နိုင်ငံသား အခွင့်အရေး လုံး၀ ဖောက်ဖျက်ခံရတာ

ဧရာဝတီ

This article has been converted from Zawgyi One to Unicode

သတင်းလိုက်ရာမှ ပျောက်ဆုံးသွားခဲ့ပြီး ၁ လခန့်အကြာမှာ အစိုးရတပ်ကနေ ပစ်သတ်လိုက်ရပါတယ်ဆိုပြီး သတင်းထွက်ပေါ်လာတဲ့ အလွတ်တန်း သတင်းထောက် ဦးအောင်ကျော်နိုင် (ခေါ်) ကိုပါကြီး ကိစ္စဟာ ယနေ့ ဂယက်အရိုက်ဆုံး သတင်း ဖြစ်နေပါတယ်။ ကိုပါကြီး ပစ်သတ်ခံရကြောင်း သတင်းထွက်ပေါ်ချိန်မှာ ဇနီးဖြစ်သူ ဒေါ်သန္တာဟာ ထိုင်းနိုင်ငံမှာ ငြိမ်းချမ်းရေး တက်ကြွလှုပ်ရှားမှုအတွက် N-Peace Network က ပေးတဲ့ဆု လက်ခံရယူမယ့်အဖွဲ့နဲ့ ရောက်ရှိနေခဲ့ပါတယ်။ ရန်ကုန်မြို့ကို ပြန်လည် ရောက်ရှိနေပြီဖြစ်တဲ့ ဒေါ်သန္တာကို ဧရာဝတီ အကြီးတန်းသတင်းထောက် ထက်နိုင်ဇော်က သွားရောက်တွေ့ဆုံ မေးမြန်းထားပါတယ်။

မေး ။     ။ ကိုပါကြီး ကိစ္စ မော်လမြိုင်ကို သွားခဲ့တဲ့ အတွေ့အကြုံနဲ့ အဲဒီမှာ ဘယ်လို ဖြစ်ခဲ့တယ်၊ နောက်ပြီး ဘာတွေ ဆက်လက် ဆောင်ရွက်မလဲဆိုတာ သိပါရစေ။

ဖြေ ။      ။ အစ်မ ကျိုက်မရောကိုသွားတာ ၁၉ ရက် (အောက်တိုဘာ) ကတည်းက သွားတာ။ အဲဒါက ပထမ အကြိမ် သွားတာပေါ့ ။ ကိုပါကြီး ပျောက်ဆုံးပြီဆိုတဲ့ သတင်းကို လူမှု ကွန်ရက် Facebook ကနေ သိရတော့ အစ်မက ထိုင်းနိုင်ငံ၊ ချင်းမိုင် ရောက်နေတော့ ၄ ရက် (အောက်တိုဘာ) နေ့ လောက်မှ သိတယ်။ ၄ ရက်နေ့မှာ သိပြီးတော့ အစ်မ ပြန်ရောက်တာက ၁၅ ရက်နေ့မှ ပြန်ရောက်တယ်။ အစ်မ ၁၉ ရက်နေ့ ဆင်းပြီး လိုက်သွားတယ်။ ဘာဖြစ်လို့ လိုက်သွားတာလဲဆိုတော့ အစ်မမှာ ဂျာနယ်တွေ ပါသွားတယ်။ ပြည်တွင်း ဂျာနယ်တွေမှာပါတဲ့ ၂၀၈ တပ်ရင်းက ဗိုလ်ကြီး စန်းမင်းအောင် ခေါ်သွားတယ်လို့ (မွန်ပြည်နယ်) နယ်စပ်ဝန်ကြီးက ပြောပါတယ်လို့ ပါတယ်။ အဲဒါနဲ့ အစ်မ လိုက်သွားတယ်။ ဒီစာလည်း ပါသွားတယ်။

