ဒီမိုကရေစီ ပြန့်ပွားရေးနဲ့ ခိုင်မာရေး လုပ်ဆောင်ဖို့ကို စိတ်ဝင်စားတဲ့ မူဝါဒချမှတ်သူတွေ၊ လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူတွေ၊ နိုင်ငံရေး လေ့လာသုံးသပ်သူတွေ၊ ဒီမိုကရေစီ ပညာရှင်တွေ အများကြီး ရှိကြပါတယ်။ ဖက်ဒရယ် စနစ်ကို ရွေးချယ်လိုက်ရင် ရလာနိုင်မယ့် အကျိုးနဲ့ အပြစ်တွေကို ပြန်လည်ဝေဖန်သုံးသပ်ဖို့ အခုအချိန်မှာ အရင်ထက် အများကြီး ပိုလိုအပ်လာပါတယ်။ ဖက်ဒရယ်စနစ်ကို ကျင့်သုံးလိုက်ရင် အမျိုးသားရေးဝါဒီ တိုင်းရင်းသားတွေ အနေနဲ့ သူတို့ရဲ့ အရင်းအမြစ်တွေကို ဆော်သြောစည်းရုံးဖို့ အခွင့်အလမ်းတွေ အများကြီး ရလာနိုင်ပါတယ်။ အဲဒါကတော့ အန္တရာယ် အကြီးဆုံး အပြစ်ဖြစ်ပါတယ်။ တနိုင်ငံလုံးအနှံ့မှာ စည်းရုံးလှုပ်ရှားနေတဲ့ ဒီမိုကရေစီ ပါတီတွေလည်းမရှိ၊ ပြည်လုံးကျွတ် ဒီမိုကရေစီ ရွေးကောက်ပွဲတွေကိုလည်း မကျင်းပသေးခင်မှာ ဒီမိုကရေစီ အတွေ့အကြုံမရှိသေးတဲ့ ဖက်ဒရယ် ပြည်နယ်တွေအတွင်း ရွေးကောက်ပွဲတွေကို ကျင်းပပေးလိုက်ရင် အန္တရာယ်တွေက ထူးထူးခြားခြား ပိုပြီး ကြီးသွားပါတယ်။
ဥရောပတိုက် နိုင်ငံပေါင်း ၉ ခုမှာ ကွန်မြူနစ်ဝါဒ ကြီးစိုးခဲ့ပါတယ်။ ၆ ခုကတော့ တပြည်ထောင် (Unitary) စနစ်တွေ ဖြစ်ကြပြီး ၃ ခုကတော့ ဖက်ဒရယ်ပြည်ထောင်စုတွေ ဖြစ်ကြပါတယ်။ အရှေ့ဂျာမနီက ဂျာမနီပြည်ထောင်စု (အနောက်ဂျာမနီ) နဲ့ ပြန်ပေါင်းစည်းသွားတာကြောင့် Unitary စနစ် ၆ ခုက အခုဆိုရင် ၅ ခုပဲ ရှိပါတော့တယ်။ ဖက်ဒရယ်ကို ကျင့်သုံးတဲ့ နိုင်ငံ ၃ ခု (ယူဂိုဆလားဗီးယား၊ ဆိုဗီယက်ပြည်ထောင်စုနဲ့ ချက်ကိုစလိုဗက်ကီးယား) ကတော့ အခုဆိုရင် သီးခြားလွတ်လပ်တဲ့ နိုင်ငံပေါင်း ၂၂ ခုအထိ ကွဲထွက်သွားပါပြီ။ ကွန်မြူနစ်ခေတ်လွန် ဥရောပ နိုင်ငံတွေမှာ ဖြစ်ပွားခဲ့တဲ့ လူမျိုးအချင်းချင်း သွေးချောင်းစီး ပဋိပက္ခတွေနဲ့ လူမျိုးတမျိုးတည်းက အသာစီးယူ အစိုးရဖွဲ့ထားတဲ့ ဖြစ်ရပ်တွေက အဆိုပါ ဖက်ဒရယ်နိုင်ငံဟောင်းတွေမှာ ဖြစ်ပွားခဲ့တာကို တွေ့ရပါတယ်။
အဲဒီလို ပြဿနာတွေ ပေါ်လာနိုင်ပေမယ့် တိုင်းရင်းသား လူမျိုးပေါင်းစုံ ဒီမိုကရေစီ နိုင်ငံတွေက Unitary နိုင်ငံတွေထက်စာရင် ဖက်ဒရယ်နိုင်ငံတွေ ပိုဖြစ်တယ်ဆိုတာ တွေ့ရပါတယ်။ ဖက်ဒရယ်နိုင်ငံတွေဆိုတာ လူဦးရေ များပြားပါတယ်။ နယ်မြေတွေ ကျယ်ပြန့်ပါတယ်။ နေထိုင်ရာဒေသကို အခြေခံပြီး ပြောဆိုတဲ့ ဘာသာစကားတွေ ကွဲပြားသွားတဲ့ ဒီမိုကရေစီ အစုအဝေးတွေ ဖြစ်ပါတယ်။ နယ်မြေဒေသကို အခြေခံထားပြီး ရေရှည်တည်တံ့ခိုင်မြဲနေတဲ့ ဘာသာစကားစုံ၊ တိုင်းရင်းသား လူမျိုးစုံ ဒီမိုကရေစီနိုင်ငံတိုင်းကလည်း ဖက်ဒရယ်နိုင်ငံတွေလို့ပဲ ပြောရမှာပါ။ တိုင်းရင်းသား လူမျိုးပေါင်းစုံနေထိုင်တဲ့ နိုင်ငံတွေ ကမ္ဘာပေါ်မှာ အများကြီးရှိပေမယ့် သူတို့ထဲက