော့ စစ်တပ်သည် သီးခြား အဖွဲ့အစည်း ဖြစ် သွားတယ်။ စစ်တပ်နဲ့ ကြံ့ခိုင်ရေး ပါတီမှာ စစ်တပ်က ပိုပြီးတော့ အားကောင်း ခိုင်မာပြီးတော့ ကြံ့ခိုင်ရေး ပါတီက စစ်တပ်ရဲ့ မဟာမိတ် အဖွဲ့အစည်းပုံစံ ဖြစ်သွားတယ်။ လက်အောက်ခံလို့ ပြောတာ မဟုတ်ဘူးနော်။
ဟိုတုန်းက ဖြစ်ခဲ့တာက မဆလ ပါတီကို တိုက်ခြင်းအားဖြင့် အကုန်ပါသွားပြီ။ မဆလပါတီ အလံအောက်မှာ စစ်တပ်က ပါသွားပြီ။ အခုက စစ်တပ်သည် သီးခြား အာဏာရှိတဲ့ အဖွဲ့ဖြစ်တဲ့ အခါကျတော့ အစိုးရဘက်က ဘာပဲလုပ်ချင်လုပ်ချင် စစ်တပ်က မလိုက်ပါလို့ရှိရင် အပြောင်းအလဲက မဖြစ်နိုင်ဘူး။
သီအိုရီကတော့ ဒီလိုရှိတယ်။ လက်တွေ့မှာတော့ အပြန်အလှန် မယုံကြည်မှုတွေက ရှိနေဆဲပဲ။ မရိုးသားမှုတွေက ရှိနေဆဲပဲ။ အထူးသဖြင့် အုပ်ချုပ်သူ လူတန်းစားဘက်မှာ မရိုးသားမှုတွေ၊ စိတ်မချရမှုတွေ ရှိနေဆဲပဲ။ အဲဒီတော့ လက်ရှိ အခြေအနေက စိတ်ချရပြီလား ဆိုရင် စိတ်မချရသေးပါဘူး။ ဒါပေမယ့် နောက်ကြောင်း ပြန်လှည့်မယ်လို့လည်း မထင်ဘူး။ အခြေအနေတွေကို အုပ်ချုပ်သူ လူတန်းစားနဲ့ စစ်တပ်ဘက်က အသာစီးရအောင် ဖန်တီးထားပြီးသား။ ဒါကြီးကို ဖျက်ပြီးတော့ နောက်ကြောင်း ပြန်လှည့်ဖို့ကတော့ မဖြစ်နိုင်ဘူးလို့ ထင်တယ်။
မေး။ ။ ရှေ့ဆက်မယ့် မြန်မာ့နိုင်ငံရေး ခရီးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့အခန်းကဏ္ဍကို ဘယ်လို သုံးသပ်ချင်ပါလဲ။
ဖြေ။ ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍက တကယ့်ကို ကြီးကြီးမားမား ရှိနေဆဲပဲ။ အဲဒီမှာ တခုရှိတာက သူက သူ့ရဲ့ပါတီကို ဘယ်လောက် ခိုင်မာအောင် တည်ဆောက်မလဲပေါ့။ ၂၀၁၅ ရွေးကောက်ပွဲကလည်း နီးလာပြီ။ တကယ်လို့ ရွေးကောက်ပွဲက ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲလိုပဲ သန့်ရှင်းမယ်ဆိုရင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အစိုးရ ဖွဲ့နိုင်တဲ့ အနေအထားတောင် ရနိုင်တယ်။ တခုကလည်း တဖက်က PR စနစ် သုံးမသုံးလည်း ရှိသေးတာကိုး။
နောက်တခု ပြည်နယ်နဲ့ တိုင်းဒေသကြီး လွှတ်တော်တွေမှာ အမတ်နေရာ အများစုရပြီး အစိုးရ ဖွဲ့လာနိုင်တယ်။ အဲဒီအချိန်မှာ တိုင်းပြည်ကို ဘယ်သူ ဦးဆောင်မှာလဲ။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကတော့ သမ္မတ ဖြစ်ချင်မှ ဖြစ်မယ်။ ဒါပေမယ့် အစိုးရ တဖွဲ့စာ ပြင်ဆင်ဖို့ အတွက် အချိန်တနှစ်ပဲ ရတော့မယ်။ သူယုံကြည်ပြီး ရွေးချယ်တဲ့ သူတယောက်က နိုင်ငံတော် သမ္မတတောင် ဖြစ်လာနိုင်သေးတယ်။
အခုလက်ရှိ အစိုးရအဖွဲ့ဆိုရင် ဝန်ကြီးဌာန ၃၀ ရှိတယ်။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်က သူ့ပါတီကို ဘယ်လောက် ခိုင်မာအောင် ပြင်ဆင်ထားသလဲ။ နိုင်ငံတော် အာဏာကို ချက်ခြင်းရယူပြီး တန်းအုပ်ချုပ်နိုင်တဲ့ အခြေအနေမျိုး ရှိနေပြီလား။ အဲဒါတွေက မေးခွန်းတွေပေါ့။
