စာရေးဆရာကြီး ဦးအောင်သင်းသည် ယနေ့နံနက် ၁၀ နာရီ ၁၂ မိနစ်က ရန်ကုန်မြို့၊ အာရှတော်ဝင် ဆေးရုံတွင် လူကြီးရောဂါဖြင့် ကွယ်လွန်သွားကြောင်း သိရသည်။
ဆရာကြီး ဦးအောင်သင်း ကွယ်လွန်ချိန်တွင် အသက် ၈၈ နှစ်အရွယ်ရှိပြီဖြစ်ပြီး လွန်ခဲ့သော တနှစ်ဝန်းကျင်ကတည်းက ရင်ကျပ်ရောဂါ ခံစားခဲ့ရကြောင်း၊ ယနေ့နံနက်ပိုင်းတွင် အမောဖောက်ကာ ကွယ်လွန်သွားခဲ့ကြောင်း ဆရာကြီးကို ပြုစုစောင့်ရှောက် ပေးနေသူတဦးဖြစ်သည့် ပွင့်စာပေမှ ဦးနိုင်သစ်နီက အတည်ပြု ပြောကြားသည်။
ဆရာကြီး ဦးအောင်သင်း ဈာပနကို ရေဝေးသုဿာန်တွင် အောက်တိုဘာ ၂၇ ရက်နေ့ ညနေ ၃ နာရီမှ ၅ နာရီအထိ ပြုလုပ်သွားမည်ဖြစ်ပြီး ဈာပန အခမ်းအနားကို စမ်းချောင်းရှိ နေအိမ်တွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ နေအိမ်မှ ကြို/ပို့ကားများ ထွက်မည့်အပြင် စာပေလေထန်ကုန်းဖြစ်သည့် ရန်ကုန်မြို့ ၃၃ လမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်မှလည်း နေလည် ၁ နာရီတွင် ကြို/ပို့ကားများ ထွက်မည်ဖြစ်ကြောင်း သိရသည်။
“သူသေဆုံးမှုကတော့ ကျနော်တို့ စာပေလောကမှာ အကြီးမားဆုံး ဆုံးရှုံးမှုတခု ဖြစ်ပါတယ်။ အထူးသဖြင့် လူငယ်တွေအတွက်ပေါ့။ သူက လူငယ်တွေကို ကြီးပွားစေချင်တယ်၊ လူငယ်တွေကို လွတ်လွတ်လပ်လပ် တွေးရဲ၊ ကြံရဲစေချင်တယ်။ တိုးတက်ရာလမ်းကြောင်းကို ဖြစ်ဖြစ်မြောက်မြောက် လိုက်ပြီးတော့ တကယ့် ကမ္ဘာ့အဆင့်အထိ ပြောင်မြောက်စေချင်တဲ့ လူတယောက်ပါ” ဟု ဆရာကြီး ဦးအောင်သင်း၏ စာပေမိတ်ဆွေတဦးဖြစ်သည့် စာရေးဆရာ ကြည်မင်းက ဧရာဝတီသို့ ပြောပြသည်။
ခေတ်စနစ်ရ ပညာကို လူငယ်များ စနစ်တကျ မသင်မအောင်၊ ပညာကို ဖျက်ဆီးထားသည့်အခါ လူငယ်များအနေဖြင့် ပညာတတ်ဖို့၊ စာပေကိုချစ်တတ်ဖို့ မလုပ်တော့ဘဲ အလွတ်ကျက်စနစ်ဖြင့် အမှတ်ရအောင် ဖြေလာကြကြောင်း၊ ဘဝဖြတ်သန်းမှုတွင် အရေးကြောင်းကြုံလာပါက အားကိုးစရာ ပညာမရှိတော့သဖြင့် လူငယ်များ ပညာကို ကြိုးစားလာအောင်၊ တိုးတက်လာအောင် သူတတ်နိုင်သည့်ဘက်က ဟောပြောပွဲများ၊ စာပေများဖြင့် ဖြည့် ဆည်းပေးခဲ့သူ ဖြစ်ကြောင်း စာရေးဆရာ ကြည်မင်းက ဆက်ပြောသည်။
