ပြီးခဲ့တဲ့ တပတ်က ကျမတို့နိုင်ငံရဲ့ လွဲမှားတဲ့ ကျက်ဖြေ ပညာရေး စနစ် အောက်မှာ ကလေးတို့ရဲ့ ဦးနှောက်တွေကို ဘယ်လို ပျက်စီးစေနိုင်တယ် ဆိုတဲ့ အကြောင်းကို ရေးခဲ့ပါတယ်။ ဒီတပတ် မှာလည်း အဲဒီ့ ဆောင်းပါးရဲ့ နောက်ဆက်တွဲ ဖြစ်တဲ့ ပညာရေးစနစ်ဟာ လူ့ အဖွဲ့စည်းရဲ့ စိတ်ဓာတ်တွေကို ဘယ်လို ဖျက်ဆီးပစ်လိုက် နိင်တယ် ဆိုတဲ့ အကြောင်းကို တင်ပြဆွေးနွေး သွားပါ့မယ်။
တိုင်းပြည်တပြည် ဖွံ့ဖြိုးတိုးတက်လာဖို့ အတွက် အရေးအကြီးဆုံး အခြေခံ အုတ်မြစ်တွေထဲမှာ အခြေခံ ပညာရေး ဟာလည်း အဓိက အခန်းကဏ္ဍက ပါဝင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်ပြည့်မီတဲ့ လူ့ အဖွဲ့စည်း တရပ်ပေါ်ပေါက် လာဖို့ အတွက် နိုင်ငံရဲ့ အခြေခံပညာရေးက အဓိက ကျပါတယ်။ အခြေခံပညာ ကျောင်းတွေမှာ ကျမတို့ ဘယ်လို သင်ကြားခဲ့ သလဲ၊ ဘာတွေကို သင်ယူခဲ့ သလဲ၊ ဘယ်လိုနည်းနဲ့ သင်ကြားခံခဲ့ရ သလဲ ဆိုတဲ့ ကိစ္စဟာ တခြား တခြားသော တိုင်းပြည်ထူထောင်ရေး လုပ်ငန်းများလိုပဲ အင်မတန်မှ အရေးကြီးပါတယ်။
အခြေခံပညာဟာ လူတယောက်ရဲ့ ပညာရေး အတွက် အလွန် အရေးကြီးတဲ့ အခြေခံ ဖြစ်ပါတယ်။ ဒီအခြေခံ ပညာ ကျောင်းများက သင်ကြားမှု ကောင်းရင် ကောင်းသလို၊ ညံ့ရင် ညံံ့သလို တော်တဲ့သူတွေ၊ ညံ့တဲ့ ဖျင်းတဲ့သူတွေကို မွေးထုတ်ပေးနိုင်ပါတယ်။
ဒါကြောင့်လည်း ဖွံ့ဖြိုးပြီး နိုင်ငံများမှာတော့ အခြေခံပညာရေးကို တော်တော်လေးကိုမှ အလေးထားပြီးတော့ သင်ကြား လေ့ကျင့်ပေးကြတာကို တွေ့မြင်ရပါတယ်။ ကျမတို့ နိုင်ငံရဲ့ ပညာရေး စနစ်ကို လေ့လာကြည့်မယ် ဆိုရင်ဖြင့် အခြေခံ ပညာရေးဟာ အခုချိန်ထိ ကျက်ပြီး ပြန်ဖြေရတဲ့ စနစ်၊ စာအုပ်ထဲက စာတွေကို ဗလာစာအုပ်ထဲကို ပြန်ကူးရေးခိုင်းတဲ့ စနစ်ကနေ ရုန်းမထွက်နိုင်သေး တာကို တွေ့နေရပါတယ်။
ကျက်ပြီးတော့ ပြန်ဖြေရတဲ့ စနစ်သာမို့လို့ ကျက်ဉာဏ်ကောင်းတဲ့ သူများကို ဉာဏ်ကောင်းသူများလို့ သတ်မှတ်ကြ ပါတယ်။ ကျန်တဲ့ တီထွင်ဖန်တီးမှုဉာဏ်ရည်၊ စဉ်းစားတွေးခေါ်မှု၊ ဟာသဉာဏ် စသဖြင့် ကျန်ရှိနေသော ဉာဏ်ရည်များ ကိုတော့ဖြင့် ကျမတို့နိုင်ငံရဲ့ ပညာရေး သမိုင်း ကာလ တလျှောက်လုံးမှာ အလေးထား လေ့ကျင့်မှုမျိုး လုံး၀ မရှိခဲ့ ပါဘူး။
