တလ နီးပါးကြာ ပျောက်ဆုံးနေသည့် အလွတ်တန်း သတင်းထောက် ကိုအောင်ကျော်နိုင်(ခ) ကိုပါကြီးမှာ သေဆုံးသွားပြီဟု ထုတ်ပြန်ချက်ကြောင့် မြန်မာစစ်တပ်အား ကျန်ရစ်သူ မိသားစုက တရားစွဲဆိုသွားမည်ဟု သတင်းရရှိသည်။
ကိုပါကြီးအား မြန်မာ စစ်တပ်က ဖမ်းဆီးထိန်းသိမ်းထားစဉ် ထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးရာ သေဆုံးသွား ကြောင်း ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၂၃ ရက် နေ့စွဲတပ်ထားသော သတင်း ထုတ်ပြန် ကြေညာချက်တစောင်ကို မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ)မှ တဆင့် ဖြန့်ဝေခဲ့သည်။ အဆိုပါ ထုတ်ပြန်ချက်ကို မည်သည့်ဝန်ကြီးဌာနက တာဝန်ခံ ထုတ်ပြန်ကြောင်း တရားဝင် စာအမှတ်နှင့် စည်းတံဆိပ်များ မပါဝင်ပါ။
ယင်းသတင်းကို ယနေ့ ပထမဦးစွာ ပုံနှိပ်ဖော်ပြခဲ့သော The Voice Daily သတင်းစာကမူ “တပ်မတော်”မှ ထုတ်ပြန်ကြောင်း ရေးသားဖော်ပြထားသည်။ ကာကွယ်ရေးဝန်ကြီးဌာနသို့ ယင်းထုတ်ပြန်ချက်နှင့် ပတ်သက်၍ သဘောထားမေးမြန်းရာ ရုံးအဖွဲ့မှူး ဒု ဗိုလ်မှူးကြီး ကျော်သူက “လုံးဝ” မသိရှိကြောင်း ဖြေဆိုသည်။
သို့ရာတွင် စာနယ်ဇင်းကောင်စီမှ တဆင့် ရရှိသော ထုတ်ပြန်ချက်အရ ၂၀၁၄ ခုနှစ် ၊ စက်တင်ဘာလ ၃၀ ရက်နေ့က ကျိုက်မရောမြို့ လုံခြုံရေးအတွက် မြို့စက်လှေဆိပ် အဝင်/အထွက်များအား မြန်မာစစ်တပ်က စစ်ဆေးနေစဉ် စက်လှေတစီးပေါ်တွင် ရေစိုလျက် ရွှံ့ဗွက်များ ပေကျန်နေသော ကိုပါကြီးအား တွေ့ရှိ၍ နယ်မြေခံ အမှတ် (၂၀၈)ခြေမြန်တပ်ရင်းသို့ လွှဲပြောင်းစစ်ဆေးရာ KKO ခေါ် ကလိုထူးဘော ကရင်အဖွဲ့အစည်းမှ ပြန်ကြားရေး တာဝန်ခံ ဗိုလ်ကြီးအဆင့်ရှိ အောင်နိုင် အဖြစ်ဖြင့် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း၊
ဖမ်းဆီး ထိန်းသိမ်းထားစဉ် လုံခြုံရေး စစ်သည်တဦး၏ သေနတ်အား လုယူ ထွက်ပြေးသဖြင့် ပစ်ခတ် ဖမ်းဆီးခဲ့ရကြောင်း သိရသည်။ သို့သော် အသေးစိတ် ရှင်းလင်းမှု မရှိပေ။
ကိုပါကြီး၏ ဇနီး ဒေါ်သန္တာက ကိုပါကြီး ပျောက်ဆုံးနေမှုနှင့် ပတ်သက်၍ အောက်တိုဘာလ ၂၁ ရက်နေ့က ရန်ကုန်မြို့တွင် မီဒီယာ များနှင့်တွေ့ဆုံပြီး သတင်းစာ ရှင်းလင်းပွဲတခု ပြုလုပ်ခဲ့ပြီး ထိုသတင်းစာ ရှင်းလင်းပွဲပြုလုပ်အပြီး ၂ ရက်အကြာ အောက်တိုဘာလ ၂၃ ရက်နေ့တွင် ယခုကဲ့သို့ ထုတ်ပြန်ချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ရောက်ရှိနေသော ကိုပါကြီး၏ ဇနီး ဖြစ်သူ ဒေါ်သန္တာက မြန်မာနိုင်ငံသို့ ပြန်လာပြီး ခင်ပွန်းဖြစ်သူ ကိုပါကြီးအား စစ်တပ်က မတရား ညှင်းပန်းနှိပ်စက်မှုဖြင့် တရားစွဲသွားမည့် အပြင် ကိုပါကြီး၏ အလောင်းအား ပြန်လည် တောင်းယူမည် ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။