၂၀၈ တပ်ရင်း ရောက်သွားတော့ ဗိုလ်ကြီး စန်းမင်းအောင်နဲ့ အစ်မ ထိပ်တိုက် တွေ့ရတယ်ပေါ့။ တွေ့တော့ အစ်မက မေးတယ်။ ကျမ ကိုပါကြီး ဇနီးပါ။ ကိုပါကြီးကို ၂၀၈ တပ်ရင်းက ဖမ်းသွားတယ်ဆိုလို့ ကျမ လာတာ၊ ဒီမှာ ဂျာနယ် ပါတယ်၊ ဒီဂျာနယ်အတိုင်း ကျမလိုက်လာတာ ။ ကျမ အမျိုးသားဟာ DKBA မဟုတ်ဘူး။ လက်နက်ကိုင် မဟုတ်ဘူးဆိုတာ ကျမမှာ သက်သေပြစရာ အစုံအလင် ရှိပါတယ်။ အဲဒီတော့ ဗိုလ်ကြီးတို့ အနေနဲ့ ဘယ်လို ရှင်းစေချင်သလဲ။ ကျမကို တရားရုံးက ရှင်းစေချင်ရင် ကျမ ယောက်ျားအတွက် တရားရုံးက ရှင်းမယ်။ ကျမ တွေ့ချင်တယ်၊ ကျမကိုတွေ့ခွင့် ပေးပါဆိုတော့ သူကပြောတယ်။ ကျနော် ၂၈ ရက်နေ့က ကိုပါကြီးကို ဖမ်းတုန်းက ကျနော် ပါပါတယ်။ ဒါပေမယ့် အခု သူဘယ်မှာရှိမှန်း ကျနော် မသိပါဘူးလို့ သူကပြောတယ်။

ဖမ်းတဲ့တုန်းက နယ်/လုံ (နယ်စပ်ရေးရာ လုံခြုံရေး) ဝန်ကြီးကိုယ်တိုင် ၂၀၈ တပ်ရင်းအထိ သူလိုက်လာပါတယ်လို့ ပြောတော့ ကျမတို့ကို ကူညီတဲ့ ကျမရယ်၊ ဒေါ်နော်အုန်းလှရယ်၊ မွန်အမျိုးသားပါတီက ဗဟိုအလုပ်အမှုဆောင် ၃ ယောက် လည်းရှိတယ်။ အဲဒီမှာ မွန်အမျိုးသားပါတီက ဗဟိုအလုပ် အမှုဆောင် တယောက်ဖြစ်တဲ့ နိုင်စိုးမြင့်က ဖုန်းနဲ့ နယ်/လုံ ဝန်ကြီးဆီ တိုက်ရိုက်ဆက်တယ်။ ကျမတို့ စပီကာဖွင့်ပြီး ပြောတယ်။ ဗိုလ်ကြီး စန်းမင်းအောင် ရှေ့တင် ဝန်ကြီး ကျနော်တို့ ဗိုလ်ကြီး စန်းမင်းအောင်ရှေ့ကို ရောက်နေပြီ၊ ဗိုလ်ကြီး စန်းမင်းအောင်က ပြောတယ်၊ ဖမ်းတုန်းက နယ်/လုံ ဝန်ကြီးလည်း ပါတယ်၊ နယ်လုံ/ဝန်ကြီးလည်း မေးဆိုတော့ ဘာလဲ ငါသိတာ ဒါအကုန်ပဲ။ ငါနေမကောင်းဘူး။ ဘယ်သူနဲ့မှ အတွေ့မခံနိုင်ဘူး။ နင်တို့ ဒါထက်သိချင်ရင် အရှေ့တောင်ပိုင်းတိုင်း စစ်ဌာနချုပ် ကိုသွားမေး၊ အဲဒီတော့ ဗိုလ်ကြီး စန်းမင်းအောင်ကလည်း ပြောတယ်၊ ဟုတ်ပါတယ် အရှေ့တောင်ပိုင်းတိုင်း စစ်ဌာနချုပ်ကို မေးတာက ပိုကောင်းပါတယ်၊ အကောင်းဆုံးပါပဲ၊ သွားမေးပါလို့ ပြောတယ်။