ဒါကြောင့်လည်း ကျမတို့ဟာ ချင့်ချိန်စဉ်းစား ထွင်းဖောက်တွေးခေါ်ဉာဏ် (critical thinking) ပိုင်းမှာ အားနည်း ခဲ့ကြရသလို၊ တီထွင်ဖန်တီးမှု၊ စိတ်ကူး စိတ်သန်း ဖြန့်ကျက်စဉ်းစားမှု ဒီလို အပိုင်းတွေမှာလည်း အားနည်း လာပါ တော့တယ်။ ဉာဏ်ရည်နဲ့ ပတ်သတ်လို့ ဉာဏ်ရည် ၈ မျိုး အကြောင်းကို ဧရာဝတီမှာ ရေးခဲ့ပြီးသားဖြစ်လို့ ဒီဆောင်းပါးမှာ အကျယ်ချဲ့ မဖော်ပြတော့ပါ။
ဒီ ကျက်ဖြေ စနစ်ကြီးဟာ လူ့လောက၊ လူ့အဖွဲ့စည်း အတွက် အင်မတန်မှ အသုံးဝင်တဲ့ ကလေးတို့ရဲ့ ဉာဏ်ရည် ဉာဏ်သွေးတွေကို ဖျက်ဆီးပစ်နေတာပါပဲ။ အဲဒီနောက်က ဖျက်ဆီးဖို့ ထပ်ရောက်လာတဲ့ စနစ်တခုက စာအုပ်ထဲက ကျက်ထားသမျှ တွေကို စာမေးပွဲမှာ ပြန်ဖြေတဲ့အခါမှာ များများ မှတ်မိတဲ့ သူကို ပထမ ပေးတဲ့ စနစ်ပါပဲ။ စာမေးပွဲမှာ ဘာသာရပ်တိုင်း အားလုံး အကုန်အောင်မြင်တဲ့သူ၊ အမှတ်များဆုံး သူက ပထမ ရပါတယ်။ ဒါကြောင့် ပထမ ရတဲ့ သူဟာ အတန်းထဲမှာ အတော်ဆုံးသူပဲလို့ အားလုံးက သတ်မှတ်လိုက်တာပါပဲ။
ပထမ ရတဲ့ သူဟာ အတန်းထဲမှာ အတော်ဆုံးလို့ သတ်မှတ်တာကြောင့် ဒုတိယ ရတဲ့ သူဟာ ပထမရတဲ့ သူလောက် မတော်ဘူး ဆိုတဲ့ အဓိပ္ပာယ် ထွက်လာပါတယ်။ ဒီလိုပဲ တတိယ၊ စတုတ္ထ စသဖြင့် တယောက်ခြင်း စီကို အဆင့်အားဖြင့် နိမ့်နိမ့် သွားစေလိုက်တာ နောက်ဆုံး အဆင့်ရသူ ကတော့ အတန်းထဲမှာ အညံ့ ဆုံးသူပဲပေါ့။
ဒီလို အမှတ်ပေးစနစ်နဲ့ ခွဲခြားသတ်မှတ် ခံရခြင်းကြောင့် ကလေးတို့ ခမြာ စာသင်ခန်းထဲမှာ စိတ်ဖိအားတွေ ပိုလာ စေပါ တော့တယ်။ မိဘတွေကလည်း ကိုယ့်သားသမီး အတန်းထဲမှာ အတော်ဆုံး ဆိုတဲ့ ပထမ နေရာကို ရဖို့ အတွက် နည်း အမျိုးမျိုးနဲ့ ကြိုးစားကြ၊ ကလေးတွေကို ဖိအားပေး ကျက်မှတ်ခိုင်းကြနဲ့ လုပ်ကြပြန်တော့ ကလေးတို့ ခမြာ ကျောင်းပြင်ပ မှာလည်း တကယ့် လူ့လောက အတွက် အသုံးဝင်တဲ့ စွမ်းရည်တွေကို လေ့ကျင့်ခွင့် ၊ လေ့လာခွင့် မရကြ ပြန် ပါဘူး။