နည်းနည်းလောက်ပဲ ဒီမိုကရေစီနိုင်ငံ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီတိုင်းရင်းသားလူမျိုးစုံ ဒီမိုကရေစီနိုင်ငံ အားလုံး (ဆွစ်ဇာလန်၊ စပိန်၊ ဘယ်လ်ဂျမ်၊ အိန္ဒိယ၊ ကနေဒါ) ကတော့ ဖက်ဒရယ်ကို အားလုံးကျင့်သုံးကြပါတယ်။ ဆွစ်ဇာလန်နိုင်ငံ (ကက်သလစ် ဘာသာကိုးကွယ်တဲ့ ပြည်နယ်တွေက ၁၈၄၈ ခုနှစ်မှာ ခွဲထွက်ကုန်လို့ ဆွစ်ဇာလန်မှာလည်း ဆွန်ဒါဘွန် စစ်ပွဲ ဖြစ်ခဲ့ပါသေးတယ်) ကလွဲပြီး ကျန်တဲ့နိုင်ငံတွေအားလုံးက သူတို့အသီးသီးစီရဲ့ တိုင်းရင်းသားလူမျိုးစုံ နိုင်ငံရေး အနေအထားကို ကိုင်တွယ်ဖြေရှင်းရာမှာ အခက်အခဲတွေ တွေ့ထားပါတယ်။ အဲဒီလိုအခက်အခဲတွေ ရှိထားပေမယ့် သူတို့အားလုံးက အတော်ကလေး တည်ငြိမ်နေဆဲ ဖြစ်တယ်လို့ ပြောရမှာပါ။
သီရိလင်္ကာနိုင်ငံကတော့ နယ်မြေဒေသကို အခြေခံပြီး ဘာသာစကားနဲ့ တိုင်းရင်းသားလူမျိုးစုံ ကွဲပြားနေတဲ့ Unitary နိုင်ငံဖြစ်ပါတယ်။ ဖက်ဒရယ် ကုန်းဆင်းအတိုင်း လိမ့်ကျသွားလေမလား ဆိုပြီးတော့လည်း စိုးရိမ်ကြောက်လန့်နေပါတယ်။ တိုင်းရင်းသား လူမျိုးအချင်းချင်း စိတ်ဝမ်းကွဲပြားမှုကို ကိုင်တွယ် မဖြေရှင်းနိုင်လို့ သွေးထွက်သံယိုများပြားတဲ့ ပြည်တွင်းစစ်ထဲကို ကျရောက်ခဲ့ပါတယ်။
တိုင်းရင်းသားလူမျိုးစုံ ဒီမိုကရေစီနိုင်ငံတွေနဲ့ ဖက်ဒရယ်စနစ်ကြားမှာ ခိုင်ခိုင်မာမာ ဆက်နွှယ်နေပါတယ်။ ဒါ့အပြင် ဘာသာစကားနဲ့ တိုင်းရင်းသားလူမျိုး ပဒေသာစုံလင်မှုတွေ ဘယ်လောက်များပြား ပြည့်စုံတယ် ဆိုတာကို အမှတ်ပေး အကဲဖြတ်လိုက်တဲ့အခါ အမှတ်အများဆုံးရထားတဲ့ သမဏိကြာရှည် ဒီမိုကရေစီ ၆ နိုင်ငံစလုံး (အိန္ဒိယ၊ ကနေဒါ၊ ဘယ်လ်ဂျမ်၊ ဆွစ်ဇာလန်၊ စပိန်နဲ့ အမေရိကန်ပြည်ထောင်စု) က ဖက်ဒရယ်စနစ် ကျင့်သုံးတာကိုတွေ့ရပါတယ်။ အဲဒီ ၆ နိုင်ငံအနေနဲ့ ဖက်ဒရယ်စနစ်ကို ရွေးချယ်ကျင့်သုံးတာကိုကြည့်ပြီး ဘာကိုမှ အခိုင်အမာ သက်သေထူ မပြောနိုင်ပါ။ ဒါပေမယ့် ဘာသာစကားနဲ့ တိုင်းရင်းသားလူမျိုးပဒေသာ စုံလင်မှုတွေကြောင့် ပေါ်ပေါက်လာတဲ့ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းရာမှာတော့ ဖက်ဒရယ်စနစ်က အထောက်အကူ ပေးကောင်းပေးနိုင်တယ် ဆိုတာကိုတော့ သွယ်ဝိုက် ပြောနေပါတယ်။ အင်ဒိုနီးရှား၊ ရုရှား၊ တရုတ်၊ နိုင်ဂျီးရီးယား၊ မြန်မာတို့အနေနဲ့ တည်ငြိမ်တဲ့ ဒီမိုကရေစီနိုင်ငံတွေ ဖြစ်လာစေဖို့ဆိုရင် လက်တွေ့အလုပ်ဖြစ်တဲ့ ဖက်ဒရယ်စနစ်တွေကို ကြိုးစားတည်ဆောက်ရမယ်လို့တော့ သုံးသပ်မိပါတယ်။ အဲဒီဖက်ဒရယ်စနစ်က ယဉ်ကျေးမှု ပဒေသာစုံလင်မှုကို ခွင့်ပြုပါလိမ့်မယ်။ လူမှုစီးပွား ဖွ့ြံဖိုးတိုးတက်မှုအတွက် ပြည့်စုံကုံလုံတဲ့ အရင်းအနှီး စိုက်ထုတ်ပေးပါလိမ့်မယ်။ နိုင်ငံသားတွေကြား တန်းတူညီမျှမှုကို ယေဘုယျကျကျ စံသတ်မှတ် ပေးနိုင်ပါလိမ့်မယ်။
အင်ဒိုနီးရှား နိုင်ငံအကြောင်းကို စဉ်းစားကြည့်ရအောင်ပါ။ ဖက်ဒရယ်နိုင်ငံတခု ဖြစ်လာဖို့ လိုအပ်ချက်တွေအားလုံး ပြည့်စုံနေသလို ရှိပါတယ်။ လူဦးရေ သန်း ၂၀၀ ကျော်ရှိပါတယ်။ လူနေထိုင်တဲ့ ကျွန်းပေါင်း ၂၀၀၀ ကျော်ပါဝင်ပြီး နယ်မြေကျယ်ပြန့်ပါတယ်။ ဘာသာစကားပေါင်း မြောက်များစွာကို ပြောဆိုသုံးစွဲကြပါတယ်။ တိုင်းရင်းသားလူမျိုးတွေနဲ့ ကိုးကွယ်တဲ့ဘာသာတွေလည်း ပဒေသာစုံလင်လှပါတယ်။ ဒါကြောင့်မို့ ဖက်ဒရယ်စနစ်မှာ အတူတွဲလျက်ပါရှိတဲ့ အခြေအနေတွေ အားလုံးနီးပါးကို ထည့်သွင်းစဉ်းစားလိုက်ရင် အင်ဒိုနီးရှားက ထိပ်ဆုံးနားမှာ တည်ရှိနေပါတယ်။ အင်ဒိုနီးရှားအနေနဲ့ ဒီမိုကရေစီနိုင်ငံ ဖြစ်လာဖို့ဆိုရင် ဖက်ဒရယ်စနစ်ကို ကျင့်သုံးမလား၊ အာဏာခွဲဝေစနစ် (decentralization) ကို ကျင့်သုံးမလား ဆိုတဲ့မေးခွန်းကိုလည်း ဖြေဖို့လိုလာပါလိမ့်မယ်။
ဆူဟာတို ပြုတ်ကျပြီးနောက်ပိုင်းမှာ၊ အင်ဒိုနီးရှား စစ်ဖက်ခေါင်းဆောင်တွေ၊ နိုင်ငံရေးခေါင်းဆာင်တွေ၊ တတ်သိ ပညာရှင်တွေနဲ့ ဘာသာရေး ခေါင်းဆောင်တွေ ပါဝင်တဲ့ အစည်းအဝေးကို ကျနော်လည်း တက်ရောက်ခဲ့ပါတယ်။ အဲဒီမှာ တက်ရောက်လာသူတွေအများစု (အထူးအဖြင့်တော့ စစ်ဖက်ပုဂ္ဂိုလ်တွေ) က ဖက်ဒရယ်စနစ်ကို ချက်ချင်းပဲ ပယ်ချခဲ့ပါတယ်။ အကြောင်းကတော့ (အင်ဒိုနီးရှားကို အုပ်စိုးခဲ့တဲ့) ဒတ်ချ်ကိုလိုနီခေတ် ကုန်ဆုံးခါနီးမှာ ဖြစ်ပွားခဲ့တဲ့ ခွဲထွက်ရေး ပဋိပက္ခတွေကြောင့်ပါပဲ။ ဒါပေမယ့် နယ်မြေအားလုံးမှာ ဖက်ဒရယ်စနစ်ကို မကျင့်သုံးရင်တောင်မှပဲ အာချေးနဲ့ အီရီရန်ဂျာရားလို အထူးဒေသတွေကို စီမံအုပ်ချုပ်ဖို့ဆိုရင်တော့ (ကျနော်နာမည်ပေးထားတဲ့) ဖက်ဒရေစီ (federacy) ကို ကျင့်သုံးဖို့ စဉ်းစားသင့်တယ်လို့တော့ သဘောရမိပါတယ်။ Unitary (တပြည်ထောင်) စနစ်ကိုလည်း မကြိုက်၊ ဖက်ဒရယ် စနစ်ကိုလည်း မကြိုက်ရင် သူတို့ ၂ ခုနဲ့ကြားမှာ ရွေးချယ်စရာဆိုလို့ ဖက်ဒရေစီ တခုပဲရှိပါတယ်။ တကယ်တာ့လည်း ဖက်ဒရေစီဆိုတာ Unitary နိုင်ငံရေးစနစ် တမျိုးပါပဲ။ အဲဒီမှာ ဗဟိုအစိုးရက နယ်မြေအပိုင်းအခြားအရ၊ တိုင်းရင်းသားလူမျိုး အနေအထားအရ၊ ဒါမှမဟုတ် ယဉ်ကျေးမှုအရ ထူးခြားထင်ရှားနေတဲ့ နယ်မြေတခုကို ဖက်ဒရယ်ဆက်ဆံရေး ထားရှိအုပ်ချုပ်ပါတယ်။ ကျန်တဲ့တိုင်းပြည် အစိတ်အပိုင်းတွေ အားလုံးကိုတော့ Unitary ပုံစံနဲ့ အုပ်ချုပ်ပါတယ်။ ဒိန်းမတ်နိုင်ငံက ဂရင်းလန်းဒေသကို အုပ်ချုပ်သလိုမျိုး၊ ဖင်လန်နိုင်ငံက အားလန်းကျွန်းစုဒေသကို အုပ်ချုပ်သလိုမျိုးပါ။
ဖက်ဒရယ်စနစ်ကို နားလည်မှု လွဲမှားခြင်း