ဦးနိုင်သစ်နီက “ဒါပေမယ့် ဝမ်းနည်းနေရုံနဲ့ မပြီးပါဘူး။ ကျနော်တို့ရှေ့က လူကြီးသူမများ ချခဲ့တဲ့ ကောင်းသော လမ်းစဉ်တွေကို၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး စသည်အားဖြင့် လိုအပ်တဲ့ ကွက်လပ်တွေကို ကျနော်တို့ လူငယ်တွေက ဖြည့်ဆည်းမှုနဲ့ ကျနော်တို့ရဲ့ ဝမ်းနည်းမှုတွေကို ရှေ့ဆက်ကြရမှာပဲလို့ ကျနော်ခံစားရတယ်” ဟု ဆိုသည်။
ဆရာကြီး ဦးအောင်သင်းကို တောင်တွင်းကြီးမြို့တွင် ဖခင် သခင်ညီမောင်နှင့် မိခင် ဒေါ်ရွှေကြင်တို့မှ ၁၉၂၇ ခုနှစ်၊ ဧပြီ ၁၇ ရက်နေ့တွင် မွေးဖွားခဲ့ပြီး မွေးချင်း ၃ ယောက်ထဲမှ အကြီးဆုံးဖြစ်သည်။
တောင်တွင်းကြီးမြို့ တောင်ပြင်ရပ် ဦးသာဒွန်းဇံ မူလတန်းကျောင်းတွင် စတုတ္ထတန်းအထိ ပညာသင်ကြားခဲ့ပြီး မိုးထိ အလယ်တန်းကျောင်းတွင် ဆက်လက် ပညာသင်ကြားရာ ဆဋ္ဌမတန်း ကျောင်းသားဘဝတွင် ၁၉၃၈ ခုနှစ် ကျောင်းသား သပိတ်နှင့် ရင်ဆိုင်ရသည်။ ထိုနှစ်မှာပင် မိခင်ဖြစ်သူ ကွယ်လွန်ခဲ့သည်။
သတ္တမတန်းတွင် စာမေးပွဲပြီးနောက် ကျောင်းထွက်ခဲ့သည်။ ဒုတိယကမ္ဘာစစ်ကြီးအပြီး ၁၉၄၇ တွင် ပြည်သူ့ရဲဘော်တပ်ဖွဲ့ သို့ ဝင်ရောက်ခဲ့သည်။ ထိုမှတဆင့် ဆိုရှယ်လစ်ပါတီသို့ ရောက်သွားပြီး သင်တန်းများတက်၍ ခရိုင်စည်းရုံးရေးမှူး အဆင့်အထိ တာဝန်ယူဆောင်ရွက်ခဲ့သည်။
၁၉၄၉ ခုနှစ် ပြည်တွင်း စစ်ဖြစ်လာသည့်အခါ ရဲဘော်ဖြူများ၏ ဖမ်းဆီးခြင်းခံရပြီး မကွေးထောင်၊ တောင်တွင်းကြီးထောင်၊ ပြည်ထောင်၊ သရက်ထောင်များတွင် အကျဉ်းကျခံခဲ့ရသည်။ ၁၉၄၉ ခုနှစ် နိုင်ဝင်ဘာလတွင် သရက်ထောင်ကို ဖောက်၍ ထွက်ပြေးလွတ်မြောက်ခဲ့သည်။
၁၉၅၂ ခုနှဏ် တွင် တောင်တွင်းကြီးသို့ ပြန်လာခဲ့ပြီး တက္ကသိုလ်ဝင်တန်း (၁၀ တန်း) စာမေးပွဲ ဝင်ရောက်ဖြေဆိုရာ ၁၉၅၃ ခုနှစ်တွင် အောင်မြင်သည်။ ထိုနှစ် အောက်တိုဘာလတွင် မိုးထိ အထက်တန်းကျောင်း၌ အလယ်တန်းပြ ဆရာအဖြစ် ဝင်ရောက် အမှုထမ်းခဲ့သည်။ ၁၉၅၆ တွင် အလုပ်မှထွက်၍ မကွေးကောလိပ် ဥပစာ ဝိဇ္ဇာတန်းသို့ တက်ရောက် ပညာဆည်းပူးသည်။
၁၉၆၀ ပြည့်နှစ်တွင် ဝိဇ္ဇာတန်းကို မြန်မာ ဘာသာစကားနှင့် အနုစာပေ၊ အင်္ဂလိပ် ဘာသာစကားနှင့် အနုစာပေ၊ ဒဿနိကဗေဒ ဘာသာတွဲဖြင့် အောင်မြင်ခဲ့သည်။
၁၉၆၁ ခုတွင် ပညာရေးဘွဲ့ (B.Ed.) ဆက်တက်နေစဉ် မြန်မာစာဌာန ပါမောက္ခ ဆရာကြီး မင်းသုဝဏ် လက်အောက်တွင် မဟာဝိဇ္ဇာ အရည်အချင်းစစ် စာမေးပွဲဖြေခွင့် ပေါ်လာခဲ့သဖြင့် ဝင်ခွင့်ကို ဖြေဆိုရာ အောင်မြင်ခဲ့သည်။ ၁၉၆၂ တွင် ရန်ကုန်တက္ကသိုလ်၌ နည်းပြဆရာ ဖြစ်လာပြီး ၁၉၆၃ ခုနှစ်တွင် မော်လမြိုင် ဒီဂရီကောလိပ်သို့ ပြောင်းရွှေ့ခဲ့သည်။