အဲဒါနဲ့ ကျမတို့ ထွက်လာတယ်၊ ထွက်လာပြီး နေ့လည်လောက်မှာ ကျမတို့ ကျိုက်မရောမြို့မ ရဲစခန်းကိုဝင်ပြီး ကျမတို့ အမှုဖွင့်တယ်။ လူပျောက်မှုနဲ့ ကျမ စတိုင်ပါတယ်။ ကျမ ယောက်ျားကို လူပျောက်မှုနဲ့ Procedure အတိုင်း တိုင်တာပါ။ တကယ့် တကယ်ဆို ကျမက မတရားဖမ်းဆီးမှုနဲ့ပဲ ဆက်တိုင်မှာ။ ဒါပေမယ့် သူတို့ကပြောတယ်၊ ရဲလုပ်ထုံးလုပ်နည်းအရ တပတ်နေရင် လာခဲ့ပါ။ ပိုပြီးတော့ Procedure ကျပါတယ်။ တပတ်နေရင် အမှုဖွင့်ပါ။ ဘာဖြစ်လို့လဲဆိုတော့ ဖမ်းတဲ့သူက ဖမ်းတယ်ဆိုတဲ့ သက်သေ ကျမမှာ လူ ၅ ယောက်ရှိနေပြီ။ အဲဒီအတွက် ဘယ်မှာထားလဲမသိဘူး ဆိုရင် မတရားဖမ်းဆီးမှုနဲ့ ကျမ နောက်တပတ်နေရင် လာပြီး အမှုဖွင့်ပါလို့ ၁၉ ရက် (အောက်တိုဘာ) နေ့က ပြောတယ်။ အဲဒါနဲ့ ကျမပြန်လာတယ်။

ထိုင်းနိုင်ငံမှာ အစ်မတို့ အမျိုးသမီး ကွန်ရက်က ဆုရလို့ အစ်မတို့ သွားယူတယ်။ ဟိုမှာ ရောက်နေတဲ့ ဆုယူတဲ့ နေ့မှာပဲ ကိုပါကြီး ဆုံးပြီဆိုတဲ့ သတင်းက ဒီမီဒီယာတွေကနေတဆင့် သိတယ်။ စစ်တပ်က ထုတ်ထားတဲ့ ထုတ်ပြန်ချက်ဆိုတော့ အစ်မပြန်လာတယ်။ ပြန်လာပြီးတော့ မနေ့ (အောက်တိုဘာ ၂၅ ရက်နေ့) က အစ်မ ရောက်တယ်၊ ချက်ချင်း အစ်မ ကျိုက်မရောကို ဆင်းသွားတယ်။ ၂၅ ရက်နေ့မှာ ရောက်တယ်၊ ချက်ချင်း ဆင်းသွားတယ်၊ မနေ့က ကျိုက်မရောမှာ အစ်မ လူပျောက်ကိစ္စကို စမေးတယ်။ အစ်မ Procedure အတိုင်းပဲ၊ သူတို့က ပြတယ်၊ ဒီမှာ ဒီသတင်း ပါလာတဲ့အတွက်ကြောင့် လူပျောက်မှု စစ်ဆေးတာ ရပ်စဲလိုက်ပါပြီတဲ့။ ရပ်စဲလိုက်ပြီဆိုတာနဲ့ ပိတ်သိမ်း လိုက်တာလား၊ ကျမကို ရပ်စဲလိုက်ပြီဆိုတဲ့ စာထုတ်ပေးပါ၊ လူပျောက်ကို ဘာကြောင့် ရပ်စဲလဲ၊ စာကတော့ သူတို့ မထုတ်ပေးနိုင်ဘူးတဲ့။