တချို့နိုင်ငံတွေကတော့ ဖက်ဒရယ်ကို လက်ခံကျင့်သုံးဖို့ နောက်တွန့်နေတာကိုလည်း တွေ့ရပါတယ်။ ဘာကြောင့် နောက်တွန့်နေတာလဲ ဆိုတာကို နားလည်ဖို့ဆိုရင် ဖက်ဒရယ်စနစ်နဲ့ ပတ်သက်ပြီး နိုင်ငံရေးသိပ္ပံပညာက ဘာပြောထားလဲ ဆိုတာကို စစ်ဆေးကြည့်ရင် ကောင်းပါလိမ့်မယ်။ ဒါပေမယ့် နိုင်ငံရေးသိပ္ပံနယ်ပယ်မှာ သြဇာလွှမ်းမိုးမှုအရှိဆုံး လေ့လာမှု တချို့ကတောင် ဖက်ဒရယ်စနစ်နဲ့ ပတ်သက်လာရင် ပြည့်စုံတဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်ကို မပေးနိုင်တာ ဒါမှမဟုတ် ဝိုးတဝါးနိုင်ပြီး ကျယ်ပြန့်တဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေကိုပဲ ပေးနေတာကတော့ စိတ်မကောင်းစရာပါပဲ။ ဒီမိုကရေစီကို အသစ်တည်ထောင်စ နိုင်ငံတွေအတွက် ရွေးချယ်စရာတွေက တကယ် ရှိနေတာထက် နည်းပါးတယ်လို့ ပြောသလိုမျိုး ဖြစ်နေပါတယ်။ အဲဒီလိုဖြစ်ရတဲ့ အကြောင်းရင်းတွေထဲမှာ တခုကတော့ ပညာရှင်တွေ လေ့လာမှုက အမေရိကန် ပြည်ထောင်စု ပုံစံကို နမူနာထားပြီး အာရုံစိုက် လေ့လာလွန်းတာ အဓိက ဖြစ်နေပါတယ်။ တကယ်တော့လည်း အမေရိကန် ပြည်ထောင်စုဆိုတာ ကမ္ဘာပေါ်မှာ သက်တမ်းအကြာရှည်ဆုံးနဲ့ အအောင်မြင်ဆုံး ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတွေထဲက တခုဖြစ်တာတော့ သေချာပါတယ်။
လွန်ခဲ့တဲ့ ရာစုဝက်အတွင်း ဖက်ဒရယ်စနစ်နဲ့ ပတ်သက်ပြီး ရေးသားကြတဲ့ သြဇာတိက္ကမအကြီးဆုံး နိုင်ငံရေးသိပ္ပံ ပညာရှင်တွေထဲမှာ ကွယ်လွန်သွားသူ ဝီလျံ အိတ်ချ်ရစ်ကာ (William H. Riker) လည်း တယောက် အပါအဝင်ပါ။ အမေရိကန် ဖက်ဒရယ် ပုံစံထဲမှာ အချက်အလက် ၃ ခု ပါဝင်တယ်လို့ သူက အလေးပေး ပြောကြားပါတယ်။ အဲဒီအချက်အလက် ၃ ခုက ကျန်တဲ့ဖက်ဒရယ် အားလုံးအတွက်လည်း ယေဘုယျမှန်ကန်တယ်လို့ ပြောပါတယ်။
ပထမ။ ဒီမိုကရေစီကို ကျင့်သုံးသည် ဖြစ်စေ မကျင့်သုံးသည်ဖြစ်စေ သက်တမ်းကြာရှည်တဲ့ ဖက်ဒရယ်နိုင်ငံတွေ အားလုံးက နိုင်ငံရေးအရ အပေးအယူလုပ်မှု တခုကြောင့် ပေါ်ပေါက်လာတယ်လို့ ရစ်ကာက ယူဆပါတယ်။ ဆိုလိုတာကတော့ အရင်တုန်းက အချုပ်အခြာ အာဏာပိုင် ဖြစ်ထားဖူးတဲ့ နိုင်ငံတွေအားလုံးက သူတို့တွေအားလုံးရဲ့ လုံခြုံရေးကိစ္စတွေကို အကောင်းဆုံး ပူးပေါင်းဆောင်ရွက်နိုင်ဖို့၊ စီးပွားရေးအပါအဝင် တခြားရည်မှန်းချက်တွေ အားလုံးကိုလည်း အကောင်းဆုံး ပူးပေါင်းဆောင်ရွက်နိုင်ဖို့ အရင်းအမြစ်တွေအားလုံးကို ဘုံစုဝေးသုံးစွဲရင်း သူတို့ရဲ့ အချုပ်အခြာအာဏာ တစိတ်တပိုင်းကို စွန့်လွှတ်ပြီး နိုင်ငံတခု ထူထောင်ဖို့ အပေးအယူလုပ်လိုက်တယ် ဆိုတဲ့သဘောပါ။ အဲဒီလို ဖက်ဒရယ်စနစ် မျိုးကိုတော့ ကျနော်က အတူယှဉ်တွဲ ဖက်ဒရယ် (coming-together federalism) လို့ ခေါ်ဝေါ်ပါတယ်။ အဲဒီလို အတူယှဉ်တွဲ ဖက်ဒရယ်စနစ်တစ်ခုတည်းကိုသာ ကမ္ဘာပေါ်မှာတွေ့နိုင်တယ်လို့ ရစ်ကာက မှတ်ယူထားပါတယ်။
