လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရန်အတွက် မွန် အမျိုးသမီးများ ဦးဆောင်သည့် အမျိုးသမီးပါတီကို ဖွဲ့စည်းခဲ့ပြီး အောက်တိုဘာလ ၁၄ ရက်နေ့က နေပြည်တော် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးသို့ တရားဝင် ဖွဲ့စည်းခွင့် မှတ်ပုံတင် လျှောက်ထားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ မြန်မာနိုင်ငံ အမျိုးသမီးများ၏ အခွင့်အရေးများကို အဓိက တောင်းဆိုသွားရန် ရည်ရွယ်ချက်များနှင့် ဖွဲ့စည်းခဲ့သည်ဟု ဆိုသော မြန်မာနိုင်ငံ၏ ပထမဆုံး အမျိုးသမီးပါတီနှင့် ပတ်သက်၍ အမျိုးသမီးပါတီ ဥက္ကဋ္ဌ မိလယိုင်မွန်ကို ဧရာဝတီအကြီးတန်း သတင်းထောက် သူဇာက ဆက်သွယ်မေးမြန်း ထားပါသည်။
မေး။ ။ အမျိုးသမီးပါတီ တည်ထောင်ဖြစ်ခဲ့ပုံကို ပြောပြပေးပါ။
ဖြေ။ ။ ကျမတို့ မွန်အမျိုးသမီး အဖွ့ဲတွေက ရှင်စောပုဆိုတဲ့ နာမည်နဲ့ အမျိုးသမီး လှုပ်ရှားမှုတွေ လုပ်နေတာပါ။ အဲဒီထဲမှာ တချို့က စီးပွားရေးကို ဝါသနာ ပါတယ်၊ တချို့က လူမှုရေး လုပ်ရတာ ဝါသနာပါတယ်။ ဝါသနာပါရာ အသီးသီး လုပ်ကြတယ်။ နောက်ပိုင်း နိုင်ငံရေး ဝါသနာပါတဲ့ အမျိုးသမီးတွေ ရှိလာပြီး ပါတီထောင်ဖို့ စိတ်ကူးမိ ကြတယ်။ လွှတ်တော် ထဲမှာ ကြည့်လိုက်ရင် အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍက အရမ်းအားနည်း နေတယ်။ အမျိုးသမီးတွေ ဆိုတာလည်း အမျိုးသား တွေထက် လုပ်နိုင်တာတွေ အများကြီးပါ။ ဒါကြောင့် အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို မြှင့်တင်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ ဒီအောက်တိုဘာ ၈ ရက် (သီတင်းကျွတ်လပြည့်နေ့) မှာ ပါတီ ဖွဲ့လိုက်တယ်။ အောက်တိုဘာလ ၁၄ ရက်နေ့မှာ နေပြည်တော် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို တရားဝင် လျှောက်ထားခဲ့ပါတယ်။
မေး။ ။ ဒီပါတီရဲ့ အဓိက ရည်ရွယ်ချက်က ဘာလဲ။
ဖြေ။ ။ ကျမတို့ အမျိုးသမီးတွေက လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ လွှတ်တော် ကိုယ်စားလှယ် ဝင်ရွေးချယ်ပြီး အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို မြှင့်တင်ပေးဖို့ပါ။ ကျမတို့ အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုလုပ်နိုင် တာတွေ ရှိပါတယ်။ နောက်ပြီး ပညာရေးပိုင်းမှာလည်း အမျိုးသမီးတွေက မညံ့ပါဘူး။ ဒါပေမယ့် အမျိုးသမီးတွေကို နေရာပေးဖို့ ကျတော့ အရမ်း နည်းပါးပါတယ်။ ဒါကြောင့် အမျိုးသမီးတွေ နိုင်ငံရေးထဲ ဝင်လာရင် အမျိုးသမီးတွေရဲ့ အရေးပါမှုကို အများကြီး တွေ့ရမှာပါ။ ဒီ ရည်ရွယ်ချက်တွေနဲ့ပါ။ ကျမတို့အနေနဲ့ အမျိုးသားရေးမှာလည်း အနှောင့်အယှက် မဖြစ်အောင်၊ အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေကိုလည်း ရရှိအောင် လုပ်ဆောင်မှာပါ။
မေး။ ။ အမျိုးသမီးတွေချည်းပါတဲ့ ပါတီဖွဲ့မယ် ဆိုတော့ ဘာအခက်အခဲတွေ တွေ့ရပါသလဲ။
ဖြေ။ ။ အခက်အခဲတွေတော့ အများကြီး ကြုံရပါတယ်။ အမျိုးသမီးတွေပဲ ပါတီဖွဲ့မယ်ဆိုတော့ ဘယ်အဖွဲ့အစည်း ကမှ ဘာအကူအညီမှ မရဘူး။ နောက်ခံစီးပွားရေး အနေနဲ့လည်း ဘာကျောထောက် နောက်ခံမှ မရရှိပါဘူး။ ကျမတို့ လုပ်နေတဲ့ စီးပွားရေးတွေနဲ့ပဲ ရပ်တည်ရတယ်။ နောက်ပြီး ဖွဲ့စည်းရေးမှာ ကူညီပေးတဲ့သူတွေ နည်းပါတယ်။ အမျိုးသမီးတွေ မလုပ်နိုင်ဘူး ထင်လို့ နေမှာပါ။ ကျမတို့ကတော့ အမျိုးသမီးတွေ ဘယ်လောက်အထိ လုပ်ဆောင်နိုင်တယ် ဆိုတာ ဒီပါတီကနေ ဆောင်ရွက်ပြသွားမှာပါ။
မေး။ ။ ပါတီနာမည်ကို ဘာကြောင့် အမျိုးသမီးပါတီလို့ ပေးဖြစ်ခဲ့တာလဲ။
ဖြေ။ ။ ပထမက မွန်အမျိုးသမီးတွေ တည်ထောင်တဲ့အတွက် မွန်အမျိုးသမီး ပါတီလို့ ပေးဖို့ စဉ်းစားခဲ့ကြ ပါတယ်။ နောက်တော့ မွန်အမျိုးသမီးလို့ ပြောလိုက်ရင် မွန်တိုင်းရင်းသား တခုတည်းကို ကန့်သတ်လိုက်သလို ဖြစ်သွားမယ်။ ကျမတို့ အမျိုးသမီးပါတီက တိုင်းရင်းသား အမျိုးသမီးတွေအားလုံးကို ကိုယ်စားပြု ဖွဲ့ချင်တဲ့အတွက် အမျိုးသမီးပါတီလို့ နာမည် ပေးလိုက်တာပါ။ ကျမတို့ရဲ့ အမျိုးသမီးပါတီဆိုတာက ပထမဆုံး အမျိုးသမီးတွေ ကိုယ်စားပြုတဲ့ ပါတီ ဖြစ်တဲ့အတွက် အမျိုးသမီးတွေ အားလုံးနဲ့ ပူးပေါင်း ဆောင်ရွက်သွားမှာပါ။ နောက်ပြီး တိုင်းရင်းသား အမျိုးသမီးတွေ၊ အဖွဲ့အစည်းတွေ အားလုံးကိုလည်း ပါတီဝင်အဖြစ် ဖိတ်ခေါ်သွားမှာပါ။
မေး။ ။ ဒီပါတီအပေါ် အမျိုးသမီးတွေရဲ့ စိတ်ဝင်စားမှုကရော ဘယ်လိုအခြေအနေ ရှိပါသလဲ။