ဒါဆို ကျမ အမှုနောက်ထပ် ထပ်ဆွဲဖို့၊ အမှုဖွင့်ဖို့၊ သူတို့ အမှုဖွင့်မပေးနိုင်ဘူးတဲ့။ ကျမ ၉ နာရီ ၁၅ မိနစ်မှာ  ကျိုက်မရောမြို့မ ရဲစခန်းကို ရောက်တယ်။ ဒါပေမယ့် စခန်းမှူး အပြင်သွားနေလို့ဆိုပြီး ၉ နာရီ ၄၅ မိနစ်မှ ကျမ တွေ့ရတယ်။ အဲဒီတော့ ကျမကို အမှုဖွင့်မပေးနိုင်ဘူး၊ အထက်က ညွှန်ကြားထားလို့ ဆိုပြီး ပြောတယ်။ ကျမက ညွှန်ကြားထားတဲ့ အထက်အဖွဲ့အစည်းရဲ့ နာမည်ကို ပြောပြပါဆိုတော့ အထက်အဖွဲ့အစည်းရဲ့ နာမည်ကို သူ မပြောပြနိုင်ဘူးတဲ့၊ အဲ့လိုပြောတယ်။  ဒါဆိုလို့ရှိရင် ရတယ်၊ ကျမကို ဒီမှာ အမှု ဖွင့်ခွင့်မပေးရင် ခရိုင်ကို သွားဖွင့်မယ်လို့ ကျမပြောလိုက်တယ်။ ပြောလိုက်တဲ့ အချိန်မှာ ကျမခရိုင်ကို သွားတယ်။ ခရိုင်ကို မဝင်သေးဘဲနဲ့ ကျမ မွန်အမျိုးသားပါတီကို ခဏဝင်ပြီးတော့ ကျမကို ကူညီမယ့် ရှေ့နေ၊ ကျမကို လိုက်ပါဆောင်ရွက်ပေးမယ့် ရှေ့နေ ဦးရောဘတ်စန်းအောင်ကို ဖုန်းဆက်ပြီး ဆရာရဲ့ ညွှန်ကြားချက်နဲ့ ဆရာ နှုတ်တိုက်ချပေးတာကို လိုက်ရေးပြီးတော့ ကျမတို့ တိုင်စာရေးတယ်။

တိုင်စာရေးပြီးတော့ ကျမတို့ ခရိုင်ရုံးကိုသွားတော့ ခရိုင်ရဲမှူးဆီ သွားတဲ့အခါမှာ ညနေ ၃ နာရီခွဲရှိပြီ။ ခရိုင်ရဲမှူးက လမ်းကြောင်းလိုက်နေလို့ဆိုပြီး ကျမကို ၄ နာရီ ၁၅ မိနစ် အထိ စောင့်ခိုင်းတယ်။ ၄ နာရီ ၁၅ မိနစ်ကျမှ ဖုန်းနဲ့ အမှု ဖွင့်ခွင့် ပေးပါပြီလို့ ပြောတယ်။ ပြီးတော့ ကျမကို ကျိုက်မရော မြို့မ ရဲစခန်းမှာပဲ ပြန်ဖွင့်လို့ ပြောတယ်၊ အဲဒီတော့ ကျမ ၄ နာရီခွဲ မော်လမြိုင်ကနေ ထွက်တယ်။ မြို့မရဲစခန်းကို ပြန်သွားတယ်။ ကျိုက်မရောမြို့ကို ရောက်တော့ ကျမတို့ကို ညနေ ၆ နာရီခွဲမှ အမှုဖွင့်ခွင့်ကို ပေးပါတယ်။ အဲဒါက ၁၁/၂၀၁၄ သေမှုသေခင်းနဲ့ပါ။ ကျမနောက်ထပ် ပုဒ်မတွေနဲ့ စွဲဆိုစရာတွေကိုတော့ ရှေ့နေ ဦးစန်းအောင်နဲ့ တိုင်ပင်ပြီး ဆက်တိုက် စွဲဆိုသွားမှာပါ။

မေး ။     ။ ဘယ်လို ပုဒ်မမျိုး ဘယ်လိုအမှုမျိုး တပ်ပြီး စွဲဆိုချင်ပါသလဲ။

ဖြေ ။      ။ အဲဒါက ပုဒ်မက ရဲတပ်လိုက်မယ်ဆိုတော့ ကျမတို့ ပုဒ်မ ပြောလို့မရဘူး။ ကျမတို့ စွဲဆိုချင်တာကတော့ ကျမတို့ရဲ့သဘောကတော့ မတရားဖမ်းဆီးမှု၊ ညှင်းဆဲသတ်ဖြတ်မှု၊ အလောင်းဖျောက်ဖျက်မှု။ ဒီသုံးခုကို စွဲချင်ပါတယ်။