ဒုတိယ။ ဖက်ဒရယ်စနစ်ကို တည်ထောင်ရတဲ့ ရည်ရွယ်ချက်တွေ အများကြီးရှိတဲ့အနက် တခုကတော့ တစ်သီးပုဂ္ဂလ ရပိုင်ခွင့်တွေကို ဗဟိုအစိုးရက (ဒါမှမဟုတ် လူများစုရဲ့ အနိုင်ကျင့် ဗိုလ်ကျစိုးမိုးမှုက) မချိုးဖောက်နိုင်အောင် အကာအကွယ်ပေးဖို့ ဖြစ်တယ်လို့ ရစ်ကာနဲ့ တခြားအမေရိကန် ပညာရှင်တွေက ယူဆထားပါတယ်။ လူဦးရေအပေါ်ကို အခြေခံပြီး ရွေးကောက်တင်မြှောက်ထားတဲ့ လွှတ်တော်တရပ်နဲ့ ပြည်နယ်ဒေသအလိုက် အရေအတွက် ညီတူမျှတူ ရွေးကောက်ထားတဲ့ လွှတ်တော်တွေပါဝင်တဲ့ ၂ ရပ်ပေါင်း ဥပဒေပြုလွှတ်တော်တွေ အပါအဝင် အင်စတီကျူးရှင်း လက်နက်ကိရိယာတွေ အသုံးပြုပြီး အကွယ်ပေးရမယ်လို့ ယူဆထားပါတယ်။ ဒါ့အပြင် လုပ်ပိုင်ခွင့်အာဏာတွေ အများကြီးကို ဗဟိုကို ပေးထားတာ မဟုတ်ဘဲ ပြည်နယ်တွေကို အမြဲတမ်းထာဝရ ပေးထားတာလည်း ပါဝင်ပါတယ်။ နိုင်ငံ (polity) တခု အတွင်းမှာ ပါဝင်တဲ့နိုင်ငံသားတွေ အားလုံးကို သိမ်းကြုံးပြီး ပြည်သူ (demos) လို့ ခေါ်ဝေါ် သုံးစွဲနိုင်တယ်ဆိုရင် အဲဒီလို အကာအကွယ်ပေးတဲ့ လက်နက်ကိရိယာတွေ (ဒီမိုကရေစီနဲ့ ကိုက်ညီပင်ကိုက်ညီသော် ငြားလည်း) ကို ပြည်သူဆန္ဒအရှိန်သတ်မှု (demos constraining) လို့ ဆိုနိုင်ပါလိမ့်မယ်။
တတိယ။ အမေရိကန် ပြည်ထောင်စုကို ဖွဲ့စည်းတည်ထောင်ခဲ့တာ ဖက်ဒရယ်နည်းကျကျ အပေးအယူ ညှိနှိုင်းမှုတွေကြောင့်ပါ။ အဲဒီလို ညှိနှိုင်းမှုတွေကြောင့် ပြည်နယ်တခုချင်းစီက အခြေခံဥပဒေလာ လုပ်ပိုင်ခွင့်အာဏာတွေကို ညီတူမျှတူ ရရှိသွားပါတယ်။ ဒါကြောင့်မို့ အမေရိကန်ပြည်ထောင်စု ဖက်ဒရယ်စနစ်က အခြေခံဥပဒေအရ အချိုးညီ (symmetrical) တယ်လို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် မတူညီတဲ့ လုပ်ပိုင်ခွင့်အာဏာတွေကို ပြည်နယ်တချို့ကိုပေး၊ အုပ်စုအလိုက် မတူညီတဲ့ ရပိုင်ခွင့်တွေကိုပေးတဲ့ အစီအမံမျိုးကိုတော့ အချိုးမညီ (asymmetrical) ဖက်ဒရယ်စနစ်လို့ ခေါ်ပါတယ်။ အချိုးမညီ ဖက်ဒရယ်စနစ်က ပြည်နယ်တွေတခုနဲ့တခု အခွင့်အရေးရတာချင်း တူရမယ်ဆိုတဲ့ အခြေခံမူနဲ့ မကိုက်ညီသလို နိုင်ငံသားတွေလည်း အခွင့်အရေးရတာချင်း တူညီရမယ်ဆိုတဲ့ အယူအဆတွေနဲ့ (ခွဲခြားမှုဆိုရင် ဘယ်လိုပုံစံမျိုးကိုမှ လက်မခံတော့တဲ့ မျက်မှောက်ခေတ်မှာ) မကိုက်ညီပါ။ ဒါ့အပြင် ၎င်းက အမေရိကန် ဖက်ဒရယ်ပုံစံရဲ့ အစိတ်အပိုင်းတွေန့လည်း မတူညီတော့ပါ။
အခုပြောခဲ့တဲ့ အချက် ၃ ချက်က အမေရိကန် ဖက်ဒရယ်စနစ်ရဲ့ နိုင်ငံရေးတည်ဆောက်ပုံတွေကို တော်တော်လေး တိတိကျကျ ဖော်ပြနိုင်ပါတယ်။ စံတန်ဖိုးတွေကိုလည်း ဖော်ပြနိုင်ပါတယ်။ ဒါပေမယ့် ဖက်ဒရယ်စနစ်ကို ခံယူကျင့်သုံးထားတဲ့ ဒီမိုကရေစီနိုင်ငံတွေ အများစုက အမေရိကန်ပုံစံကို လိုက်နာကျင့်သုံးထားတာ မဟုတ်ပါ။ တကယ်တော့လည်း အမေရိကန် ဖက်ဒရယ်စနစ်မှာ ပါဝင်တဲ့ တချို့တန်ဖိုးတွေက ဒီမိုကရေစီကို ဖော်ဆောင်နေဆဲ နိုင်ငံတွေနဲ့ တော်တော် မကိုက်ညီကို တွေ့ရပါတယ်။ အထူးသဖြင့်တော့ တိုင်းရင်းသားလူမျိုးတွေ များပြားစုံလင်တဲ့ နိုင်ငံတွေနဲ့ မကိုက်ညီတာပါ။ အဲဒါကို အကျယ်တဝင့် ရှင်းပြဖို့အတွက် အပေါ်မှာ ပြောခဲတဲ့ အချက် ၃ ခုကို တခုချင်းစီ ထပ်ပြီးရှင်းပြပါမယ်။
