“စိတ်ကူးယဉ်ရတာ ပျော်တယ်၊ တွေးရတာလည်း ပျော်တယ်၊ အဲဒီရေတွေက ဘယ်လိုလုပ် ရောက်လာတုန်း ဆိုတာ တွေးနေတာပဲ၊ တွေးလို့လည်း မရဘူး၊ အဲဒီလောက် ရေတွေ ဒီမိုးပေါ်ကြီးမှာ ရှိတယ်ဆိုတာ တွေးနေတာ”
ဧရာဝတီ မြစ်ကမ်းနဖူးမှာ ခြေတွဲလောင်းချ ထိုင်နေတဲ့ မိန်းကလေးတယောက်ရဲ့ စကားသံက မြစ်ထဲ တရွေ့ရွေ့ ဖြတ်တဲ့ ရေယာဉ်အသံနဲ့ အပြိုင် ပေါ်လာတယ်။ အရယ် နည်းနည်းစွက်တဲ့ စကားသံလေးမှာ ပွင့်လင်းရိုးစင်းမှုတွေ အထင်းသား။ ဆံပင် ကုပ်ထောက်ခြံရံတဲ့ မျက်နှာနုနုနယ်နယ်။
သူကပဲ စကား ဆက်သေးတာ “ဒီရေ ရှိလို့ပဲ လူတွေကြေးစင်တာပေါ့၊ မဟုတ်ဘူးလား” တဲ့။ သူ့စကားက ရယ်စရာလို့ ထင်ကောင်း ထင်မယ်၊ သို့သော် အမှန်တရားကိုပဲ သူတွေးတတ်သလို ပြောတာ။ မျက်နှာ မြင်လိုက်ရုံနဲ့တင် ရိုးသားမှု ကို ဖမ်းဆုပ်နိုင်တဲ့ ချစ်စရာ ဆယ်ကျော် သက်မလေးရဲ့ အမည်ကတော့ မအေးကောင်း ပါတဲ့။
မအေးကောင်းကို ကျမ ပြင်ပမှာ မြင်ဖူးတာ မဟုတ် ပါဘူး။ မှတ်တမ်းရုပ်ရှင် ဖန်သားပြင်ထက်မှာပါ။
ဒါရိုက်တာ ရှင်ဒေဝီ ရိုက်ကူးတဲ့ Now I’m Thirteen (ဆယ့်သုံးနှစ်မလေး) ကို ကြည့်တော့မှ မြင်ဖူးတာပါ။
ကျမလိုပဲ မအေးကောင်းကို မှတ်တမ်းရုပ်ရှင်က တဆင့် တွေ့မြင်ရတဲ့ သူများစွာ။ တချို့က ဝဿန် ရုပ်ရှင်ပွဲ တော်မှာ၊ တချို့က ဥရောပ ရုပ်ရှင်ပွဲတော်မှာ။ မအေးကောင်းလေးကို ကြည့်ပြီး တချို့က မျက်ရည်ကျ။ မမြင် မတွေ့ဖူးရပါဘဲ၊ မိနစ်တချို့ သာ ကြာတဲ့ မှတ်တမ်းရုပ်ရှင်ထဲက မအေးကောင်းက လူများစွာရဲ့ စိတ်နှလုံးကို ညှို့ယူလို့။ မအေးကောင်း ဆိုတာ ဘယ် လိုမိန်းကလေးမျိုးပါလဲ။
ငယ်ကတည်းက အေးကောင်း၊ အေးကောင်း ရယ်လို့ အမည် တွင်သွားရတဲ့ မအေးကောင်းဟာ မြန်မာ နိုင်ငံကို စစ်အစိုးရ အုပ်ချုပ်နေစဉ် ကာလ အတွင်း မွေးဖွားကြီးပြင်းခဲ့တဲ့ မိန်းကလေးတဦး ဖြစ်ပါတယ်။
မြန်မာနိုင်ငံအလယ်ပိုင်း ညောင်ဦးမြို့ နယ်မှာ နေထိုင်ပါတယ်။ နာမည်ကသာ မအေးကောင်း ဆိုပေမယ့် ဘဝကတော့ မအေး၊ မကောင်းရှာဘူး လို့ ဆိုရမှာပါ။
