N-Peace Nework မှ ချီးမြှင့်သည့်ဆုများကို တခြားအာဆီယံ နိုင်ငံများမှ ငြိမ်းချမ်းရေး တက်ကြွလှုပ်ရှားသူများနှင့်အတူ မြန်မာ့အရေး တက်ကြွလှုပ်ရှားသူ အမျိုးသမီးနှစ်ဦးနှင့် နိုင်ငံရေးပြုပြင် ပြောင်းလဲရေးအတွက် တက်ကြွလှုပ်ရှားသည့် အဖွဲ့အစည်းတခုတို့က အောက်တိုဘာ ၂၄ ရက်နေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် လက်ခံယူခဲ့ကြောင်း သတင်းရရှိသည်။
ငြိမ်းချမ်းရေး တက်ကြွလှုပ်ရှားသူများဖြင့် ပါဝင်ဖွဲ့စည်းထားသည့် N-Peace အဖွဲ့အစည်းသည် နိုင်ငံပေါင်း ၆ နိုင်ငံတွင် လုပ်ကိုင်ဆောင်ရွက်လျက်ရှိပြီး အာရှ ၇ နိုင်ငံမှ တက်ကြွလှုပ်ရှားသူ ၁၁ ဦးကို အမျိုးသမီးရေးရာ၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကဏ္ဍများတွင် တက်ကြွစွာ ဆောင်ရွက်ခဲ့မှုများအတွက် ဆုချီးမြှင့်ခြင်း ဖြစ်သည်။ N-Peace Network အဖွဲ့သည် မြန်မာနိုင်ငံတွင် ရုံးဖွင့်လုပ်ကိုင်ခြင်း မရှိသေးသော်လည်း မြန်မာနိုင်ငံရှိ အဖွဲ့အစည်းများနှင့် ဆက်ဆံဆောင်ရွက်မှုများ ရှိနေပြီဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံမှ ဆုလက်ခံရရှိသူများသည် ဆုပေးပွဲ မတိုင်မီ ၂ ရက်ကြာ ကျင်းပသည့် N-Peace လုပ်ငန်းဆိုင်ရာ နှီးနှောဖလှယ်ပွဲသို့လည်း တက်ရောက်ခဲ့ကြသည်။
“ကျမတို့ အခု အာရှနိုင်ငံတွေရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်တွေမှာ ဖြစ်ပေါ်နေတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်ဖို့ အဖြေတွေကို ရှာဖွေကြံဆသွားကြမှာပါ” ဟု ဆုယူမည့် အဖွဲ့ခေါင်းဆောင်တဦးဖြစ်သူ နော်အုန်းလှက ဆုပေးပွဲမတိုင်မီ ဧရာဝတီသို့ ပြောခဲ့သည်။
နော်အုန်းလှ ဦးဆောင်လုပ်ကိုင်နေသည့် ရန်ကုန်မြို့ အခြေစိုက် Democracy and Peace Women Network (DPWN) ကို “Thinking Outside the Box” ဆု ချီးမြှင့်သွားမည်ဟု သိရသည်။ ၂၀၁၂ ခုနှစ်က နော်အုန်းလှနှင့် ဒေါ်သန္တာတို့ ၂ ဦး တည်ထောင်သော ယင်းအဖွဲ့အစည်းသည် တောင်သူလယ်သမားများအကြား လူ့အခွင့်အရေးနှင့် ပတ်သက်သော အသိပညာများ ဖြန့်ဖြူးပေးလျက်ရှိပြီး အိမ်တွင်း အကြမ်းဖက်မှုများအတွက်လည်း ကွင်းဆင်းစည်းရုံးရေး လုပ်ငန်းများ ပြုလုပ်လျက်ရှိသည်။
ပြီးခဲ့သည့် သီတင်းပတ်အစောပိုင်းတွင် ဒေါ်သန္တာသည် သတင်းယူရင်း ပျောက်ဆုံးနေသော ခင်ပွန်းဖြစ်သူနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သေးသည်။ အောက်တိုဘာ ၂၄ ရက်နေ့တွင် ပျောက်ဆုံးနေသော ခင်ပွန်းဖြစ်သူ အလွတ် သတင်းထောက် ဦးအောင်ကျော်နိုင် (ကိုပါကြီး) သည် အစိုးရစစ်တပ်၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရကြောင်း အတည်ပြု နိုင်ခဲ့သည်။