အတူယှဉ်တွဲရေးနဲ့ အတူပေါင်းစည်းရေး
ပထမဦးဆုံးအနေနဲ့ ဒီမေးခွန်းကို မေးကြပါစို့။ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုတွေကို ဘယ်လိုများ ဖွ့ဲစည်းကြပါသလဲ။ ကမ္ဘာပေါ်မှာရှိတဲ့ ဖက်ဒရယ်နိုင်ငံတွေကို ပုံစံတခုထဲမှာ အကျုံးဝင်သွားအောင်ဆိုပြီး ရစ်ကာက တနည်းတဖုံနဲ့ ချဲ့ထွင်စဉ်းစား (concept-stretching) လုပ်လာရပါတော့တယ်။ ဥပမာ၊ ဖက်ဒရယ်နည်းကျ ပေးယူညှိနှိုင်းမှု (federal-bargain) တွေနဲ့ ပေါ်ပေါက်လာတာကြောင့် ဆိုဗီယက်ပြည်ထောင်စုက သူရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်အတိုင်း ဖက်ဒရယ် ဖြစ်တယ်လို့ အခိုင်အမာဆိုပါတယ်။ ဒါပေမဲ့ ဂျော်ဂျီယာ၊ အဇာဘိုင်ဂျန်နဲ့ အာမေးနီးယား နိုင်ငံတွေမှာ ဖြစ်ပျက်ခဲ့တာတွေကို ဖက်ဒရယ်နည်းကျ ပေးယူညှိနှိုင်းမှုလို့ ခေါ်တွင်တာက သမိုင်း၊ ဘာသာစကားနဲ့ သီအိုရီကို လိုရာဆွြဲပီး မမှန်မကန် ပြောဆိုတာ ဖြစ်ပါတယ်။ ဆိုဗီယက်ပြည်ထောင်စု မတိုင်ခင်မှာ သူတို့ ၃ ခုက လွတ်လပ်တဲ့ သီးခြားနိုင်ငံတွေပါ။ နောက်ပိုင်းကျမှသာ အမှတ် ၁၁ တပ်နီတော်ရဲ့ သိမ်းပိုက်တာကို ခံလိုက်ရတာ ဖြစ်ပါတယ်။ အဇာဘိုင်ဂျန်မှာဆိုရင် ပေးယူညှိနှိုင်းမှုတွေကို လက်ခံပြီး နောက်တပတ်အကြာမှာ အမျိုးသားရေးဝါဒီ ဝန်ကြီးချုပ်နဲ့ တပ်မတော်အကြီးအကဲ နှစ်ယောက်လုံးက ကွပ်မျက်ခံလိုက်ရပါတယ်။
တကျောင်းတဂါထာ ကွဲပြားတဲ့ သမိုင်းနဲ့ နိုင်ငံရေး ကြောင်းကျိုးဆင်ခြင်မှု ယုတ္တိဗေဒကနေ ပေါက်ဖွားလာတဲ့ ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတွေလည်း ရှိကြပါတယ်။ သူတို့ကိုတော့ ကျနော်က အတူပေါင်းစည်း ဖက်ဒရယ် holding together တွေလို့ ခေါ်ပါမယ်။ ၁၉၄၈ ခုနှစ်တုန်းက အိန္ဒိယနိုင်ငံ၊ ၁၉၆၉ ခုနှစ်တုန်းက ဘယ်လ်ဂျီယမ်နဲ့ ၁၉၇၅ ခုနှစ်တုန်းက စပိန်နိုင်ငံတွေမှာ Unitary စရိုက်လက္ခဏာတွေ အထင်အရှားရှိခဲ့ပါတယ်။ ဒါပေမယ့် ဘယ်လိုပဲဖြစ်နေပါစေ အဲဒီနိုင်ငံတွေ (ယဉ်ကျေးမှုတွေလည်း အစုံအလင်ရှိပါတယ်) မှာရှိတဲ့ နိုင်ငံရေးခေါင်းဆောင်တွေက သူတို့တိုင်းပြည်ကို ဒီမိုကရေစီ နိုင်ငံအဖြစ် တစုတစည်းတည်း ရှိနေအောင် ထိန်းထားဖို့ဆိုရင် ဗဟိုမှာ ရှိနေတဲ့အာဏာတွေကို အောက်ခြေကို အခြေခံ နည်းကျကျ ခွဲဝေပေးထားဖို့ လိုအပ်ပြီး ပြိုကွဲမှာ စိုးရိမ်နေရတဲ့ ပြည်နယ်တွေကို ဖက်ဒရေးရှင်းတွေအဖြစ် စုဖွဲ့လိုက်တာက တခုတည်းသော အကောင်းဆုံး နည်းလမ်းဖြစ်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ၁၉၅၀ ပြည့်နှစ် အိန္ဒိယ အခြေခံဥပဒေ၊ ၁၉၇၈ စပိန် အခြေခံဥပဒေနဲ့ ၁၉၉၃ ဘယ်လ်ဂျမ် အခြေခံဥပဒေတွေအားလုံးကဖက်ဒရယ် စနစ်အတွက် ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။
