မွန်ပြည်နယ်ရှိ ကျိုက်မရော မြို့နယ်အတွင်း တပ်မတော်မှ ဖမ်းဆီးခေါ်ဆောင်သွားပြီး တလအကြာ၌ အသေဖမ်းမိကြောင်း သတင်းထုတ်ပြန်မှုသည် လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားရာဒေသများတွင် တပ်မတော်က လက်နက်မဲ့နိုင်ငံသားများအပေါ် အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ တရားဥပဒေ စီရင်ထုံးများနှင့် ညီညွတ်စွာ မကိုင်တွယ်ဘဲ ရာဇဝတ်မှု ကျူးလွန်သည်ကိုပင် ဖုံးကွယ်ရန် ကြိုးစားနေသလားဟု မေးခွန်းထုတ်စရာဖြစ်သည်။
၂၀၁၄ ခုနှစ် အောက်တိုဘာလ ၂၃ ရက် နေ့စွဲတပ်ထားသော မည်သည့်ဝန်ကြီးဌာနက တာဝန်ခံ ထုတ်ပြန်ကြောင်း တရားဝင် စာအမှတ်နှင့် စည်းတံဆိပ်များ မပါဝင်သည့် သတင်း ထုတ်ပြန် ကြေညာချက်တစောင်ကို မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ)မှ တဆင့် ဖြန့်ဝေခဲ့ရာ တဘက်အဖွဲ့အစည်းမှ ဗိုလ်ကြီးအဆင့်ရှိ အောင်နိုင်ကို နယ်မြေခံ အမှတ် (၂၀၈)ခြေမြန်တပ်ရင်းမှ ဖမ်းဆီး ထိန်းသိမ်းထားစဉ် စစ်သည်တဦး၏ သေနတ်အား လုယူ ထွက်ပြေးသဖြင့် ပစ်ခတ် ဖမ်းဆီးခဲ့ရကြောင်း ရေးသားထားသည်။
တရားဝင် ငြိမ်းချမ်းရေး ဆွေးနွေးနေသော်လည်း အစိုးရစစ်တပ်နှင့် လတ်တလော ဆက်ဆံရေးပြန်လည်တင်းမာလာသော ဒီမိုကရေစီ အကျိုးပြု ကရင် အမျိုးသား တပ်မတော်(DKBA) အပါအဝင် ထိုင်း-မြန်မာနယ်စပ်အခြေစိုက်အဖွဲ့များက သေဆုံးသူ ကိုပါကြီး ခေါ် ကိုအောင်ကျော်နိုင်သည် အလွတ်သတင်းထောက်တဦးဖြစ်ပြီး ဇနီး ဒေါ်သန္တာ၏ အဆိုအရ ကိုအောင်ကျော်နိုင်(ခ) ကိုပါကြီးသည် လက်ရှိ ဖြစ်ပွားနေသည့် အစိုးရစစ်တပ်နှင့် ဒီမိုကရေစီ အကျိုးပြု ကရင် အမျိုးသား တပ်မတော်(DKBA) တိုက်ပွဲ အတွင်း စစ်ရေး သတင်း ဓာတ်ပုံများ ရရှိရန် မွန်ပြည်နယ်သို့ သွားရောက်စဉ် ပျောက်ဆုံးသွားခြင်း ဖြစ်သည်။
သေနတ်လုယူသောကြောင့် ပစ်ခတ်သတ်ဖြတ်ရသည်ဆိုလျှင်ပင် ဖြစ်ရပ်အား အနီးဆုံး ရပ်ကျေးဆိုင်ရာ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးသို့ တပ်မတော်က အကြောင်းကြားရမည်ဖြစ်ပြီး သေဆုံးသူအလောင်းကို ကျန်ရစ်သူမိသားစုကို ပြန်လည်အပ်နှံရန်သာ ရှိသည်။ ယခုမူ ဒုတိယကမ္ဘာစစ်အပြီး နိုင်ငံအားလုံးရှိ လက်နက်ကိုင်တပ်ဖွဲ့များ သဘောတူလိုက်နာရန် လိုအပ်သော ဂျနီဗာကွန်ဗန်းရှင်း၌ အတိအလင်း သတ်မှတ်ထားသည့် စစ်ပွဲအတွင်း လက်ရဖမ်းဆီးရမိသူနှင့် လက်နက်ချသူများကို အကြမ်းဖက်ခြင်း၊ သတ်ဖြတ်ခြင်း၊ ကိုယ်အင်္ဂါအစိတ်အပိုင်း ထိခိုက်အောင် လုပ်ခြင်း၊ ရက်စက်စွာ ပြုမူဆက်ဆံခြင်း၊ ညှင်းပန်း နှိပ်စက်ခြင်း မပြုရ ဆိုသည်ကို ချိုးဖောက်နေသကဲ့သို့ ဖြစ်သည်။
