မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် စစ်တပ်၏ ဖမ်းဆီးထိန်းသိမ်းခံနေရစဉ်ကာလအတွင်း သေဆုံးသွားသော သတင်း ထောက် ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီးအမှုနှင့်ပတ်သက်၍ ဇနီးဖြစ်သူ ဒေါ်သန္တာ၏ တိုင်တန်းချက်ကို ကျိုက်မရော မြို့နယ်ရဲစခန်းက လက်ခံအမှုခွင့်ပေးလိုက်ပြီး မိသားစုမပါဘဲ အလောင်းဖော်ရန် ပြင်ဆင်လျက်ရှိကြောင်း သိရှိရသည်။
ကိုပါကြီးသေဆုံးမှုနှင့်ပတ်သက်ပြီး ဇနီးဖြစ်သူ ဒေါ်သန္တာက ကျိုက်မရောမြို့နယ်ရဲစခန်းတွင် အောက်တိုဘာလ ၂၆ ရက်နေ့ နံနက်ပိုင်းက သွားရောက်အမှုခွင့်ခဲ့သော်လည်း ရဲစခန်းက အမှုမဖွင့်ပေးခဲ့ဘဲ ငြင်းဆန်ခဲ့ကြောင်း၊ အောက်တိုဘာလ ၂၆ ရက်နေ့ ညနေပိုင်းတွင် ရဲစခန်းက ကိုပါကြီးသေဆုံးမှုကို သေမှုသေခင်း အမှတ်စဉ် ၁၁/ ၂၀၁၄ ဖြင့် အမှုဖွင့်ခွင့် ပေးခဲ့ ကြောင်း သိရှိရသည်။
“ကျိုက်မရော မြို့မ ရဲစခန်းက ဒုရဲမှူး တင်ဦးက ပြောပါတယ်။ အမှုဖွင့်တာ လက်မခံပါဘူး။ ဘာဖြစ်လို့လဲ ဆိုရင် ဒီအမှုကို အမှုလာဖွင့်ရင် လက်မခံပါနဲ့လို့ အထက်အဖွဲ့က ညွှန်ကြားထားလို့ပါလို့ ပြောပါတယ်။ ဒီအမှု က အကြီး ကြီး ဖြစ်သွားပါပြီတဲ့ တကယ်လို့ တိုင်ချင်တယ်ဆိုရင်မြန်မာနိုင်ငံမှာ ရှိတဲ့ အကြီးဆုံး ပုဂ္ဂိုလ်တွေကို တိုင်ပါလို့ ပြောပါတယ်။ ဒါနဲ့ ကျမတို့လည်း ခရိုင်ရဲစခန်းကို ထပ်တိုင်ပါတယ်။ ဒါနဲ့ ညနေပိုင်း လောက် ရောက် တော့ မှ မော်လမြိုင် ခရိုင်ရဲစခန်းရဲ့ ညွှန်ကြားမှုနဲ့ ဒီအမှုကို အမှုဖွင့်ကို လက်ခံပါတယ်ဆိုပြီး ကျိုက်မရောမြို့မ ရဲစခန်း က အမှုဖွင့်ပေးပါတယ်” ဟု သေဆုံးသူ ကိုပါကြီး၏ ဇနီးဒေါ်သန္တာက ဆိုသည်။
အောက်တိုဘာလ ၂၆ ရက်နေ့တွင် ရဲစခန်းက အမှုဖွင့်ပြီးနောက် အောက်တိုဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် မိသားစုဝင် များမပါဝင်ဘဲ ရဲနှင့် တရားရေးဌာနက ကိုပါကြီး အလောင်းကို ပြန်ဖော်ရန်ကြိုးပမ်းနေကြောင်း ကြား သိ ရသည့် အတွက် ဒေါ်သန္တာက မိသားစုဝင်မပါဘဲအလောင်းအား ပြန်ဖော်ခွင့်မပြုရန် ကန့်ကွက် ပြောကြားခဲ့ ကြောင်း သိရှိရသည်။
“သူတို့သဘောနဲ့ ကျမမသိဘဲ အလောင်းကို မဖော်ဖို့အတွက် ကျမ ကန့်ကွက်ထားပါတယ်။ အလောင်းကို ဖော် မယ်ဆိုရင် မိသားစု အပါအဝင် အဖွဲ့အစည်းတွေနဲ့ မီဒီယာတွေ အားလုံးရှေ့မှာ ဖော်ဖို့ ကျမ တောင်းဆို ထား တယ်။ ဒီကိစ္စအပေါ် ကျိုက်မရော ရဲစခန်း တာဝန်မှူး ဒုရဲအုပ် သိန်းစန်းဝင်းက ပြန်ဖုန်းဆက်ပါတယ်။ အလောင်း ဖော်ဖို့ တိုင်ပင်တုန်းပဲ ရှိပါ တယ်လို့ ပြန်ပြောပါတယ်” ဟုဒေါ်သန္တာက ဆိုသည်။
ကိုပါကြီး၏အလောင်းဖော်ထုတ်မှုနဲ့ ပတ်သက်၍ သက်ဆိုင်ရာ ရဲစခန်း၏အတည်ပြုချက်ရယူရန် ဧရာဝတီက ကြိုးစား ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရခဲ့ပေ။
ကိုပါကြီးအား မြန်မာ စစ်တပ်က ဖမ်းဆီးထိန်းသိမ်းထားစဉ် ထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးရာ သေဆုံးသွား ကြောင်း ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၂၃ ရက် နေ့စွဲတပ်ထားသော သတင်း ထုတ်ပြန် ကြေညာချက်တစောင်ကို ကာကွယ် ရေးဝန်ကြီးဌာနက မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)မှ တဆင့် ဖြန့်ဝေခဲ့ပြီး ၂၀၁၄ ခုနှစ် ၊ စက်တင်ဘာလ ၃၀ ရက်နေ့က ကျိုက်မရောမြို့ လုံခြုံရေးအတွက် မြို့စက်လှေဆိပ် အဝင်/အထွက်များအား မြန်မာစစ်တပ်က စစ်ဆေးနေစဉ် စက်လှေတစီးပေါ်တွင် ရေစိုလျက် ရွှံ့ဗွက်များ ပေကျန်နေသော ကိုပါကြီးအား တွေ့ရှိ၍ နယ်မြေခံ အမှတ် ၂၀၈ ခြေမြန် တပ်ရင်းသို့ လွှဲပြောင်းစစ်ဆေးရာ KKO ခေါ် ကလိုထူးဘော ကရင်အဖွဲ့အစည်းမှ ပြန်ကြားရေး တာဝန်ခံ ဗိုလ်ကြီးအဆင့်ရှိ အောင်နိုင် အဖြစ်ဖြင့် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း၊ ဖမ်းဆီး ထိန်းသိမ်းထားစဉ် လုံခြုံရေး စစ်သည်တဦး၏ သေနတ်အား လုယူ ထွက်ပြေးသဖြင့် ပစ်ခတ် ဖမ်းဆီးခဲ့ရကြောင်းဖော်ပြထားသည်။