ဒီလို စိတ်ဖိအား ပိုလာစေမှုဟာ အတန်းကြီးများမှာ သာမဟုတ်ဘဲ ကျောင်းပျော်အောင် ထားရတဲ့ သူငယ်တန်း အရွယ် ကလေးများမှာပါ ဖြစ်လာစေတာ ကတော့ဖြင့် ကလေးတို့ရဲ့ အနာဂတ် စိတ်ပိုင်းဆိုင်ရာ အတွက် အင်မတန်မှ စိုးရိမ်စရာ ဖြစ်လာရပါတော့တယ်။
သူငယ်တန်းမှာ ပထမ ရအောင်လို့ မူကြိုမှာ ကတည်းက သူငယ်တန်း စာတွေ ကြိုသင်တာ၊ သူငယ်တန်း မှာတင်ပဲ ကစားချိန်၊ ဆော့ချိန် မရှိအောင် ကလေးတို့ကို စာတွေလုပ်ခိုင်းတာဟာ ကလေးတို့ရဲ့ စိတ်ပိုင်းဆိုင်ရာကိုရော၊ ဉာဏ်ရည် ပိုင်းကိုပါ ဖျက်ဆီး ပစ်နေခြင်းပါပဲ။ ဒါကို ကျမတို့နိုင်ငံက မူကြို ဆရာမ တော်တော်များများ ရော၊ မူလတန်းပြ ဆရာမများပါ သတိမမူမိ ကြပြန်ပါဘူး။
ဖွံ့ဖြိုးပြီး နိုင်ငံများက ကျောင်းတွေမှာ ဆိုရင်ဖြင့် သုံးတန်းလောက် အထိ ကလေးတို့မှာ စာမေးပွဲ မရှိကြပါဘူး။ ကလေးတို့ဟာ သူတို့ ကြီးပြင်းလာတဲ့ အချိန်မှာ တကယ် လိုအပ်တဲ့ ပေါင်းသင်းဆက်ဆံမှု စွမ်းရည်၊ စုပေါင်း လုပ်ဆောင်တတ်မှု စွမ်းရည်၊ တီထွင်ဖန်တီးမှု စွမ်းရည်၊ တွေးခေါ် စဉ်းစားတတ်မှု စွမ်းရည်တွေကို ရဖို့ အတွက် မူလတန်း ကျောင်းသား ဘဝမှာကတည်းက ကျောင်းမှာ ကစားရင်းနဲ့ပဲ လွတ်လပ်စွာ သင်ယူခွင့် ရကြပါတယ်။
ဒီလိုနဲ့ အတန်း ကြီးလာတော့ စာမေးပွဲ ဆိုတာတော့ ရှိလာပါပြီ။ စာမေးပွဲ ဖြေရတဲ့ အခါမှာလည်း စာမေးပွဲမှာ ဘာသာရပ် အလိုက် အေ၊ ဘီ စသဖြင့် ပေးတာမို့လို့ သူတို့ဆီက ပညာရေးစနစ်ဟာ သူများကို ပြိုင်စရာမလိုဘဲ ကိုယ့်ရဲ့ ကြိုးစားမှု အပေါ်မှာပဲ ကိုယ်ယှဉ်ပြိုင်ရတဲ့ စနစ် ဖြစ်နေပါတော့တယ်။
ဥပမာ ကိုယ်က သင်္ချာတော်လို့ သင်္ချာမှာ အေ ရတယ်။ သမိုင်းမှာတော့ စီ ဆိုပါတော့ သမိုင်းကို ဆက်ပြီးတော့ လေ့လာ ကြိုးစားဖို့ လိုသေးတယ် ဆိုတဲ့ အဓိပ္ပာယ်ပါ။ ကိုယ်က သင်္ချာမှာ အေ ရသလို၊ ဘေးက သူငယ်ချင်းက လည်း သင်္ချာမှာ အေ ရတာပဲ။ သူ အေ ရခြင်းဟာ သူ့ကြိုးစားမှုကြောင့် ဖြစ်သလို၊ ကိုယ် အေ ရခြင်းဟာလည်း ကိုယ့်ရဲ့ ကြိုးစားမှု ကြောင့်ပါပဲ။ ဘေးနားက သူငယ်ချင်းရဲ့ စာတော်ခြင်း၊ အမှတ်ကောင်းခြင်းဟာ ကိုယ်က သူ့လောက် မတော်ဘူးလို့ အထင်ခံရဖို့ အတွက် မဟုတ်တာမို့လို့ သူငယ်ချင်းနဲ့ စာပြိုင်စရာလည်း မလိုပါဘူး။