မေး ။     ။ အန်တီ ဖြေတဲ့အထဲမှာ အထက် ညွှန်ကြားချက်ကြောင့်လို့ ရဲစခန်းက ပြောတယ်ဆိုတော့ သူတို့ ရဲဌာနကိုလည်း အာဏာပိုင် အဖွဲ့အစည်းတခုခုက ဖိအားပေးနေတဲ့သဘော မြင်ရတယ်ပေါ့။

ဖြေ ။      ။ သူ (ရဲစခန်းမှူး) ကိုယ်တိုင်လည်း ပြောပါတယ်။ ကျမ ရှေ့မှာ၊ ကျမ သူ့ကိုပြောပါတယ်၊ ကျမဟာ ဒုက္ခသည်ပါ၊ ကျမဟာ မုဆိုးမပါ။ ကိုပါကြီးက ဆုံးသွားပြီ။ ဒါပေမယ့် ကျမဟာ သားသမီး ၃ ယောက်အတွက် ဖြေရှင်းချက်တွေ ပေးရမယ်။ သူ့အဖေ ဘာကြောင့်သေသလဲ၊ သူ့အဖေ ဘယ်လိုဖြစ်လို့ သေလဲဆိုတာကို ကျမ ဖြေရှင်းချက်တွေ ပေးရမယ်။ ကျမ နိုင်ငံသားတယောက်က ဥပဒေအကူအညီ ရယူရမယ်ထင်လို့ ဒီကိုလာတယ်။ ပြစ်မှုနဲ့ ပတ်သက်လာရင် ရဲစခန်းပဲ တိုင်ရရိုးထုံးစံ ရှိတယ်။ အထက်ကို တိုင်ပါဆိုတာက၊ အထက် အဖွဲ့အစည်း အဆင့်ဆင့်ကို သွားတိုင်ပါဆိုတာက အထက်အဖွဲ့အစည်း အဆင့်ဆင့်က ကျမ ပြစ်မှုပြစ်ဒဏ်က လွှတ်တော်ကို တိုက်ရိုက်တိုင်ခွင့်မရှိဘူး။ ကျမ ရဲစခန်းပဲ တိုင်ခွင့်ရှိတယ်၊ ဒါကြောင့် ကျမ ရဲစခန်းကို အားကိုးတကြီးနဲ့ လာတာ။ ရှင်တို့က နှမချင်း မစာနာဘူးလား၊ မိခင်ချင်း မစာနာဘူးလား၊ ကျမကို ကိုယ်ချင်း မစာနာဘူးလား၊ မြန်မာနိုင်ငံသားချင်း မစာနာဘူးလားလို့ ကျမက သူ့ကို ငိုလည်း ငို ပြောလည်း ပြောတော့ သူ (ရဲစခန်းမှူး) လက်တွေတုန်ပြီးတော့ ပြောပါတယ်။ ကျနော့်မှာ ဖိအားတွေ အများကြီး ရှိနေပါတယ်၊ ဒါ ကျနော့်ကို နားလည်ပေးပါ။ ကျနော် အင်မတန် ကိုယ်ချင်းစာပါတယ်။  ကျနော် အရမ်း ဖွင့်ပေးချင်ပါတယ်။ ဒီစကားပဲ သူပြောပါတယ်။ ဒါပေမယ့် သူဖွင့်မပေးနိုင်ဘူးလို့ ပြောပါတယ်။

မေး ။     ။ အစ်မ အနေနဲ့ ဒီဖြစ်စဉ်အပေါ်မှာ နိုင်ငံသားတယောက်အနေနဲ့ လူ့အခွင့်အရေး ဆုံးရှုံးတာလား။ တရား ဥပဒေစိုးမိုးမှု မရှိတာနဲ့ လူ့အခွင့်အရေး ကိစ္စတွေမှာ ဘယ်လောက် နစ်နာတယ်လို့  ခံစားရပါသလဲ။