“အပယ်ခံလူတန်းစားအဖြစ် သတ်မှတ်ခံထားရတဲ့ သူတွေကြားမှာ အသိပညာတိုးပွားလာစေဖို့ ကျမတို့ဘက်က လုပ်ဆောင်စရာတွေ အများကြီး ရှိပါသေးတယ်။ ဘာလို့လဲဆိုတော့ ကျမတို့ နိုင်ငံက လူတွေဟာ အခုချိန်ထိ အာဏာပိုင်တွေရဲ့ ဖိနှိပ်မှုအောက်မှာ ရှိနေသေးပြီး လူ့အခွင့်အရေး ချိုးဖောက်တာတွေ ခံနေရဆဲဖြစ်လို့ပါ” ဟု နော်အုန်းလှက ပြောသည်။
DPWN အဖွဲ့သည် မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် အောက်ပိုင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် လုပ်ကိုင်လျက် ရှိကြောင်း သိရသည်။
တခြားသော ဆုရရှိသူများမှာ ငြိမ်းချမ်းရေးတက်ကြွလှုပ်ရှားသူ လူငယ်တဦးဖြစ်သည့် မဝေဝေနုနှင့် Minority Women’s Rights မှ လှုပ်ရှားသူတဦးဖြစ်သည့် မိခင်ခင်ကြူတို့ ဖြစ်သည်။
မဝေဝေနုသည် နိုင်ငံရေးအကျဉ်းသူဟောင်းတဦး ဖြစ်ပြီး အောက်ခြေလူတန်းစား အမျိုးသမီးများ၏ အခွင့်အရေးအတွက် လှုပ်ရှားနေသူတဦးလည်း ဖြစ်သည်။ မဝေဝေနုသည် “Peace Generation: Young Women and Men Building Peace” ဆုကို ပါကစ္စတန်မှ Shah Zaman နှင့်အတူ ပူးတွဲချီးမြှင့်ခံရသည်။
မိခင်ခင်ကြူ (ခေါ်) ကွန်ချမ်းနွမ်းမှာ မွန်တိုင်းရင်းသူ တဦးဖြစ်ပြီး “Untold Stories: Women Transforming Their Communities” ဆုကို အာဖဂန်နစ္စတန်၊ အင်ဒိုနီးရှား၊ နီပေါနှင့် ပါကစ္စတန်နိုင်ငံများမှ တခြားသော အမျိုးသမီး ၄ ဦးနှင့်အတူ ပူးတွဲချီးမြှင့်ခံရသည်။
N-Peacce ဆုကို ၂၀၁၁ ခုနှစ်မှစတင်၍ ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် (UNDP) က စတင်ခဲ့ခြင်းဖြစ်ပြီး အာရှ နိုင်ငံများအတွင်း အခြေခံအဆင့်မှ နိုင်ငံတကာအဆင့်သို့ ပြောင်းလဲ တိုးတက်လာစေရန် ဆောင်ရွက်နေကြသော တက်ကြွလှုပ်ရှားသည့် အမျိုးသား၊ အမျိုးသမီးများကို ဂုဏ်ပြုချီးမြှင့် မှတ်တမ်းတင်ရန် ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်းဖြစ်သည်ဟု သိရသည်။
အင်ဒိုနီးရှား၊ ပါကစ္စတန်၊ မြန်မာ၊ နီပေါ၊ အာဖဂန်နစ္စတန်နှင့် ဖိလစ်ပိုင် နိုင်ငံများရှိ N-Peace Network မှ ငြိမ်းချမ်းရေး တည်ဆောက်ရာတွင် ပါဝင် ဦးဆောင် လုပ်ကိုင်လျက်ရှိသော အမျိုးသား၊ အမျိုးသမီးများနှင့် လူထုပတ်ဝန်ကျင် ဖွံ့ဖြိုးရေး လုပ်ဆောင်နေကြသော အမျိုးသား၊ အမျိုးသမီးများကို အဓိကထား၍ ဆုများ ပေးအပ်ချီးမြှင့်လျက်ရှိသည်။