ကျမတို့ ဆီမှာတော့ အဆင့် ၁၊ ၂၊ ၃ နဲ့ ခွဲခြားထားတာ မို့လို့ အတန်းထဲက သူငယ်ချင်းများ အားလုံးဟာ ကိုယ့်ရဲ့ စာပြိုင်ဘက်တွေ ဖြစ်နေပါ တော့တယ်။ သူငယ်တန်းမှာ ကတည်းက ဘေးနားမှာ ရှိနေတဲ့ ကစားဖော်သူငယ်ချင်းဟာ ကိုယ့်ရဲ့ စာပြိုင်ဘက်ပါ။ ပထမ နေရာဟာ တနေရာတည်း ရှိတာမို့လို့ ဘေးနားက သူငယ်ချင်းအားလုံးဟာ မယုံကြည်စရာ ကောင်းတဲ့ သူတွေချည်း ဖြစ်နေပါတော့တယ်။
ဒါကြောင့်မု့ိလို့လည်း ကျမတို့ဆီက ကျောင်းတွေမှာ သူငယ်ချင်းကို စာရှင်း မပြချင်တဲ့ စာတော်သူတွေ၊ သူငယ်ချင်းက နေမကောင်းလို့ ကျောင်းပျက်တဲ့ အခါမျိုးမှာ စာအုပ် ပေးငှားဖို့ တွန့်တိုတဲ့ သူတွေကို အတန်းတိုင်းလိုလိုမှာ မြင်နေရ တာပါပဲ။ ဒါကို ကြည့်မယ် ဆိုရင်ဖြင့် ကလေးတို့ဟာ ကိုယ့်အနားမှာ ရှိနေတဲ့ ကိုယ့်ရဲ့ သူငယ်ချင်းကို ပြိုင်ဘက်လိုမျိုး သဘောထား နေတယ် ဆိုတာ သိသာလွန်းလှပါတယ်။ ဒီလို ပြိုင်ဆိုင်တဲ့ စိတ်ဟာ စုပေါင်း လုပ်ဆောင်တတ်တဲ့ စိတ်ကို ပျောက်သွား၊ ခန်းသွားအောင်လို့ လုပ်ပစ်လိုက်ပါ တော့တယ်။
ကလေးတို့ဟာ တနေရာတည်းပဲ ရှိတဲ့ ပထမဆိုတဲ့ နေရာကို ယှဉ်ပြိုင်လုရင်းနဲ့ပဲ ပထမ ဆိုတဲ့ နေရာကို ရလာတဲ့ အခါမှာတော့ လောကမှာ ငါသာလျှင် အတော်ဆုံး၊ ငါသာ အတတ်ဆုံး၊ ငါပဲ လုပ်နိုင်တယ် ဆိုတဲ့ `ငါနဲ့ ငါသာ နှိုင်းစရာ´ ဆိုတဲ့ စိတ်ကလေး တွေလည်း ဝင်လာကြပါတော့တယ်။ ဒီ စိတ်လေးနဲ့ပဲ သူငယ်တန်းကနေ ဆယ်တန်း အရွယ်ထိ ကလေးဟာ ကြီးပြင်း လာပါတော့တယ်။
တကယ့်လူ့လောက အသိုင်းဝိုင်းထဲကို ဝင်ရောက်လာတဲ့ အချိန်မှာတော့ အဲဒီ `ငါနဲ့ ငါသာ နှိုင်းစရာ´ ဆိုတဲ့ စိတ်ဟာ အလုပ်ခွင်မှာ ကိုယ့်အတွက်ရော၊ လူတဖက်သား အတွက်ကိုပါ အန္တရာယ်ပေးတော့ တာပါပဲ။ ငါသာလျှင် တော်တယ်၊ ငါသာလျှင် တတ်တယ် လို့ အမြဲတွေးလာခဲ့သူမို့လို့ တဖက်လူရဲ့ လုပ်ရည်ကိုင်ရည်၊ အစွမ်းသတ္တိ၊ အတွေးအမြင်တို့ ကို အလေးထားရမှန်း မသိ၊ လေးစားရမှန်း နားမလည် ဖြစ်သွားတော့တာပါပဲ။ အနားမှာ ရှိနေသူများ ဟာလည်း ကိုယ့်ရဲ့ နေရာကို လုယူနိုင်တဲ့ ပြိုင်ဘက်တွေလို့ ထင်မြင်ယူဆ လာပါတော့တယ်။
