ရန်ကုန်တိုင်း ဒေသကြီး ကော့မှူးမြို့နယ်တွင် အလုပ်အကိုင်အခွင့်အလမ်း အတွက်ရည်ရွယ်၍ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း Hospitality and Catering Training Academy (HCTA) ကျောင်းကို ဖွင့်လှစ်လိုက်ကြောင်း သိရသည်။
ယင်း HCTA ကျောင်းသည် ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းနှင့် သက်ဆိုင်သည့် ကျောင်း ဖြစ်ပြီး ကော့မှူးမြို့နယ် မကျည်းကန်ကျေးရွာတွင် ယနေ့ နံနက်ပိုင်းက ဖောင်ဒေးရှင်း ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် သွားရောက် ဖွင့်လှစ်ပေးသည်။
မြန်မာနိုင်ငံ ပညာရေးစနစ်သည် နှစ်ပေါင်းများစွာ အဆင်မပြေဖြစ်ခဲ့သဖြင့် ပညာရေးစနစ်ကို အဆင်ပြေစေရန်အတွက် အဆင့် အတန်းမီပြီး အခြေအနေ အချိန်ကာလ၏ လိုအပ်ချက်နှင့်လည်း ကိုက်ညီသည့် ပညာရေး စနစ် ဖြစ်ရေး အတွက် လည်းကောင်း၊ ကျောင်းသားများ၏ အလုပ်အကိုင် အခွင့်အလမ်းရနိုင်ရန်အတွက်လည်းကောင်း ယခု ကျောင်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဖွင့်ပွဲတွင် ပြောကြားသည်။
“အခု ကျောင်းက စမ်းသပ်အနေနဲ့ စတင်တာလို့ ပြောလို့ရပါတယ်။ ဒီပညာရေး အောင်မြင်လို့ရှိရင် တနိုင်ငံလုံး ကျမ ဆက်ပြီးဖွင့်နိုင် မယ်လို့ မျှော်လင့်ပါတယ်”ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
မြန်မာနိုင်ငံတွင် အရေးကြီးသည့် ကိစ္စတခုမှာ အလုပ်အကိုင်မရှိခြင်းဖြစ်ကြောင်း၊ ပညာတတ်ပြီး အလုပ်မရှိပါက လူမှုအသိုင်း အဝန်း အတွက် ပြဿနာ ဖြစ်စေနိုင်ကြောင်း၊ ထို အသက်မွေးဝမ်းကျောင်း အောင်မြင်လာမည်ဆိုပါက မြန်မာပြည် ပညာရေး စနစ်ပါ ပြောင်းလဲသွားနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထပ်မံပြောဆိုသည်။
“လူငယ်တွေ အရည်အချင်းရှိရင် မှန်ကန်တဲ့ တိုးတက်ရေးလမ်းကြောင်းပေါ် ရောက်သွားမယ်လို့ ကျမထင်ပါတယ်။ ဒါကြောင့် လူ ငယ် တွေကို ကြိုးစားစေချင်ပါတယ်။ အသက်မွေးဝမ်းကျောင်း ပညာဟာ ကိုယ်အတွက်ပဲ အရေးကြီးတာ မဟုတ်ဘူး။ ကိုယ့်နိုင်ငံ အတွက်လည်း အရေးကြီးတယ်။ အသက်မွေးဝမ်းကျောင်း ပညာရဲ့ တန်ဖိုးကို နိုင်ငံတကာကလည်း သိအောင်လို့၊ ကျမတို့ဒေသ ကလည်း သိအောင်လို လက်ခံလာအောင်လို့ ကျမတို့ ကျောင်းသားတွေ ဆရာတွေရဲ့ တာဝန်ဖြစ်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည် က ကျောင်းဖွင့်ပွဲတွင် ထည့်သွင်းပြောကြားခဲ့သည်။