ဖြေ။ ။ ကျမတို့ ပါတီဖွဲ့တယ်လို့ ကြားတဲ့ မွန်ပြည်နယ်က မြို့နယ် ၁၀ ခုစလုံးက အမျိုးသမီးတော်တော် များများ စိတ်ဝင်စားကြပါတယ်။ တချို့ မြို့နယ်တွေမှာဆို ပါတီဝင် ဖြစ်ချင်လို့ ကမ်းလှမ်းလာတာတွေ ရှိနေပါပြီ။ အဲဒီမြို့နယ် တွေမှာတော့ မြို့နယ်ကော်မတီတွေ ဖွဲ့စည်းပေးသွားဖို့ စီစဉ်နေပါတယ်။ နောက်ပိုင်း ဖွဲ့စည်းပုံ အသေးစိတ် ရေးဆွဲပြီးရင် ပါတီဝင် မဲဆွယ်စည်းရုံးပွဲတွေ ဆက်လုပ်သွားမှာပါ။ တခြား တိုင်းရင်းသား နယ်မြေတွေက အမျိုးသမီးတွေ ကိုလည်း ပါတီဝင်အဖြစ် စည်းရုံးသွားမှာပါ။
မေး။ ။ ပါတီရဲ့ ဖွဲ့စည်းပုံကိုရော ရေးဆွဲပြီးပါပြီလား။
ဖြေ။ ။ အခုက ပါတီရဲ့ ဖွဲ့စည်းပုံကို အကြမ်းဖျဉ်း ရေးဆွဲပြီးပါပြီ။ အသေးစိတ်ကို ဆက်ပြီး ရေးဆွဲသွားမှာပါ။ ကျမတို့ ပါတီက မွန်အမျိုးသမီးတင် မကဘဲ တိုင်းရင်းသားအားလုံးက အမျိုးသမီးတွေကိုပါ ရည်ရွယ်တဲ့အတွက် တိုင်းရင်းသား အားလုံးနဲ့ ဆိုင်တဲ့ ဖွဲ့စည်းပုံကို ရေးဆွဲသွားမှာပါ။ နောက်ပြီး ကျမတို့ ပါတီနဲ့ ဆက်သွယ်လာမယ့် အမျိုးသမီး အဖွဲ့အစည်း တွေကနေ ကျမတို့ ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံကို မကြိုက်ဘူး ပြန်ပြင်ဆင်ချင်တယ် ဆိုရင်လည်း ကျမတို့က အချိန်မရွေး ပြင်ဆင်ညှိနှိုင်းပေးဖို့ ရှိပါတယ်။
မေး။ ။ လာမယ့် ရွေးကောက်ပွဲမှာ ဘယ်နယ်မြေတွေကနေ အဓိက ယှဉ်ပြိုင်သွားမှာပါလဲ။
ဖြေ။ ။ ကျမတို့ကတော့ မြန်မာတနိုင်ငံလုံးကို ကိုယ်စားပြု ယှဉ်ပြိုင်သွားမှာပါ။ နောက်ပြီး ကျမတို့ မွန်လူမျိုးတွေများတဲ့
မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းမှာ အဓိက ယှဉ်ပြိုင်သွားဖို့ ရှိပါတယ်။ တိုင်းရင်းသား နယ်မြေတွေမှာလည်း အဲဒီ တိုင်းရင်းသား အမျိုးသမီးတွေ ပါတီဝင်လာရင် သူတို့နယ်မြေမှာ အဲဒီတိုင်းရင်းသားလူမျိုးတွေကို ယှဉ်ပြိုင်နိုင်အောင်လည်း ဆောင်ရွက်သွားမှာပါ။
မေး။ ။ ပါတီကို တရားဝင် မှတ်ပုံတင်လျှောက်တဲ့ အခါမှာ ဘာအခက်အခဲတွေ တွေ့ရပါသလဲ။
ဖြေ။ ။ ဘာအခက်အခဲမှတော့ မတွေ့ရပါဘူး။ ပါတီမှာပါတဲ့ အမှုဆောင်တွေက တိုင်းရင်းသား စစ်မှန်ရဲ့လားဆိုတဲ့ အထောက်အထား တွေတော့ တောင်းပါတယ်။ တခြား ဘာအခက်အခဲမှတော့ မရှိပါဘူး။
မေး။ ။ ပါတီရုံးချုပ်က ဘယ်မှာ ရှိပါသလဲ။
ဖြေ။ ။ လက်ရှိတော့ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ်မှာ ရှိတဲ့ ရှင်စောပုကုမ္ပဏီမှာ ယာယီရုံးချုပ် အဖြစ် ဖွင့်လှစ်ထားပါတယ်။