အမေရိကန်ဖက်ဒရယ် စနစ်ကို ဖြစ်တည်စေခဲ့တဲ့ အတူယှဉ်တွဲ စရိုက်လက္ခဏာတွေက အိန္ဒိယ ဖက်ဒရယ်လစ်ဇင်ကို ဖြစ်တည်စေခဲ့တဲ့ အတူပေါင်းစည်း စရိုက်လက္ခဏာတွေနဲ့ မတူပါ။ သူတို့ ၂ ခု ဘယ်လိုကွာခြားတယ် ဆိုတာကို သိစေနိုင်ဖို့ အတူပေါင်းစည်း စရိုက်လက္ခဏာတွေကို အကျဉ်းချုပ် စစ်ဆေးကြည့်ရအောင်ပါ။ နိုင်ငံကို တစည်းတလုံးတည်း ဖြစ်အောင် အခြေခံဥပဒေကို ရည်ရွယ်ရေးဆွဲထားတယ်လို့ မူကြမ်းရေးဆွဲရေး ကော်မတီဥက္ကဌ ဘီ၊ အာ၊ အမ်ဘ်ဒက်ကာ (B. R. Ambedkar) က အိန္ဒိယရဲ့ အခြေခံဥပဒေမူကြမ်းကို ဥပဒေပြုလွှတ်တော်အမတ်တွေ ဝေဖန်စဉ်းစားနိုင်အောင် တင်သွင်းတော့ ပွင့်ပွင့်လင်းလင်းပဲ ပြောခဲ့ပါတယ်။ တိုင်းပြည်မပြိုကွဲအောင် ဆိုတဲ့သဘောပါပဲ။ အိန္ဒိယ ခြေခံဥပဒေကို ရေးဆွဲရာမှာ ထားတဲ့အခြေခံမူတွေနဲ့ နည်းစနစ်တွေက အမေရိကန်ဖက်ဒရယ်ကို ရေးဆွဲတုန်းက ရှိခဲ့တာတွေနဲ့ အခြေခံ ကျကျကိုပဲ ကွာခြားတယ်လို့ သူကပြောခဲ့ပါတယ်။ အကြောင်းကတော့ ဖက်ဒရယ်ကို မတည်ထောင်ခင် အိန္ဒိယ ပြည်နယ်တွေ ရခဲ့တဲ့ အချုပ်အခြာအာဏာ လွတ်လပ်ခွင့်က ဖက်ဒရယ်မတိုင်ခင် အမေရိကန်ပြည်နယ်တွေ ရခဲ့တာထက် နည်းနေတာကြောင့်ပါ။
အိန္ဒိယပြည်နယ်တွေ ရထားခဲ့တဲ့ အချုပ်အခြာအာဏာ လွတ်လပ်ခွင့်က နည်းနေတာကြောင့် စေ့စပ်ညှိနှိုင်းရာမှာလည်း အားပျော့သွားပါတယ်။ အိန္ဒိယကို ဖက်ဒရယ်စနစ်နဲ့ တည်ထောင်ခဲ့ပေမဲ့ ပေါ်ထွက်လာတဲ့ ဖက်ဒရယ်စနစ်က ပြည်နယ်တွေ အချင်းချင်းကြား သဘောတူညီချက်ကြောင့် ဖြစ်ပေါ်လာတာ မဟုတ်ဘဲ ဥပဒေပြုလွှတ်တော်မှာ အတည်ပြုလိုက်တဲ့ ဥပဒေကြောင့် ပေါ်ထွက်လာတာပါလို့ လွှတ်တော်ကို အမ်ဘ်ဒက်ကာ ပြောခဲ့ပါတယ်။ အဲဒီအချိန်က အိန္ဒိယ အခြေခံဥပဒေ လွှတ်တော်ကော်မတီကို ပညာရှင် မိုဟစ်တ်ဘတ်ချာယာ သေချာလေ့လာ သုံးသပ်ထားတာရှိပါတယ်။
အဲဒီသုံးသပ်ချက်အရ အခြေခံဥပဒေ မူကြမ်းကို တင်သွင်းတဲ့အချိန် ၁၉၄၈ ခုနှစ် နိုဝင်ဘာလမှာ အိန္ဒိယနဲ့ ပါကစ္စတန်တို့က ၂ ခြမ်းကွဲပြီးနေပါပြီ။ ပဒေသရာဇ် မင်းသားတွေ အုပ်ချုပ်တဲ့ ပြည်နယ် ၅၆၈ ခုလောက်ကိုလည်း (ပေါင်းစည်းရမှာ နောက်တွန့်နေလို့ တခါတလေမှာ အတင်းအကျပ် လုပ်ဆောင်ရတာတောင် ရှိခဲ့ပါတယ်။) ပေါင်းစည်းပြီးသွားပါပြီလို့ လေ့လာမှုထဲမှာ တင်ပြထားပါတယ်။ ကိုယ်ပိုင်အချုပ်အခြာအာဏာ အတော်အသင့်ရှိခဲ့တဲ့ ပြည်နယ်တွေကြားမှာ ပေးယူညှိနိုှုင်းမှုတွေကို ဘာကြောင့် ဘယ်လိုလုပ်ဆောင်ရသလဲ ဆိုတာအပေါ် မူတည်ပြီး ဖက်ဒရယ်တွေ တည်တံ့ခိုင်မြဲတယ်၊ မခိုင်မြဲဘူးဆိုတာ ကွာခြားသွားတာကြောင့် အပေးအယူလုပ်ကြတဲ့ အခြေအနေတွေက အရေးကြီးတယ်လို့ ရစ်ကာ ယူဆပါတယ်။ ဒါပေမယ့် အိန္ဒိယဖက်ဒရယ်ကို တည်ထောင်ချိန်မှာ အဲဒီအရေးကြီးတဲ့ အခြေအနေတွေ မရှိတော့ပါ။