မှတ်တမ်းရုပ်ရှင် စာတန်း ထိုးပြီးတာနဲ့ ကျမတို့ ထပ်တွေ့ရတာ ကတော့ မအေးကောင်းနဲ့ ဆိတ် တသိုက်ပါ။
ပုဂံဒေသ ရဲ့ နာမည်ကျော် ရှေးဟောင်း စေတီပုထိုး ရှုခင်းကို နောက်ခံထားတဲ့ မြင်ကွင်း။ ချုံနွယ်၊ မြက်ပင်တောကြားထဲ ဆိတ်တွေက အစာ စားလို့၊ မအေးကောင်းလေးက ဆိတ်တွေကို ထိန်းကျောင်းနေတာလေ။ နောက်ခံ စကားပြောသံက အညာသံဝဲဝဲ။ အသက်က ၁၃ နှစ်ပြည့်ပြီ တဲ့။
၁၃ နှစ်မလေး မအေးကောင်းဟာ ဆိတ်ကျောင်းတဲ့သူပါ။ ဆိတ်ကျောင်းရတာ ပျော်လည်းပျော်၊ ပျင်းလည်းပျင်းတယ် လို့ သူက ဆိုပါတယ်။ ဆိတ်ကျောင်းရင် နေပူထဲပဲ ထိုင်နေရသတဲ့။ လူက အရိပ်ထဲထိုင်နေရင် ဆိတ်တွေက ပြေးချင်ရာ ပြေးသွားတော့တာပဲ တဲ့။
တပါးသူယာခင်းထဲ ဆိတ်တွေဝင်ရင် ရန်တွေ့ခံရသလို၊ လျော်လည်းလျော်ရပါ တယ်။ အခန့်မသင့်ရင် ယာခင်းရှင်ကို ကျပ် ၃၀ဝဝဝ လောက် လျော်ရနိုင်တဲ့ ဆိတ်ကျောင်းသူမိန်းကလေး ရတဲ့ လခကတော့ တလကို ကျပ် ၃၅၀ဝ၀ ပါ။
မအေးကောင်းရဲ့ အတွေးမျက်နှာကို အနီးကပ် ပြနေရာကနေ ငယ်ဘဝပုံရိပ် အဖြူအမည်း မြင်ကွင်းဆီ ဖျတ်ခနဲ ပြောင်းပါတယ်၊ မိခင်က အလုပ်များနေ ချိန်မှာ အဖေကတော့ လဲလျောင်းလို့ မှိန်းနေလေတာ။ အဲဒီတုန်းက မအေးကောင်းလေးက အသက် ကိုးနှစ်အရွယ်။
“အဖေက အရက်သောက်လိုက်၊ အိပ်လိုက်၊ ဆန်ထားခဲ့ရင် ဆန်နဲ့အရက် လဲသောက်တာ၊ ထမင်း မချက်ရတော့ဘူး” လို့ မအေးကောင်းက ပြန်ပြောင်း ပြောပြနေပါတယ်။ ချဉ်ပေါင် ၅၀ ဖိုးထက်လည်း ပိုမဝယ်နိုင်တဲ့ မိသားစုပါ။ ဟင်းက တယောက် တဇွန်းဆို တဇွန်း၊ တဇွန်းခွဲဆို တဇွန်းခွဲပဲ စားရပါ သတဲ့။ မအေးကောင်းတို့ မိသားစုတွေရဲ့ ထမင်းစားဝိုင်း ကတော့ ဟင်းတခွက်သာ အလယ်ကောင် ချထားတဲ့ ထမင်းဝိုင်းပါ။ ကျေးလက်နေ လူများစွာကို ကိုယ်စားပြုတဲ့ ထမင်းဝိုင်းလို့ ဆိုရင်လည်း မမှားပါဘူး။