“ အခု ဒီသတင်းက သေချာတယ်ဆိုရင် ကျမ ခင်ပွန်းသည်ရဲ့အလောင်းကို ကျမ ပြန်တောင်းမယ်။ ဘယ်လို ပုံစံမျိုးပဲ ရှိရှိ ကျမ ပြန်တောင်းမယ်။ ပြီးရင် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုနဲ့ ဆက်ပြီး တရားစွဲမယ် ။ ကျမ ဒီလောက်ပဲဖြေချင်ပါတယ် ” ဟု ဒေါ်သန္တာက ဧရာဝတီသို့ ဖြေဆိုသည်။
သေဆုံးသွားသူ ကိုပါကြီးမှာ အသက် ၄၉ နှစ် ရှိပြီ ဖြစ်ပြီး သမီးအရင်း တယောက်နှင့် မွေးစားသား ၂ ဦး ကျန်ရစ်ခဲ့သည်။
ကိုပါကြီး၏ ဇနီး ဒေါ်သန္တာ၏ အဆိုအရ ကိုအောင်ကျော်နိုင်(ခ) ကိုပါကြီးသည် လက်ရှိ ဖြစ်ပွားနေသည့် အစိုးရစစ်တပ်နှင့် ဒီမိုကရေစီ အကျိုးပြု ကရင် အမျိုးသား တပ်မတော်(DKBA) တိုက်ပွဲ အတွင်း စစ်ရေး သတင်း ဓာတ်ပုံများ ရရှိရန် မွန်ပြည်နယ်သို့ သွားရောက်စဉ် ပျောက်ဆုံးသွားခြင်း ဖြစ်ပြီး အဆက်အသွယ် မရသည်မှာ တလခန့် ရှိလာသဖြင့် လိုက်လံ စုံစမ်းကြည့်ရာ ကျိုက်မရော မြို့နယ် အစိုးရ စစ်တပ်က ဖမ်းဆီးထားသည်ဟု သိရှိခဲ့ရခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် စစ်တပ်အား တရားစွဲဆိုရန် ပြင်ဆင်နေကြောင်း သိရသည်။
“တပ်မတော်” မှ ထုတ်ပြန်သည်ဟု ဆိုသော ကြေညာချက်တွင်မူ ကိုပါကြီး၏ အလောင်းကို ကောင်းမွန်စွာ မြေမြှုပ် သြၤဂိုဟ်ထားပြီးဖြစ်ကြောင်း၊ သေဆုံးသူ၏ မိန်းမဖြစ်သူကို အသိပေးပြီး ကူညီထောက်ပံ့မှုများ ပေးအပ်မည်ဟု ဆိုသည်။
DKBA ၏ နိုင်ငံရေးအဖွဲ့ခွဲ ဖြစ်သော KKO ၏ အတွင်းရေးမှူး စောလုံ့လုံကမူ ကိုပါကြီးသည် KKO အဖွဲ့ဝင် မဟုတ်သလို KKO အဖွဲ့၏ ပြောရေးဆိုခွင့် ရှိသူလည်း လုံး၀ မဟုတ်ကြောင်း ဧရာဝတီသို့ ပြောသည်။
“ သူက သတင်းထောက် သက်သက်ပါ။ ကျနော်တို့က သူ သတင်း လာယူတဲ့အခါ ကူညီပေးပါတယ်။ ဒီလောက်ပါပဲ ” ဟု စောလုံ့လုံက ပြောဆိုသည်။
မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီကမူ ကိုပါကြီးမှာ မည်သူဖြစ်ကြောင်း “မရှင်းလင်းသေး”သဖြင့် ယခုကိစ္စနှင့် ပတ်သက်၍ သဘောထား မှတ်ချက် ပေးရန် “စောလွန်း”နေသည် ဟု ပြောဆိုသော်လည်း အမေရိကန် အခြေစိုက် သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ(CPJ)၏ အရှေ့တောင်အာရှ ကိုယ်စားလှယ် ရှောင်ခရစ်စပင်က “သတင်းထောက် အောင်ကျော်နိုင်ကို တပ်က ဖမ်းဆီးချုပ်နှောင်ထားစဉ်မှာ အသတ်ခံခဲ့ရတယ်ဆိုတဲ့ ရှေ့ပြေးသတင်းပေးပို့ချက်တွေအပေါ် ကျနော်တို့ အလွန်အမင်း စိုးရိမ်မိပါတယ်။
အစိုးရ တာဝန်ရှိသူတွေအနေနဲ့ ဒီသတင်းတွေကို စုံစမ်း စစ်ဆေးရမယ်။ သူ့သေဆုံးမှု နောက်ကွယ်က အကျိုးအကြောင်း တွေ့ရှိချက်တွေကိုလည်း အများပြည်သူသိအောင် ထုတ်ပြန်ပေးရမှာ ဖြစ်တယ်” ဟု ဧရာဝတီသို့ ပြောဆိုသည်။
