Ethnic Issues

လက်နက်ကိုင် ပဋိပက္ခနှင့် လယ်ယာ သိမ်းဆည်းမှုကြောင့် ဘိန်းစိုက်ပျိုးမှု တိုးလာဟုဆို

This article has been converted from Zawgyi One to Unicode

ရှမ်းပြည်နယ် အတွင်း လက်နက်ကိုင် ပဋိပက္ခနှင့် လယ်ယာမြေ သိမ်းဆည်းမှုများကြောင့် ဘိန်းစိုက်ပျိုးမှုများ တိုးပွားလာနေကြောင်း သိရသည်။

ဘိန်းစိုက်ပျိုးမှု ကြီးထွားလာခြင်းနှင့်ပတ်သက်ပြီး ပအို့ဝ်လူငယ် အစည်းအရုံး(PYO) နှင့် တောင်တန်းဒေသလူမှုဖွံ့ဖြိုးရေး လှုပ်ရှားဆောင်ရွက်မှုအဖွဲ့(AHLSD) တို့ ပူးပေါင်း၍ စက်တင်ဘာလ အတွင်းက ပြုစုထားသည့် “ဘိန်းနွံတွင်း က ငိုရှိုက်သံ” အစီရင်ခံစာ၌ ဖော်ပြထားသည်။

ယင်းအစီရင်ခံစာနှင့် ပတ်သက်သော သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့ရှိ ခရစ်ယာန် ကလျာဏယုဝ အသင်း(YMCA) ခန်းမတွင် ယနေ့ ကျင်းပသည်။

AHLSD အဖွဲ့ တာဝန်ခံ ခွန်ချန်ကီ က“အစိုးရအနေနဲ့ ဘိန်းပပျောက်မှု စီမံကိန်း ရေးဆွဲခဲ့တာလည်း တော်တော်ကြာခဲ့ပါပြီ။ ဒါပေမယ့် အောင်မြင်မှုက အခုထိမရသေးသလို ဘိန်းကို ပိုစိုက်လာတာတွေ့ရတယ်။ ဘိန်းအစားထိုး သီးနှံတွေကို လုပ်ပေးပြီး ဈေးကွက် ဖော်ဆောင်မှုတွေ မရှိတဲ့အတွက်လည်း ပါတယ်”ဟု ဧရာဝတီ ကို ပြောသည်။

ရှမ်းပြည်နယ် တောင်ပိုင်းတွင် မြေယာ သိမ်းဆည်းမှုများကြောင့် လယ်ယာမဲ့ ဖြစ်သွားရသူများသည် ဝမ်းရေး အတွက် ဘိန်းစိုက်ခင်း များ၌ နေ့စား အလုပ်သမားအဖြစ် ပြောင်းရွှေ့လုပ်ကိုင်နေရကြောင်း၊ တချို့ကလည်း နယ်စပ်သို့ သွားရောက်၍ ရရာအလုပ်ကို လုပ် ရင်း လူကုန်ကူးမှုများ ဖြစ်လာကြောင်းလည်း ကိုခွန်ချန်ကီ က ဆက်ပြောသည်။

ဘိန်းပပျောက်မှု စီမံကိန်းများ မအောင်မြင်ရခြင်း အကြောင်းရင်း၌ ဗဟိုချုပ်ကိုင်မှု စနစ် ကျင့်သုံးခြင်း၊ စိုက် ပျိုးမြေယာများကို လက် လွတ်ဆုံးရှုံးရခြင်း၊ အဂတိ လိုက်စားခြင်း၊ တရားမဝင် အခွန်ကောက်ခံမှု များပြားခြင်း၊ ဒေသထွက်သီးနှံများကို တွက်ခြေကိုက် စီးပွားဖြစ် တင်ပို့မည့်ဈေးကွက် မရှိခြင်း၊ ဘိန်းစိုက်တောင်သူများကို ကိုသာ နှိမ်နင်းပြီး၊ ဘိန်းပပျောက်ရေး စီမံကိန်း အကောင်အထည် ဖော်မှု အားနည်းခြင်းတို့ကြောင့် ဖြစ်ကြောင်း အစီရင်ခံစာ၌ ဖော်ပြထားသည်။