ဖြေ ။      ။ နစ်နာတာကတော့ အခု ကိုပါကြီးလည်း နစ်နာသွားတာပဲ။ အပြစ်ရှိတယ်ဆိုရင် ရုံးစွဲတင်လိုက်၊ တရားဥပဒေ အရ ရှင်းမယ်။ ဒါဟာ သူ့နိုင်ငံသားအခွင့်အရေး လုံး၀ ဖောက်ဖျက်ခံရတာပေါ့။ နောက်တခါ ကျမ ကျတော့လည်း ကိုပါကြီး ဇနီးမို့လို့၊ လူသာမာန် လူတွေဟာ ကိုယ့်အိမ်က ပစ္စည်းအခိုးခံရတယ်ဆိုပြီး သွားကြည့်၊ ကျိုက်မရော ရဲစခန်းက ဖွင့်ပေးလိုက်မှာပါ။ ရိုက်မှုဖြစ် ဖွင့်ပေးလိုက်မှာပါ။ ဒါပေမယ့် ကျမကျတော့ ဖွင့်ခွင့် မပေးဘူး။ ကျမကို ကိုပါကြီး ဇနီးမို့လို့ ထပ်ပြီး လူ့အခွင့်အရေး ထပ်ဖောက်တယ်။ ထပ်ဖောက်ဖျက်တယ်၊ ကျမတင် မဟုတ်ဘူး၊ ကျမတို့ မိသားစုရော သားသမီးတွေအားလုံး ပါဝင်နေတယ်။ ဒီအမှုမှာ ကျမတို့က နစ်နာသူ မိသားစု ၊ ကျမတို့ မိသားစုဟာ သီးသန့် ခွဲခြားဆက်ဆံခံနေရသလို၊ ဥပဒေအရ ဖောက်ဖျက်ခံရသလို ဖြစ်နေတယ်။  မနေ့က ကျမ တချိန်လုံး ပြေးနေရတယ်၊ ညနေ ၆ နာရီခွဲမှ အမှု ဖွင့်ခွင့်ပေးတယ်။ ငြင်းခံရတယ်၊ နှောင့်နှေး ကြန့်ကြာမှုတွေ အများကြီးတွေ့ရတယ်။ သွားရာ လမ်းတလျှောက်မှာ ထောက်လှမ်းရေး အဆင့်ဆင့်ရဲ့ လိုက်ပါ စောင့်ကြပ်ကြည့်ရှုမှုတွေ၊ အနီးကပ် ဓာတ်ပုံရိုက်မှုတွေ။ ဒါဟာကျမရဲ့ လူ့အခွင့်အရေး ဆုံးရှုံးမှုတွေဟာ အကြီးမား ဆုံးဆုံးရှုံးမှုတွေပဲ။ ကျမ လုံခြုံမှုကရော ဘယ်မှာလဲ၊ ဘယ်သူက အာမခံမလဲ၊ နောက်တကြိမ် ကျိုက်မရောကို သွားဆင်းပြီးတော့ တရားစွဲရင် ကျမလုံခြုံမှုတွေက ဘယ်မှာလဲ။ မော်လမြိုင် စဆင်းတဲ့ ညကတည်းကိုက၊ ၂၅ ရက်နေ့ ညကတည်းကိုက တိုးဂိတ်တိုင်း တိုးဂိတ်တိုင်းမှာ လူစာရင်းနဲ့ နာမည်နဲ့ တိုက်စစ်ဆေးမယ်ဆိုတဲ့ တက်လာတဲ့ ရဲတပ်ဖွဲ့ဝင်တွေမှာ တယောက်မှာ အကြပ်မပါဘူး၊ အရာရှိတွေကြီးပဲ။ ဒီလိုမျိုး။ ကျမ မေးကြည့်တယ်၊ ဘေးပတ်ဝန်းကျင်ကို၊ တခါမှ မကြုံဖူးဘူးတဲ့၊ ဒီနေ့ပဲ ကြုံဖူးတယ် ဆိုတော့ ကျမရဲ့ လုံခြုံမှုတွေ ဘယ်မှာလဲ။ ကျမ နောက်ထပ် ကျိုက်မရော ဆင်းသွားပြီး တရားစွဲဆိုရင်ရော ကျမအတွက် ဘာတွေ ထပ်ဖြစ်လာမလဲ၊ ဘယ်သူ့မှ ကျမကို အာမခံချက် မပေးနိုင်ဘူး။ ဒါ ကျမ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတာပါ။