မအေးကောင်း ဖခင်က အရက်အလွန်သောက် သူပါ။ မိန်းမနဲ့ ရန်ဖြစ်တဲ့အခါ ခုနစ်ချက် ချုပ်ရလောက်အောင် မိန်းမကို ဓားနဲ့ ခုတ်ခဲ့ဖူးသူ။ မအေးကောင်း မိခင်ကတော့ သူ့ဖခင်ကို ချစ်လည်းချစ်၊ ကြောက်လည်း ကြောက်ပါသတဲ့။ အဲဒီ မိသားစုက ပေါက်ဖွား လာတဲ့ မအေးကောင်းလေးဟာ အသက်ကိုးနှစ်မှာပဲ မြန်မာနိုင်ငံ တနံတလျားက ကလေးများစွာ လို ကလေးအလုပ်သမား ဘဝကို ရောက်ခဲ့ပါတော့တယ်။
မူလတန်း ပညာရေးသည် အခမဲ့ ဖြစ်သော်လည်း မအေးကောင်း ကျောင်းနေခွင့် မရခဲ့ပါ။ သူမ စာဖတ် တတ်ချင်နေ ပါတယ်၊ သို့သော် ယခု သူမ ဆိတ် ကျောင်းနေရပါတယ်။
အနက်ရောင် နောက်ခံက အဖြူရောင်စာလုံးတွေ။ သက်ပြင်းသာ ရှိုက်ရပါတယ်။ စာမတတ်ခဲ့တဲ့ ဘဝကို မအေးကောင်းလေး ဘယ်လောက်များ စိတ် အနာ ရနေသလဲ ဆိုတာ ကျမတို့ ဆက်ပြီး မြင်တွေ့ကြရပါတယ်။
သဲမြေမွမွမှာ တုတ်ချောင်းလေးနဲ့ ဝလုံး ရေးနေတဲ့မိန်းကလေးက “ဆိတ်ကျောင်းတဲ့ ကလေး နှစ်ယောက်က စာလည်း မတတ်ဘူး၊ ကကြီးခခွေး ဘယ်နှလုံးမှန်း မသိဘူး” လို့ အပြောခံရရင် ပြန်ပြီး ရန်မလုပ်ပေမယ့် စိတ်ထဲ မကောင်းရှာ ပါဘူး။
“စာမတတ်တာ စိတ်တိုတာ လိုလို၊ ဘဝနာတာ လိုလိုပဲ၊ အဖေနဲ့အမေကို တခါတလေ စိတ်တိုတယ်၊ သူတို့ ကျောင်းမထား ပေးလို့ စာမတတ်တာ၊ အဖေ့ကို ပိုစိတ်တိုတယ်၊ အဖေလည်း အရက်သောက်နေတာ ကိုး၊ စာမသင်ရတာ”
ခြောက်သယောင်း ထတဲ့ အလယ်ပိုင်းဒေသ မြင်ကွင်းမှာ သားအမိနှစ်ယောက် ရေစည်လှည်းကို အားသွန်ခွန်စိုက် တွန်းလာတဲ့ မြင်ကွင်းက ဖြတ်ဝင်လာပါတယ်။ အဲဒီအချိန်မှာ သူ့ဖခင်က ခပ်အေးအေး ဆေးလိပ်သောက်နေပါရော။ ပင်ကိုကပဲ မကြိုးစားခဲ့ သူလား၊ လုပ်ရင်းကိုင်ရင်း ကံမလိုက်လို့ လောကကို အရွဲ့တိုက်နေသူလား။ မအေးကောင်းရဲ့ ဖခင်ဟာ သားသမီးတွေ စာတတ်တာ မကောင်းဘူးလို့ မြင်တဲ့သူ၊ သူ့ကို ရောင်းစားမှာ ကြောက်တယ် ဆိုတဲ့ သူပါ။
မအေးကောင်း ကတော့ သူ့ဖခင်ကို ရောင်းလို့ ရရင် အခုပဲ ရောင်းလိုက်ချင်ပါသတဲ့။ နောင်ဘဝတော့ ဒီလိုအဖေ၊ အမေ ဗိုက်ထဲ မဝင်စားဘဲ သူဌေးဗိုက်ထဲ ဝင်စားမယ်၊ စာတွေတတ်တော့ အမေတို့ကိုပြန်ထောက် ပံ့မယ်လို့ သူတွေးပါတယ်။