မြန်မာနိုင်ငံ၌ မူးယစ်ဆေးဝါး ကင်းစင် ပပျောက်ရေး စီမံကိန်းများကို ၁၉၆၄ ခု နှစ်မှ ၁၉၆၉ ခုနစ် ဘိန်းလုံးဝ ပပျောက်ရေး ၄ နှစ် စီမံကိန်း၊ ၁၉၇၆ ခုနှစ်မှ ၁၉၉၀ ခုနစ်ထိ မူးယစ်ဆေးဝါး နှိမ်နင်းရေး ၁၅ နှစ် စီမံကိန်း နှင့် ၁၉၉၉ ခုနှစ် မှ ၂၀၁၄ ခုနှစ်ထိ မူးယစ်ဆေးဝါး နှိမ်နင်းရေး ၁၅ နှစ် စီမံကိန်း လုပ်ဆောင်ခဲ့သော်လည်း အောင်မြင်မှု မရှိသေးပေ။

ပအို့ဝ်လူငယ် အစည်းအရုံး၏ စီမံကိန်း ဦးစီးမှူး ခွန်ဦး က“မူးယစ်ဆေးဝါး ပပျောက်မှု စီမံကိန်း နှစ်ပေါင်း ၃၄ နှစ်သာ ကြာသွားတယ်၊ ဒါပေမယ့် လက်နက်ကိုင် ပဋိပက္ခ္ခဖြစ်ပွားတဲ့ ရှမ်းပြည်တောင်ပေါ်ဒေသမှာတရားမဝင် အခွန်ကောက်မှုတွေ၊ အဂတိလိုက်စားမှုတွေ၊ မူးယစ်ဆေးဝါး သုံးစွဲသူတွေ အတွက် ဘဝ ပြန်လည်ပြုစု ပျိုး ထောင်ရေး စီမံချက်တွေ မှာ ပြည်သူတွေ ပူးပေါင်းပါဝင်ခွင့် အား နည်း တာတွေကြောင့် မူးယစ်ဆေးဝါးဈေး ကွက်တွေ တွင်ကျယ်လာတယ်”ဟု ပြောသည်။

နိုင်ငံရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူ့အခွင့်ရေး ဆိုင်ရာများကို ကူညီထောက်ပံ့ပေးသည့် နည်းတူ ဘိန်းသုံးစွဲသူများ၏ဘဝ ပြန် လည် ပြုစု ပျိုးထောင်ရေး လုပ်ငန်းများကိုပါ အလေးထားဆောင်ရွက်ရန်၊ ဘိန်းထွက် ဒေသများမှ လူငယ်များ ပညာရေး ပိုမို စိတ်ဝင် စားလာစေရန် ပညာတော်သင်ဆုများကို အထူးအခွင့်အရေးဖြင့် ဦးစားပေးခေါ်ဆောင်ရန် လိုအပ်ကြောင်းလည်း အစီရင်ခံစာ၌ ဖော်ပြ ထားသည်။

ဘိန်းပပျောက်ရေး စီမံကိန်းများ အကောင် အထည်ဖော်ဆောင်ရွက်မှုကို အစဉ်တစိုက် စောင့်ကြည့်ပြီး အခါ အားလျော်စွာ ထောက်ပြဝေဖန် အကြံပြုရန်လည်း အစိုးရမဟုတ်သော နိုင်ငံတကာနှင့် ပြည်တွင်း အဖွဲ့အစည်းများ(INGOs/NGOs)ကိုလည်း အကြံပြု တိုက်တွန်း ထားသည်။