ဒါကြောင့်မို့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတွေ ဖြစ်တည်လာပုံက ဆင့်ကဲပြောင်းလဲသွားတဲ့ဖြစ်စဉ် (continuum) မျိုးလို့ ယူဆလာနိုင်ပါတယ်။ ပြောင်းလဲမှုရဲ့ တဖက်အစွန်းမှာတော့ ပေးယူညှိနှိုင်းမှုတွေကို ကိုယ်ပိုင်ဆန္ဒသက်သက်နဲ့ လုပ်ကြတဲ့ နိုင်ငံတွေရှိပါတယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အတော်အသင့်ရထားတဲ့ ပြည်နယ်တွေတခုချင်းစီက ကိုယ်ပိုင် စရိုက်လက္ခဏာတွေကို တဖက်မှာ ထိန်းသိမ်းထားရင်း တခြားတဖက်မှာတော့ သူတို့အသီးသီးစီရဲ့ အချုပ်အခြာ အာဏာတွေကို “အလယ်ပုံထား” သုံးစွဲဖို့ အတူတကွ စုဝေးခဲ့ကြပါတယ်။ အဲဒီအတွက် ဥပမာနိုင်ငံတွေကတော့ ဆွစ်ဇာလန်၊ အမေရိကန်ပြည်ထောင်စုနဲ့ သြစတေးလျနိုင်ငံတွေဖြစ်ပါတယ်။ ပြောင်းလဲမှုရဲ့ တခြားဖက်အစွန်းမှာ ဥပမာအဖြစ် ပြစရာတွေကတော့ အိန္ဒိယ၊ စပိန်နဲ့ ဘယ်လ်ဂျမ်တို့ ဖြစ်ပါတယ်။ အားလုံး အတူစုစည်း ဖက်ဒရယ်နိုင်ငံတွေပါ။
အတူသွတ်သွင်း ဖက်ဒရယ်လို့ (putting together) ကျနော် နာမည်ပေးထားတဲ့ ဖက်ဒရယ် နောက်တမျိုးလည်း ရှိပါသေးတယ်။ ဒီမိုကရေစီ မကျင့်သုံးတဲ့ ဗဟိုချုပ်ကိုင် အာဏာတခုက လွတ်လပ်တဲ့နိုင်ငံတွေကို တိုင်းရင်းသားလူမျိုးစုံ ဖက်ဒရယ်နိုင်ငံအဖြစ် အတင်းအကျပ် သွတ်သွင်းပြီး ဖြစ်တည်လာတဲ့ နိုင်ငံမျိုးပါ။ အဲဒီအတွက် ဆိုဗီယက်ပြည်ထောင်စုကို ဥပမာပြလို့ရပါတယ်။ ဖက်ဒရယ်နိုင်ငံတွေကို အကြောင်းပြချက် အမျိုးမျိုး၊ ရည်မှန်းချက်အမျိုးမျိုးအတွက် တည်ထောင်ထားကြတာ ဖြစ်လို့ ဖွဲ့စည်း တည်ဆောက်ထားပုံတွေကလည်း အခြေခံကျကျကို ကွဲပြားနေကြတာ
အံ့သြစရာတော့ မဟုတ်ပါ။ ဒါကြောင့်မို့ နောက်တတဆင့်ကို ကူးပြောင်းလေ့လာကြရပါတယ်။
(ဆက်လက်ဖော်ပြပါမည်)
(အဲလ်ဖရက် စတီဖင် (Alfred Stepan) သည် အောက်စဖို့ဒ် တက္ကသိုလ်တွင် Gladstone Professor of Government အဖြစ် ၁၉၉၆ မှ ၁၉၉၉ ခုနှစ်အထိ တာဝန်ယူခဲ့သည်။ ယခုအခါ ကိုလံဘီယာ တက္ကသိုလ်တွင် Wallace Sayre Professor of Government အဖြစ် ဆောင်ရွက်နေသည်။ ဂျော့ဂျ်ဝါရှင်တန် တက္ကသိုလ်တွင် ၁၉၉၈ ခုနှစ် နိုဝင်ဘာလက ပို့ချခဲ့သော စီးရီးများကို အခြေခံပြီး ယခု အက်ဆေးကို ရေးသားခြင်း ဖြစ်သည်။ အခု အက်ဆေးကို Journal of Democracy နှင့် Johns Hopkins University Press တို့၏ ခွင့်ပြုချက်ကို ရယူပြီး Educational Initiatives က ဘာသာပြန်ဆိုသည်။ Educational Initiatives အဖွဲ့ (www.eduinitiatives.org) သည် ဒီမိုကရေစီနှင့် ပတ်သက်သော သင်တန်းများ၊ အရည်အသွေးမြှင့် သင်တန်းများကို ပို့ချပေးနေသော ရန်ကုန်အခြေစိုက် အဖွဲ့အစည်းဖြစ်သည်။)