ပညာတတ်ရင် ရန်ကုန် သွားလို့ရပြီ၊ သန့်ရှင်းရေးပဲ ဖြစ်ဖြစ် အလုပ်လုပ်လို့ ရပြီ၊ မိဘကို လုပ်ကိုင်ကျွေးချင်၊ အငယ်ဆုံးကလေးကို ပညာသင်ပေးချင်ပါ သတဲ့။ ငါးနှစ်လောက်သာ ရှိဦး မယ့် သူ့မောင်ငယ်လေးကတော့ ဆေးလိပ်သောက်ပုံ ကဖြင့် ဖခင်နဲ့တထေရာတည်း ဖြစ်လို့ပါ။
ဆယ်ကျော်သက်မလေးရဲ့ စိတ်ကူးလေရူးတွေက အချစ်ရေးဆီမှာလည်း လွင့်ဝဲလို့။ စာမတတ်တာ ကြောင့်၊ ပေးတဲ့စာ မဖတ်တတ်တာကြောင့် ရည်းစား ထားရင်လည်း ပျက်မယ် ထင်နေရှာပါတယ်။
သူ (မအေးကောင်းစိတ်ထဲရှိသူ) က နည်းနည်းစာတတ် တာမို့ သူ့ဘဝသူ ထိတ်လန့်နေသတဲ့၊ အမှန်တော့ အဲဒီကောင်လေးက နွားကျောင်းတဲ့သူပါ။
ပိုက်ဆံ ချမ်းသာတဲ့သူ၊ အရက် မသောက်တဲ့သူဆို အိမ်ထောင်ရေး အဆင်ပြေမှာပဲ လို့ မအေးကောင်းက တွေးပါ တယ်။ ချမ်းသာတဲ့ သူကိုကြိုက်မှ စီးပွားရေးလုပ်လို့ ရမယ် ဆိုတဲ့ သူငယ်ချင်းရဲ့အပြောကိုတော့ သူက ငြင်းတယ်။
“ချမ်းသာတဲ့သူ ကြိုက်မှ စီးပွားရေး လုပ်ရတာ မဟုတ်ဘူး၊ ဒေါ်အောင်ဆန်းစုကြည် အခုလာရင် အခုတောင်း လို့ ရတယ်၊ ဒေါ်အောင်ဆန်းစုကြည် သမီးတို့ ခြံနဲ့ဝိုင်းနဲ့ နေချင်တယ်၊ သူများ ခြံနဲ့ဝိုင်းနဲ့လည်း မနေချင်ဘူး” လို့ပြောဖို့ မအေးကောင်းက စိတ်ကူးပြန်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ သူတို့ မိသားစုလိုသမျှ ဖြည့်ဆည်းပေးနိုင်မယ့် တန်ခိုးရှင်လို့ မအေးကောင်းက ထင်ပါတယ်။
“ဒီစကားတွေ ပြောဖို့ သင်ပေးလိုက်ရ သလားလို့ မေးကြတယ်၊ ကျမ လုံးဝ သင်မပေးခဲ့ရဘူး၊ သူ့စိတ်ထဲ ရှိရာကို ပြောတာပါ” လို့ ဒါရိုက်တာ ရှင်ဒေဝီက ပြောပြပါတယ်။
ကင်မရာကို မစိမ်းလှတဲ့ မအေးကောင်းရဲ့ စကားပြောပုံ လေးတွေနဲ့ ပတ်သက်လို့ မေးမိတော့လည်း ဒီမိသားစုဟာ မူလကတည်းက ရင်းနှီးပါတယ် လို့ ဒါရိုက်တာက ဆိုပါတယ်။