မေး ။     ။ ဒီလိုဆိုရင် ရှေ့ဆက်ပြီးတော့ ဘယ်လိုလုပ်ဆောင်သွားဖို့ ရှိသလဲ၊ အလောင်းပြန်ရရှိရေးပဲ ဖြစ်ဖြစ်ပေါ့။

ဖြေ ။      ။ အခု ဆိုရင်တော့ ကျမတို့ သေမှုသေခင်း ဖွင့်ထားပြီးပြီ။ သေမှုသေခင်း ဖွင့်ထားရင် ရဲက ဒီဟာကို သူတို့ ပြန်ဖော်ရလိမ့်မယ်။ မှုခင်းဆရာဝန်ကြီးရဲ့ ဆေးစစ်ချက်တွေယူရမယ်။ ကျမတို့ တိုင်တန်းတဲ့ သေမှုသေခင်း ဖွင့်ခွင့် အထဲမှာလည်း ကျမတို့ သူရဲ့ မွေးရပ်ဌာနေ၊ သူတို့ မိသားစုတွေကို သူရဲ့ မွေးရပ်ဌာနေမှာ ပြန် သဂြုႋလ်ချင်ပါတယ်လို့ ကျမတို့ ထည့်ထားတာလည်း ပါတယ်။ ချက်ချင်းတော့ ဒီကိစ္စမပြီးသေးပါဘူး၊ စုံစမ်းဦးမယ်လို့ ကျမတို့ ပြောတယ်။ ကျမတို့ ဘယ်လောက်အချိန်ထိ ရှိမလဲ။ ဒါပေမယ့် ကျမတို့ ငြိမ်နေလို့တော့ မဖြစ်ဘူး။ အချိန်တွေက သိပ်ကြာနေပြီ၊ ကျမတို့ သူတို့ကို မြန်မြန်ဆန်ဆန် ဖြစ်အောင်တော့ ဝိုင်းပြီးတော့ သူတို့ကို တွန်းအားပေးဖို့တော့ လိုတယ်။ အဲဒီမှာ ကျမရဲ့ တယောက်တည်း အားနဲ့တော့ မဖြစ်ဘူး။ အားလုံး မနေ့က စုပေါင်းပြီး ကျမကို ကူညီကြတဲ့ ပါဝင်ကြတဲ့ အဖွဲ့အစည်းတွေ၊ ကျောင်းသား ခေါင်းဆောင်တွေ၊ နိုင်ငံရေးခေါင်းဆောင်တွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ ပြည်သူတွေ၊ အခြား အခြားသော အဖွဲ့အစည်း အသီးသီးအားလုံး ကျမကို ပူးပေါင်းပါဝင်ကြပါလို့ ကျမကလည်း အကူအညီတောင်းချင်ပါတယ်။ ဒါမှလည်း အမှုမှန်ပေါ်ပေါက်ဖို့၊ နောက် အလောင်းပြန်လည် ရရှိဖို့ရယ်၊ စုံစမ်းစစ်ဆေးရေး၊ လွတ်လပ်ပွင့်လင်း မျှတတဲ့ စုံစမ်းစစ်ဆေးရေး ကော်မတီတရပ် ပေါ်ပေါက် စစ်ဆေးပေးဖို့ရယ်၊ နောက်ပြီးတော့ တကယ် ကျူးလွန်တဲ့ သူတွေကို အရပ်ဖက် တရားရုံးက အမှု မှန်မှန်ကန်ကန် စိစစ်ပေးဖို့ ဒီ ၃ ခုက အားလုံးဝိုင်းပြီး ကြိုးစားမှ ရမှာပါ။

မေး ။     ။ ကျနော်တို့ တိုင်းပြည်က ဒီမိုကရေစီကိုသွားနေတယ် ဆိုပြီးတော့ ကြေညာထားတယ်။ ဒါပေမယ့် ဒီဖြစ်ရပ်ကျတော့ ဒီမိုကရေစီ ဆန့်ကျင်ဘက်ဖြစ်နေတယ်။ အဲဒီတော့ အစ်မအနေနဲ့ မီဒီယာကနေ တဆင့် သမ္မတကြီးနဲ့ ကာကွယ်ရေးဦးစီးချုပ်ကို ဒီနေရာကနေ ဘာများ ပြောချင်ပါသလဲ။

