လိပ်ကျွန်း လူသတ်မှုတွင် စွပ်စွဲခံ မြန်မာ ၂ ဦးက သူတို့သည်အမှုနှင့် ပတ်သက်ခြင်းမရှိဘဲ ညှဉ်းပမ်း နိုပ်စက်မှု၊ ခြိမ်းခြောက်မှု၊ ဘာသာပြန်လွဲမှားမှုများကြောင့်သာ ဝန်ခံရခြင်းဖြစ်ကြောင်း ယနေ့ ကော့စမွေ အကျဉ်းထောင်တွင် မိဘများနှင့်မြန်မာအဖွဲ့ ရှေ့တွင် ပြောဆိုလိုက်သည်။
ကော့စမွေအကျဉ်းထောင်သို့ လိုက်ပါသွားသည့် မြန်မာကိုယ်စားလှယ်အဖွဲ့မှ ဦးမင်းဦးက“သူတို့ လုံးဝငြင်း တယ်၊ ဒီကိစ္စမှာ ဘာမှပါဝင်ပတ်သက်ခြင်းမရှိဘူး၊ အဲဒီနားမှာ ဂစ်တာတီးမိတယ်၊ အဲဒါနဲ့ပဲ CCTVမှာ ဓာတ်ပုံ တွေပြပြီး ရဲတွေက သူတို့ကို ဖမ်းပြီး၊ ညှဉ်းပမ်းနိုပ်စက်တယ်၊ ဖြေရင် ဘယ်လောက်မှကြာကြာမနေရဘူး ငါတို့ ကူညီမယ်ပြောလို့ ဝန်ခံရတယ်”ဟု ဆိုသည်။
သူတို့လုံး၀ ပါဝင်ပတ်သက်ခြင်းမရှိကြောင်း၊ အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်သည့်အတွက် ဝန်ခံရခြင်း ဖြစ်ကြောင်း ဦးမင်းဦးက ဆက်ပြောသည်။
အဆိုပါ မြန်မာလူငယ် ၂ဦးမှာ မိဘများနှင့် တွေ့ဆုံစဉ် ဝမ်းသာအားရဖြစ်နေပြီး၊ စိတ်ဓာတ်ကျဆင်းခြင်းမရှိ ကြောင်းသိရသည်။
“သူတို့ပြောတာက အရမ်းရှင်းတယ်၊ အမေ ကျနော်တို့ အသက်သာ အသေခံမယ်၊ ကျနော်တို့ုလုပ်တာမဟုတ် ဘူး၊ ဒါပေမယ့် ဘာသာပြန်ကတဆင့် ခြိမ်းခြောက်တယ် အဲဒီအချိန်မှာ ကျနော်တို့မဖြေရင် အသက်အန္တရာယ် စိုးရိမ်ရတဲ့ အတွက် ရှိနေလို့ ဖြေလိုက်တယ်၊ တရားရုံးမှာမှ အဖြစ်မှန်ကို ထွက်ဆိုမယ်လို့ ဆုံးဖြတ်ထားပြီး ဖြေပေးလိုက်တာ” ဟု မိဘများနှင့် ပြောဆိုကြောင်း ဦးမင်းဦးက ဆက်ပြောသည်။
ထိုင်းရဲတပ်ဖွဲ့က စစ်ဆေးစဉ် ညဉ်းပမ်းနိုပ်စက်မှုများ ပြုလုပ်ကြောင်း ဆက်လက်ပြောသည်။
မြန်မာလူငယ် နှစ်ဦး၏ ပြောဆိုချက်များကို လိုက်ပါဆောင်ရွက်နေသည့် ထိုင်းရှေ့နေများက ရေးမှတ်ယူကာ ဤအမှုတွင် မှန်ကန်စွာဆောင်ရွက်နိုင်ရန် မိဘများ၏ သဘောတူညီချက်ဖြင့် ကော့စမွေ မြို့နယ်တရားစီရင် ရေး ရုံးသို့ တရားဝင် သွားရောက်လျှောက်ထားခဲ့ကြောင်း သိရသည်။
ယနေ့ သွားရောက်တွေ့ဆုံရာတွင် မြန်မာလူငယ် ၂ဦး၏ မိဘများ အပါအဝင် မြန်မာသံရုံး တာဝန်ပေးခြင်းခံရ သည်သူများ စုစုပေါင်း ၁၃ ဦးသွားရောက်တွေ့ဆုံသည်ဟု သိရသည်။