စိတ်ထဲရှိရင် ရှိသလို ပွင့်ပွင့်လင်းလင်း ပြောတဲ့ မအေးကောင်းရဲ့ ရိုးရှင်းတဲ့ ဟန်ပန်၊ ဒါရိုက်တာရဲ့ စိတ်ကူး စိတ်သန်း၊ တည်းဖြတ်မှု အတတ်ပညာတွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါ ၁၅ မိနစ်စာ မှတ်တမ်းရုပ်ရှင်ဟာ ကျမတို့စိတ်နှလုံးကို ဆွဲဆုပ်နိုင်ခဲ့ ပါတယ်။ ဝဿန်ရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံး မှတ်တမ်းရုပ်ရှင်ဆုကိုလည်း ရယူနိုင် ခဲ့ပါတယ်။
ဒီမိုကရေစီ ရရင် သူတို့တတွေ စာလည်းတတ်မယ်၊ ဒီကမ္ဘာကြီးလည်းပဲ အေးချမ်းသွားမယ် လို့ ထင်နေတဲ့ မိန်းကလေးက ဘဝမှာ အရေးအကြီးဆုံး ဟာ စာတတ်ဖို့ပါပဲ တဲ့။ စာသင်ယူချင် ပါလျက် သင်ကြားခွင့် မရခဲ့တဲ့ ကလေးငယ်တွေဟာ တကယ့်တကယ်မှာတော့ အရေအတွက် မနည်းလှပါဘူး။
စစ်အစိုးရ အုပ်ချုပ်ခဲ့တဲ့ ၂၃ နှစ်တာ ကာလအတွင်းမှာ မအေးကောင်းလို မိန်းကလေးမျိုး သိန်းဂဏန်းအထိ ရှိနေခဲ့ တယ်၊ အခုလို အကူးအပြောင်း ကာလအထိတိုင်အောင် စာသင်ကြားဖို့ အခွင့်အလမ်း ဆုံးရှုံးနေဆဲ ဖြစ်ပါတယ်လို့ မှတ်တမ်း ရုပ်ရှင်က ပြဆိုပါတယ်။
“ဒီဘဝ ချမ်းသာရင် မွဲတဲ့လူတွေ လှူမှာပေါ့၊ ကံကောင်းရင် မြို့မှာ ကျောင်းလိုက်၊ ပြန်လာရင် သူဌေးဖြစ်၊ သူငယ်ချင်းက ဝိုင်းကြိုရင် ပျော်မှာပဲ၊ ကံ မကောင်းရင်တော့ ဆိတ်ကျောင်းပေါ့” လို့ ပြုံးမဲ့မဲ့ လေးပြောတဲ့ မျက်နှာဟာ ကြည့်ရှုသူတွေကို မျက်ရည် အလိုလို စီးကျလာစေ ပါတယ်။ ဒီမှတ်တမ်းရုပ်ရှင် ကြည့်အပြီးမှာ မအေးကောင်းလေးကို ရန်ကုန်ဆီ ခေါ်ယူပြီး ပညာသင် စောင့်ရှောက်လိုသူတွေ ပေါ်လာ ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် မအေးကောင်းက တော့ သူ့အရပ်မှာပဲ ပျော်နေပါပြီ။
မှတ်တမ်းရုပ်ရှင်မှာ မအေးကောင်းတယောက် တည်းကိုသာ ကျမတို့ မြင်တွေ့ ကြည့်ရှုကြရ ပေမယ့် မအေးကောင်းဟာ မြန်မာနိုင်ငံ တဝန်းက ကလေးငယ် များစွာကို ကိုယ်စားပြုနေတယ် ဆိုရင်လည်း မမှားပါဘူး။
ဟုတ်ပါတယ်။ မအေးကောင်းလေးတွေ စာတတ်ချင်နေကြပါတယ်။ ။