ဖြေ ။      ။ ကျမ ပြောချင်တာကတော့ ကျမတို့ နိုင်ငံသားတွေကို အုပ်ချုပ်သူက မိခင်၊ ဖခင် သဖွယ် ထားရမယ်လို့ ဆိုတယ်၊ ကျမတို့ အရှေ့အရှေ့က ထားခဲ့တဲ့ မင်းကျင့်တရားတွေမှာလည်း ပါတယ်။ အခု နောက်ပိုင်း ဒီမိုကရေစီ စံနှုန်းစံထားတွေမှာလည်း ဒီလိုပဲ နီးပါးဆိုတယ်။ အဲဒီတော့ တကယ့် တကယ်ကကျတော့ နိုင်ငံသား တယောက် ဥပဒေမဲ့ ပိုးစိုးပက်စက် ဖြစ်တယ်ဆိုတာဟာ တာဝန် အရှိဆုံးပုဂ္ဂိုလ်ဟာ သမ္မတပဲ ဖြစ်တယ်။ နောက်ထပ် စစ်တပ်က ကျူးလွန်တဲ့အတွက် ကာကွယ်ရေးဦးစီးချုပ်မှာ တာဝန်ရှိတယ်။ ကာကွယ်ရေး ဦးစီးချုပ် လည်း ခဏခဏ တဖွဖွ ပြောတယ်၊ သမ္မတကြီးကလည်း ပြောတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေးစားရမယ်၊ လိုက်နာရမယ်၊ ကာကွယ်ရမယ်တဲ့။ ဒါပေမယ့် သူ့နိုင်ငံသားတယောက်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲက နိုင်ငံသား အခွင့်အရေး ချိုးဖောက်ပြီးတော့ ဥပဒေမဲ့လုပ်ရပ် သူ့ကို ဖမ်းတယ်၊ တရားရုံးမှာ ရမန် မယူဘူး၊ ရဲစခန်းမှာ အမှုမဖွင့်ဘူး၊ သိမှ ပိုးစိုးပက်စက် သေတယ်။ ဒီဟာကို ဘယ်လို ဖြေရှင်းပေးမလဲ ကျမသိချင်တယ်။

ဖြေရှင်းပေးဖို့လည်း ကျမ တောင်းဆိုချင်တယ်။ ဒီနေရာမှာ သမ္မတကြီးရော၊ ကာကွယ်ရေးဦးစီးချုပ်ရော သိစေချင်တာက အခုချိန်မှာ ကိုပါကြီး မိသားစုတစုတည်း မဟုတ်တော့ဘူး၊ အရင်တုန်းက ပျောက်ခါစ၊ ကိုပါကြီး သေဆုံးခါစက ကိုပါကြီးမိသားစု တစုတည်းလို့ ပြောနိုင်မယ်၊ အခု နိုင်ငံရေးသမားအားလုံး၊ တက်ကြွလှုပ်ရှားသူ အားလုံး၊ ပြည်သူ အားလုံးကို သူဖြေရှင်းပေးရတော့မယ်။ ကျမတို့ မိသားစုကြီးပဲ ကျေနပ်လို့ မရတော့ဘူး၊ ပြည်သူအားလုံး ကျေနပ်တဲ့အထိ သူတို့ ဖြေရှင်းပေးပါ။ တာဝန်ယူမှု၊ တာဝန်ခံမှု လုပ်ပေးပါ၊ တကယ် ကျူးလွန်တဲ့သူတွေကို အပြစ်ဒဏ်ပေးပါ။ ဒါမှ ဒီမိုကရေစီနိုင်ငံ၊ ဒီမိုကရေစီစနစ် ဆိုတာကို ကျမယုံမယ်၊ ပြည်သူကလည်း ယုံမယ်၊ နိုင်ငံတကာကလည်း ယုံလိမ့်မယ်။

Loading