အဲဒီလိုသာ စနစ်တကျ ပြင်ဆင်ထားမယ်ဆိုရင် ၂၀၁၅ ရဲ့ နောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍသည် ပို၍ပို၍ ကြီးမားသွားမှာပဲ။ ၂၀၁၅ ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ဘယ်လိုရင်ဆိုင် ဖြတ်သန်းမလဲဆိုတဲ့ အပေါ်မှာ မူတည်တယ်။
မေး။ ။ ၈၈ အရေးတော်ပုံကနေ ပေါက်ဖွားလာတဲ့ နိုင်ငံရေး မျိုးဆက်ဖြစ်တဲ့ ၈၈ မျိုးဆက်တွေရဲ့ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းကိုရော ဘယ်လိုမြင်လဲ။ သူတို့ကို နိုင်ငံရေးလုပ်ဖို့ အကြံပြုချင်ပါလား။
ဖြေ။ ။ သူတို့ကတော့ ကျနော်တို့ တိုင်းပြည်ရဲ့ အပြောင်းအလဲမှာ အရေးကြီးတဲ့ အင်အားစုအဖြစ် ရှိနေမှာပဲ။ သူတို့ထဲမှာလည်း နိုင်ငံရေး လုပ်ချင်တဲ့သူ ၊ လွှတ်တော်ထဲကို သွားမယ့်သူတွေ ရှိတယ်။ အရပ်ဘက် လူ့အဖွဲ့အစည်း အနေနဲ့ ဆောင်ရွက်ချင်တဲ့ သူတွေ ရှိတယ်။ အခုချိန်ထိလည်း သူတို့ကြားမှာ အကြိတ်အနယ် ဆွေးနွေးနေဆဲပါပဲ။
၂၀၁၅ ရွေးကောက်ပွဲ နီးလာလေလေ ဘယ်သူက ဘယ်လမ်းသွားမယ်ဆိုတဲ့ ခွဲခြားမှု ၊ ခွဲဝေမှုတွေက ပိုထင်ရှားလာမှာပဲ။ အခုအချိန်မှာတော့ သူတို့ ရပ်တည်မှုကို စိတ်တိုင်းမကျတာမျိုးတွေ ရှိကောင်း ရှိနိုင်ပါတယ်။ သူတို့ လုပ်ချင်တာတွေလည်းလုပ်ပြီး လမ်းကြောင်းတခု ရွေးချယ်ဖို့ကတော့ အချိန်က ရောက်လာပါလိမ့်မယ်။ အချိန်ကျလာရင်တော့ သက်ဆိုင်တဲ့ တာဝန်တွေ ဆက်ထမ်းကြမှာပေါ့။
မေး။ ။ ၂၀၁၅ ရွေးကောက်ပွဲက ဖြစ်နိုင်မယ် ထင်ပါလား။
ဖြေ။ ။ ဖြစ်မှာပါ။ ၂၀၁၅ နှစ်ကုန်မှာ မဖြစ်တောင်မှ ၂၀၁၆ နှစ်ဆန်းပိုင်းမှာ ဖြစ်နိုင်တယ်။ လွှတ်တော် သက်တမ်း မကုန်ခင်တော့ ဖြစ်မယ်လို့ ကျနော် ထင်တယ်။
မေး။ ။ ဦးအောင်ဒင် အနေနဲ့ မြန်မာနိုင်ငံကို ဘယ်တော့ အပြီးပြန်လာဖို့ရှိပါလဲ။
ဖြေ။ ။ ပြီးခဲ့တဲ့ရက်က ကျနော် နေပြည်တော်ရောက်တော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ စုပြီး စားကြသောက်ကြ စကားပြောကြတာပေါ့။ သူတို့ကလည်း ကျနော့်ကို အဲဒီလို မေးတယ်။ ကျနော်တို့လို နိုင်ငံသား ဘဝကို ဆုံးရုံးသွားပြီဖြစ်တဲ့ နိုင်ငံသားဟောင်းတွေက မြန်မာနိုင်ငံသား ပြန်ဖြစ်ဖို့ဆိုတာက သမ္မတတယောက်ပဲ နိုင်ငံသားအဖြစ် ပြန်ပေးခွင့်ရှိတာ။
ကျနော်ကလည်း သမ္မတဆီကို အသနားခံစာတင်မှာ မဟုတ်သလို သမ္မတ ကျေနပ်လောက်အောင်လည်း ကျနော်က နေမှာမဟုတ် ပါဘူး။ အဲဒီအခါကျတော့ ကျနော် နိုင်ငံသား ပြန်ဖြစ်ဖို့ ဆိုတာဟာ ခင်ဗျားတို့ သမ္မတဖြစ်မှ ကျနော် နိုင်ငံသား ပြန်လျှောက်မယ်ဗျာလို့ ပြောခဲ့သေးတယ်။ အဲဒီအတိုင်းပါပဲ။ ။