၁၉၆၅ ခုနှစ် မေလတွင် မေမြို့ (ယခု ပြင်ဦးလွင်) စစ်တက္ကသိုလ် မြန်မာစာဌာနသို့ လက်ထောက်ကထိက ရာထူးဖြင့် ပြောင်းရွှေ့ အမှုထမ်းခဲ့သည်။ ၁၉၇၀ ပြည့်နှစ် အောက်တိုဘာလတွင် ရန်ကုန်တက္ကသိုလ်သို့ ပြန်ပြောင်းရပြီး မဟာဝိဇ္ဇာတန်းကို ဆက်တက်ပြီး ပညာဆည်းပူးသည်။ ၁၉၇၄ တွင် “ဝတ္ထုတို လေ့လာချက် စာတမ်း” ပြုစုတင်ပြပြီး မဟာ ဝိဇ္ဇာတန်းကို ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည်။
၁၉၅၉ ခုနှစ် မေလထုတ် မြဝတီ မဂ္ဂဇင်းမှ သရက်ထောင် ဖောက်ခဲ့စဉ်က ဆောင်းပါးသည် ဆရာ အောင်သင်း၏ ပထမဆုံးလက်ရာ ဖြစ်သည်။
၁၉၆၀ ပြည့်နှစ်တွင် ရန်ကုန်တက္ကသိုလ် ကျောင်းသားများ ထုတ်ဝေသည့် ပုသိမ်မဂ္ဂဇင်းတွင် “လူသေ လူမဖြစ်မီက သျှင်ဥက္ကဋ္ဌ” ဟူသော ဆောင်းပါး၊ အခြား ဆောင်းပါး တပုဒ် နှင့် အင်္ဂလိပ်ကဗျာ ဘာသာပြန်တပုဒ် ရေးသား ပေးပို့ခဲ့ရာ လူတဦးတည်း၏ စာမူ ၃ ပုဒ် ဖော်ပြရန်မသင့်ဟု ဆုံးဖြတ်သောကြောင့် Henery Davibes ၏ The Welcome ဘာသာပြန်ကဗျာတွင် “မောင်သံနိုင်” ဟူသော အမည်နှင့် ဖော်ပြခဲ့သည်။
၁၉၆၂ ခုနှစ် ပြားငါးဆယ်တန် “စာဆိုတော်” မဂ္ဂဇင်းတွင် စာပေညွှန်ကြားရေးမှူးအဖြစ် တာဝန်ယူခဲ့သည်။ ၁၉၆၃ ခုနှစ်တွင် ကံ့ကော်မြိုင်စာတန်းများ စာစု၌ စာတမ်း ၃ ပုဒ် ရေးခဲ့ရာ ၂ ပုဒ်ကို ထိုစဉ်က အထက်တန်း၊ အလယ်တန်း မြန်မာစကားပြေ လက်ရွေးစင်တို့တွင် ကျောင်းသုံးစာအုပ်အဖြစ် ပြဋ္ဌာန်းခံရသည်။
၁၉၇၁ ခုနှစ်မှစ၍ စာပေဝေဖန်ရေး ဆောင်းပါးများ ရေးခဲ့ပြီး ၁၉၇၇ ခုနှစ်တွင် “စာပေရေးရာ ဆောင်းပါးများ” အမည်ရှိ စာပေဆောင်းပါး စာစုကို ပုံနှိပ်ထုတ်ဝေခဲ့သည်။
၁၉၇၈ ခုနှစ် ဧပြီလတွင် နိုင်ငံရေး လှုပ်ရှားမှု၌ ပါဝင်ပတ်သက်သည်ဟု မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီက ယူဆသောကြောင့် အလုပ်မှထုတ်ပယ်ခြင်း ခံရသည်။
၁၉၈၃ ခုနှစ် နိုဝင်ဘာလတွင် သဘင်မဂ္ဂဇင်း အမှတ် (၁) မှစ၍ (၂၅) လ တိုင်တိုင် “အကြိုက်ဆုံး ဝတ္ထုတို” ကဏ္ဍကို လစဉ် ရေးသားခဲ့သည်။ ထိုအချိန်မှစ၍ အလွတ် ကျူရှင်များတွင် မြန်မာစာပေသင်ကြားပေးခြင်း၊ စာပေရေးသားခြင်းတို့နှင့်သာ အသက်မွေးဝမ်းကျောင်းပြုခဲ့သည်။