ကိုခွန်ချန်ကီးက “ကျနော်တို့ရဲ့ အစီရင်ခံစာကို လွှတ်တော် အထိရောက်အောင် တင်ပြသွားမှာပါ”ဟု ဆိုသည်။

ကမ္ဘာတဝန်း၌ အာဖဂန် နစ္စတန် နိုင်ငံသည် ဘိန်းအများဆုံး ထုတ်လုပ်သည့် နိုင်ငံဖြစ်ပြီး မြန်မာ နှင့် မက္ကဆီ ကို နိုင်ငံတို့သည် ဒုတိယ အများဆုံး နိုင်ငံများဖြစ်သည်။

ဘိုလီးဗီးယား၊ ဗင်နီဇွဲလား နိုင်ငံများကဲ့သို့ပင် မြန်မာနိုင်ငံသည် နိုင်ငံတကာ၏ မူးယစ်ဆေးဝါး တိုက်ဖျက် ရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ခြင်း မရှိကြောင်း အမေရိကန်နှင့် ကုလသမဂ္ဂတို့ ၏ ထုတ်ပြန်ချက် များတွင် ရေးသားထားသည်။

ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှု ဆိုင်ရာရုံး (UNODC) ၏ ၂၀၁၀ ပြည့်နှစ် ဇွန်လ အတွင်း ထုတ်ပြန်သည့် အစီရင် ခံစာ အရ  မြန်မာနိုင်ငံသည် ဘိန်းစိုက်ပျိုးမှု ဒုတိယ အများဆုံး နိုင်ငံဖြစ်ပြီး၊ စိတ်ကြွဆေး ထုတ်လုပ်မှုမှာ အရှေ့တောင်အာရှ နိုင်ငံများ၌ စတုတ္ထအများဆုံးဟု ဖော်ပြထားသည်။

မူးယစ်ဆေးဝါး ပပျောက်ရေး ၁၅ နှစ် စီမံကိန်းကို ၁၉၉၉-၂၀၀၀ ခုနစ် မှ ၂၀၁၃-၂၀၁၄ ခုနစ်အထိ သတ်မှတ် ဆောင်ရွက်ခဲ့ရာ ၂၀၁၂ ခုနစ်တွင် ဘိန်းစိုက်ပျိုး ဟက်တာ ၅၁၁၀၀ နှင့် ထုတ်လုပ်မ ှုတန်ချိန် ၆၉၀ ရှိနေသေးကြောင်း၊ UNODC နှင့် ပူးပေါင်း တိုင်းတာချက် အရ သိရှိရကြောင်း၊ ဘိန်းစိုက်ပျိုးမှု ပပျောက်စေရေး အတွက် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေ သေးသဖြင့် နောက်ထပ် ၅ နှစ် စီမံကိန်းကို ၂၀၁၉ ခုနှစ်အထိ တိုးမြှင့်ဆောင်ရွက် သွားရမည် ဖြစ်ကြောင်း မူးယစ်ဆေးဝါး အန္တရာယ် တားဆီး ကာကွယ်ရေး အဖွဲ့ ဒု ဥက္ကဌ ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ ရဲမှူးကြီး ဝင်းနိုင်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၌ ရှမ်းပြည်နယ်သည် ဘိန်းစိုက်ပျိုးမှု အများဆုံးဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံ၏ ဘိန်းစိုက် ပျိုး ထုတ်လုပ်မှုသည် ၁၀ နှစ်ကျော်အတွင်း အမြင့်ဆုံး တိုးတက်ခဲ့ပြီး ၂၀၁၂ ခုနှစ် တွင် ဟက်တာ ၅၁၀၀၀ ရှိရာမှ ၂၀၁၃ ခုနှစ်တွင် ဟက်တာ ၅၇၈၀၀ အထိ ရှိလာ၍ ၁၃ ရာခိုင်နှုန်း တိုးလာကြောင်း UNODC အစီရင်ခံစာ၌ ဖော်ပြပါရှိသည်။

Loading