ကိုပါကြီးကိစ္စမှာ ထူးခြားဖြစ်စဉ် ဖြစ်သဖြင့် အမျိုးသား လူ့အခွင့်အရေးကော်မရှင်ထံသို့ တင်ပြလာပါက စုံးစမ်းစစ်ဆေးပေးသွားမည်ဖြစ်ကြောင်း ကော်မရှင် အတွင်းရေးမှူး ဦးစစ်မြိုင်ကလည်း ဧရာဝတီသို့ ပြောသည်။
“ ကော်မရှင်က မတင်ပြတဲ့ တချို့ကိစ္စတွေကိုလည်း စစ်ဆေးမှုတွေ လုပ်ပါတယ်။ ဒါပေမယ့် ဒီလို ထူးခြားတဲ့ ဖြစ်စဉ်ဆိုရင်တော့ ကာယကံရှင် မိသားစု ဒါမှမဟုတ် လူမှုအဖွဲ့အစည်းတခုခုက တင်ပြလာရင် ပိုကောင်းပါတယ်။ ကျနော်တို့ စုံစမ်းစစ်ဆေးပေးလို့ ရပါတယ် ” ဟု ဦးစစ်မြိုင်က ပြောသည်။
ကိုပါကြီး မှာ ၂၀၁၀ခုနှစ် ဝန်းကျင်တွင် အလွတ်တန်း သတင်းထောက် အဖြစ် စတင်လုပ်ကိုင်ခဲ့ပြီး ရန်ကုန်တိုင်းမ်ဂျာနယ်တွင် အောင်ကြီးနာမည်ဖြင့် သတင်းများ ဖော်ပြခံရဖူးကြောင်း၊ အလဲဗင်း သတင်းစာကိုလည်း နာမည်မပါဘဲ သတင်း ရောင်းဖူးကြောင်း၊ စစ်တပ်က ထုတ်ပြန်သလို DKBA နှင့် ဆက်စပ်မှု မရှိဘဲ DKBA မှ ဗိုလ်မှူး စောဆန်းအောင်နှင့် ပုဂ္ဂိုလ်ရေး ခင်မင်မှုသာ ရှိကြောင်း ကိုပါကြီး၏ မိတ်ဆွေ ယမုံနာက ပြောသည်။
မော်လမြိုင်ဒေသခံ သတင်းထောက် တဦးကလည်း ကိုပါကြီးသည် ထိုင်း-မြန်မာ နယ်စပ် သတင်းဆောင်းပါးများကို ရေးသား၍ ပြည်တွင်းမီဒီယာများသို့ ပေးပို့သူ ဖြစ်ပြီး အောင်ကြီး၊ ပါကြီး စသည့်ကလောင်အမည်များဖြင့် ရေးသားသူ တဦးဖြစ်ကြောင်း ပြောသည်။
ကိုပါကြီး၏ မိတ်ဆွေ ဦးဘမြင့်ကလည်း “ ပါကြီးရဲ့ သဘောထားက ပျော့ပျော့ ပြောင်းပြောင်းရှိပါတယ်။ ယဉ်ကျေးသိမ်မွေ့တယ်။ နိုင်ငံရေး လုပ်ခဲ့တာမိုလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ် လုံခြုံရေးလည်း လုပ်ခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံထဲမှာနေတဲ့ အချိန်တုန်းကလည်း တော်တော်လေး အပင်ပန်းခံပြီး ဒေါ်အောင်ဆန်းစုကြည် သွားတဲ့ နေရာလိုက်တဲ့ လူငယ်တယောက်ပဲ။ သူတို့ လင်မယားက နိုင်ငံရေးဆိုရင် ထဲထဲဝင်ဝင် လုပ်တယ်။ သူတို့ကို သုံးရောင်ခြယ် ဆိုပြီး သိထားကြတယ် ” ဟု ဧရာဝတီသို့ ပြောသည်။
ကိုပါကြီးသည် ၁၉၈၈ ခုနှစ်၊ နိုဝင်ဘာလတွင် ဖွဲ့စည်းခဲ့သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (လူငယ်) ၏ ပထမဦးဆုံး ဗဟိုလူငယ် ၁၉ ဦးတွင် ပါဝင်ခဲ့ပြီး ကရင်ပြည်နယ် တာဝန်ခံအဖြစ် ၁၉၈၉ ခုနှစ် မေလ အထိ တာဝန်ယူခဲ့သူဖြစ်သည်။ ယင်းနောက်ပိုင်းတွင် သုံးရောင်ခြယ် အဖွဲ့ဝင်အဖြစ် တပ်ဦးတာဝန်များကို ထမ်းဆောင်ခဲ့သူ တဦးလည်း ဖြစ်ကြောင်း ၎င်းနှင့်
နီးစပ်သူများထံမှ သိရှိရသည်။
ယခု ကိုပါကြီး သေဆုံးမှုသည် သတင်းသမားများကို အစိုးရက ဖမ်းဆီး အရေးယူထောင်ချမှုများ ပြုလုပ်နေချိန်နှင့်လည်း တိုက်ဆိုင်နေသည်။