HCTA Programme Director ဦးဇွဲနန္ဒ ကလည်း လက်ရှိကတော့ မြန်မာနိုင်ငံ၏ လိုအပ်နေသည့် လူသားအရင်းအမြစ် ဖြည့်ဆည်း ပေးရန်၊ လူငယ်များအတွက် အလုပ်အကိုင် အခွင့်အလမ်း ရရှိ ဖန်းတီးပေးရန် အတွက် သီးသန့် မဟုတ်ဘဲ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်း ဆိုင်ရာနှင့် ပတ်သက်ပြီး အနာဂတ် အတွက် စတင်တည်ထောင်ခြင်းဖြစ်ကြောင်း၊ ကျောင်းပညာရေး စနစ်သည် အာဆီယံ ပညာရေး စနစ်ကို အခြေခံထားပြီး သင်ကြားသွားမည်ဖြစ်ကြောင်း ကိုလည်း ယနေ့ ကျောင်းဖွင့်ပွဲတွင် ပြောကြားသည်။
“ကျနော်တို့ ကျောင်းရဲ့ ပညာသင်ရေး စနစ်က ကျောင်းသားဗဟိုပြု ပညာရေး စနစ်နဲ့ သင်ကြားသွားမှာပါ။ ကော့မှူး မြို့နယ် ဒေသ ပတ်ဝန်းကျင်ရွာက ၅၀ ရာခိုင်နှုန်း ခေါ်ပြီး ကျန် ၅၀ ရာခိုင်နှုန်းကို တနိုင်ငံလုံး အတိုင်းအတာအရ ခေါ်ပါတယ်”ဟုလည်း ဦး ဇွဲနန္ဒ က ဆိုသည်။
ကျောင်းမြေနေရာကို ၂၀၁၂ ခုနစ်တွင် ကော့မှူးမြို့နယ် မကျည်းကန်ရွာ၌ စတင်ဝယ်ခဲ့ခြင်း ဖြစ်ပြီး ၂၀၁၃ ခုနစ် နိုဝင်ဘာ လတွင် စတင် ဆောက်လုပ်၍ ၂၀၁၄ စက်တင်ဘာလတွင် ပြီးစီးခဲ့သည်။
ကျောင်းကို အသက် ၁၈ နှစ်မှ ၂၅ နှစ်အထိ တက်ရောက်နိုင်ရန် စီစဉ်ထားခြင်း ဖြစ်ပြီး အနည်းဆုံး အထက်တန်းအောင်ပြီးသူများ ကို စတင်လက်ခံသွားမည်ဖြစ်ကြောင်း၊ ကျောင်း၏ ဝင်ခွင့်ပုံစံသည် ပထမဆုံး ကျောင်းလျှောက်သည့် ကျောင်းသား၏ ကိုယ်ရေး အကျဉ်း နှင့် ကျောင်းသား ကိုယ်တိုင်ရေးသော အက်ဆေး ပါပေးရမည်ဖြစ်ကြောင်း၊ ဒုတိယအဆင့်အနေဖြင့် ဝင်ခွင့်စာမေးပွဲဖြေရ မည်ဖြစ်ပြီး ဝင်ခွင့်စာမေးပွဲတွင် အဆင့်နှစ်ဆင့် ခွဲထားကြောင်း ဆိုသည်။
ဝင်ခွင့်စာမေးပွဲတွင် အင်္ဂလိပ်စာ ကျွမ်းကျင်သူများနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးတွင် မည်မျှအထိနားလည်ကြောင်း မေးခွန်းများ ကို ဖြေရမည်ဖြစ်ကြောင်း၊ ထို့နောက် တဦးချင်စီ အင်တာဗျူး ဖြေရမည်ဖြစ်ပြီး နောက်ဆုံးအဆင့်အနေဖြင့် Medical Check Up လုပ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
“ဒီနှစ်က ကျောင်းသား ၁၈၀ ကျော်ဖြေဆိုပြီးတော့ ၁၁၇ ယောက်ခန့်ဝင်ခွင့်ရပါတယ်။ အခုကျောင်းသားတွေက ကော့မှူးမြို့နယ် ကွမ်းခြံကုန်း၊ တွံတေး၊ ပဲခူး၊ ရန်ကုန်နဲ့ အရမ်းဝေးတဲ့နေရာ ဖြစ်တဲ့ ပုဂံတွေက ကျောင်းသားတွေပါပဲ”ဟု ဦးဇွဲနန္ဒ ကပြောပြသည်။
HTCA ကျောင်းသို့ ဝင်ခွင့်ရသည့် ကော့မှူးမြို့နယ်ကျောင်းသား တဦး၏ မိခင်က“ကျမ သားက ဟိုတယ် ဧည့်ကြိုနဲ့ဆိုင်တဲ့ အတန်းမှာ တက်တာပါ။ ဒီလိုသင်တန်းကို ရန်ကုန်မှာသွားတက်ဖို့ကလည်း မဖြစ်ဘူးလေ။ အခုက အခမဲ့တက်ရတော့ အရမ်းဝမ်းသာပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
၂၀၁၂ ခုနစ် ဧပြီ ၁၇ ရက် နေ့တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် မိခင် ဒေါ်ခင်ကြည်၏ နှစ် ၁၀၀ ပြည့် မွေးနေ့ အထိမ်းအမှတ် အဖြစ် ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းကို စတင်တည်ထောင်ခဲ့သည်။