စနေနေ့က ထုတ်ပြန်သော မြန်မာနိုင်ငံရှေ့နေများကွန်ရက်၏ ကြေညာချက်တွင် ကိုပါကြီးခေါ် အောင်နိုင်၏ ရုပ်အလောင်းကို မိသားစုမှ ကြည့်ရှုစစ်ဆေးပြီး သဂြိၤုဟ်ခွင့်ပြုရမည့်အစား တောတွင်းတနေရာ၌ တပ်မတော်မှမြှုပ်နှံထားခြင်းမှာ လူ့အခွင့်အရေး ချိုးဖောက်ခံရသော အလောင်းဖျောက်ဖျက်မှုတရပ်ကို ကျုူးလွန်လျှက်ရှိကြောင်း ဆိုသည်။ ဥပဒေကြောင်းအရ
မြေမြုပ်အလောင်းကို ပြန်ဖော်စစ်ဆေး၍ တရားရုံးတွင် သေမှုသေခင်းဖွင့် ဥပဒေနှင့်အညီ ဆောင်ရွက်ရန် ကျန်ရှိနေပါသည်ဟုလည်း ဖော်ပြထားပြီး အရေးပေါ်စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ်ဖွဲ့စည်း၍ စုံစမ်းမှုပြုကာ ပွင့်လင်းမြင်သာစွာ အဖြစ်မှန်ကို သတင်းထုတ်ပြန်ကြေညာပေးရန်လည်း တောင်းဆိုထားသည်။
အလျဉ်းသင့်၍ ပြောလိုသည်မှာ ထိုင်းနိုင်ငံ လိပ်ကျွန်း လူသတ်မှုတွင် မြေနိမ့်ရာလှံစိုက်ခဲ့သည်ဟု အများကယူဆခဲ့ကြသော မြန်မာအလုပ်သမား ၂ ဦးအရေးနှင့် ပတ်သက်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် သမ္မတ ဦးသိန်းစိန်တို့က ထိုင်းနိုင်ငံဝန်ကြီးချုပ်အား တရားမျှတမှုအတွက် တိုက်တွန်း ပြောကြားခဲ့သလို ယခု ကိုပါကြီး သတ်ဖြတ်ခံရမှုတွင်လည်း တရားမျှတမှုအတွက် ကိုယ်ကိုယ်တိုင် အပြောနှင့်အလုပ် လက်တွေ့ပြရန် လိုလာပြီဖြစ်သည်။
သို့ရာတွင် တပ်မတော်အနေဖြင့် အရပ်သားများအပေါ် ကျူးလွန်ခဲ့သော ရာဇဝတ်မှုများကို စစ်ခုံရုံးဖွဲ့ စစ်ဆေးအရေးယူခြင်းဖြင့်သာ ဖြေရှင်းနေဦးမည်ဆိုပါကလည်း နစ်နာဆုံးရှုံးရသူ အရပ်သားများအနေဖြင့် တရားမျှတမှုကို မခံစားရဘဲ လက်နက်ကိုင်တပ်ဖွဲ့က ဥပဒေအထက်တွင် ရှိမြဲရှိနေသည်ဟု အများပြည်သူက ဆက်လက်ထင်မြင်နေလိမ့်ဦးမည်။ ထို့ကြောင့် အများပြည်သူက လေးစားယုံကြည်ထိုက်သော အရပ်ဘက်-စစ်ဘက် ၂ ဘက်စလုံးမှ ပူးပေါင်းဆောင်ရွက်မည့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဖွဲ့စည်းပြီး ဖြစ်ရပ်မှန်ကို လေ့လာစူးစမ်းကာ တွေ့ရှိချက်များအား အများပြည်သူသိရှိစေရန် မကွယ်မဝှက် ထုတ်ပြန်သင့်သည်။ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားပါက အရပ်ဘက်တရားရုံးတွင် စစ်ဆေးကြားနာပြီး အများပြည်သူ လာရောက်ကြားနာခွင့်ပေးသင့်သည်။
သို့မှသာ တရားဥပဒေ အထက် မည်သူမျှ မရှိဟူသည် ပေါ်လွင်ထင်ရှားလာမည်ဖြစ်ပြီး တပ်မတော်တွင်းရှိ တရားလက်လွတ်ပြုမူမှုများကို မီးနီပြသကဲ့သို့ ဖြစ်မည်။ ဤသည်လျှင်ပင် အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးတွင် ယုံကြည်မှုတည်ဆောက်ခြင်းဖြစ်သလို ကိုပါကြီးအမှုဖြင့် ကျဆင်းသွားခဲ့သော တပ်မတော်၏ ဂုဏ်သိက္ခာကိုလည်း ပြန်လည်ဆယ်ယူနိုင်မည့် တခုတည်းသော နည်းလမ်းသာဖြစ်တော့သည်။