တကယ်တော့ လူတယောက်ချင်းစီမှာ မတူတဲ့ အတွေးမြင်တွေ ရှိကြသလို၊ မတူတဲ့ စွမ်းရည်လည်း ကိုယ်စီ၊ ကိုယ်စီ ရှိနေကြ ပါတယ်။ ကိုယ့်မှာ ရှိနေတဲ့ စွမ်းရည်တွေကို သူ့မှာ မရှိတာနဲ့ အရည်ချင်း မရှိသူ ရယ်လို့ သတ်မှတ်လို့ မရပါဘူး။ အလုပ်တခု ပြီးမြောက် အောင်မြင်ဖို့ အတွက် စုပေါင်းလုပ်ဆောင် ကြရမှာပါ။
တကယ့်ဘဝမှာ ပထမဆိုတဲ့ နေရာဟာ တနေရာတည်း ရှိနေတာ မဟုတ်ပေမယ့် ပညာရေးစနစ်က ငယ်ငယ် ကတည်းက ရိုက်သွင်းလိုက်တာကြောင့် အများအမြင်မှာ ကိုယ်ဟာ အတော်ဆုံး၊ အကောင်းဆုံး စသဖြင့် အထင်ခံလို စိတ် ကတော့ ပျောက်မသွားပါဘူး။
ဒီစိတ်တွေကို ကျမတို့ နိုင်ငံက နေရာအနှံ့မှာ လူတော်များများ ဆီမှာ တွေ့နေရတာပါပဲ။ တွေးခေါ်ပညာရှင် တဦးလည်းဖြစ်၊ ပညာရေးသုခမိန်တဦးလည်း ဖြစ်သူ ဂျွန်ဒေဝီက (John Dewe) က လူ့ အဖွဲ့စည်းတခုကို ပြင်ဆင်လိုရင် ပညာရေးကို မပြင်ဆင်လို့ မရဘူးလို့ ဆိုခဲ့ပါတယ်။
ပညာရေး ဆိုတာဟာ တကယ်တော့ အနာဂတ်လူ့ အဖွဲ့စည်းတခု အတွက် ကြိုတင်ပြင်ဆင် လေ့ကျင့်ပေးတဲ့၊ အခြေခံ အုတ်မြစ်ချတဲ့ နေရာဖြစ်လို့ သိပ်ကိုမှ အရေးကြီးလှပါတယ်။ ပညာရေးစနစ် တခုအောက်ကနေ တိုင်းပြည် အတွက် တော်တဲ့ လူတန်းစားတရပ်ကို မွေးထုတ်နိုင်သလား၊ ညံ့တဲ့ လူတန်းစားတရပ်ကို မွေးထုတ်နိုင်သလား ဆိုတာကတော့ အဲဒီ့နိုင်ငံရဲ့ ပညာရေးနဲ့ တိုက်ရိုက်သက်ဆိုင် ပါတယ်။
ဒါကြောင့်မို့လို့ အနာဂတ် လူ့အဖွဲ့စည်းမှာ စိတ်ပိုင်းရော ဉာဏ်ရည်ပိုင်းပါ ဒေါင်ဒေါင်မြည်တဲ့ လူ့ အဖွဲ့စည်း တရပ် ပေါ်ပေါက် လာဖို့ အတွက် သင်ရိုးညွှန်းတန်းတွေ၊ သင်ကြားနည်းစနစ်တွေ၊ အမှတ်ပေးစနစ်တွေ အားလုံးကို မညှာတမ်း၊ မညာတမ်း လေ့လာပြီးတော့ သေသေချာချာ မှန်မှန်ကန်ကန် လေ့လာပြင်ဆင်သင့် ပါပြီ။ ။