နိုင်ငံတကာနှင့် ပြည်တွင်းမှ ထောက်ခံအားပေးမှုကို ယခုအချိန်အထိ ရနေသော ခေါင်းဆောင်မှာ ဒေါ်အောင်ဆန်းစုကြည် ဖြစ်ပြီး ယနေ့ တိုင်းပြည်တွင် ဖော်ဆောင်နေသော ထစ်ငေါ့နေသည့် အပြောင်းအလဲတွင် သူပါဝင်မှ ရှေ့ဆက်တိုးနိုင်မည် ဖြစ်သည်။
ယနေ့ မြန်မာနိုင်ငံတွင် ခေါင်းဆောင်နေသော အစိုးရသည် ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍကို ကနဦးက မှန်မှန်ကန်ကန် အသုံးချနိုင်ခဲ့၍သာ ပြည်တွင်းပြည်ပက အတိုင်းအတာတခုဖြင့် လက်ခံခဲ့ခြင်း ဖြစ်သည်။
သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ပထမဆုံးအကြိမ် တွေ့ဆုံပြီးနောက်ပိုင်း အပြောင်းအလဲများသည် အကောင်းဘက်သို့ရွေ့သော အရွေ့များ ပိုမိုမြန်လာခဲ့သည်ကို တွေ့ရသည်။ ပြည်သူပြည်သားများအကြား နှစ်ကာလရှည်ကြာစွာ တိမ်မြှုပ်နေခဲ့သော မျှော်လင့်ချက် ပြန်ပေါ်လာခဲ့သည်။
အနောက်နိုင်ငံများ၏ စီးပွားရေးဒဏ်ခတ် ပိတ်ဆို့မှုများ လျော့ကျရေးတွင် ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှု ပါဝင်ခဲ့ပြီး သမ္မတ ဦးသိန်းစိန်အစိုးရ လိုအပ်နေသော တရားဝင်ရပ် တည်ထောက်ခံမှုရရှိအောင် လုပ်ဆောင်ပေးခဲ့သူမှာလည်း ဒေါ်အောင်ဆန်းစုကြည်ပင် ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်၏ လုပ်ဆောင်မှုသည် တိုင်းပြည်၏ ရှေ့ရေးအနာဂတ်ကို မျှော်ကိုး၍ လုပ်ဆောင်ခဲ့ခြင်းဟု သုံးသပ်လျှင် မှားမည်မထင်။ တိုင်းပြည်၏ ချွတ်ခြုံကျနေသော စီးပွားရေးကို ထူထောင်ရန်၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍကို လွတ်လွတ်လပ်လပ် စီမံခန့်ခွဲပြီး ပြန်လည်တည်ဆောက်ရန် အမြဲတစေ တိုက်တွန်း လှုံ့ဆော်ခဲ့သူမှာလည်း တခြားသူမဟုတ်၊ ဒေါ်အောင်ဆန်းစုကြည်ပင် ဖြစ်သည်။
ယခုကာလတွင် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုများ၊ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF)၊ ကမ္ဘာ့ဘဏ် (World Bank) တို့မှ အလုံးအရင်းနှင့် ကူညီမှုများက ထင်သလောက် မလာသေးပေ။ အဘယ့်ကြောင့်ဆိုသော် မြန်မာ့အပြောင်းအလဲ တန့်သွားပြီဟု သုံးသပ်ချက်၊ ရေချိန်ကျနေပြီဟု စိုးရိမ်ချက်များအပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရအကြား ပြန်လည်မြင်သာလာသော တင်းမာမှုများကြောင့်ဟု ဆိုနိုင်သည်။
ပစက္ခအခြေအနေအရ မြန်မာ့အပြောင်းအလဲသည် အခြေအနေ မကောင်းသေးဟု အနောက်နိုင်ငံ အသိုင်းအဝိုင်းကရော ပြည်တွင်း လေ့လာစောင့်ကြည့်သူများကပါ စိုးရိမ်တကြီး မှတ်ချက်ပေးကြသည်။
ဤအခြေအနေ ဆိုက်ရခြင်းမှာ အဘယ်ကြောင့်နည်း။ လက်ရှိအခြေအနေမှ နောက်ပြန်ကြည့်သော် သမ္မတ ဦးသိန်းစိန် အစိုးရသည် ဒေါ်အောင်ဆန်းစုကြည်၏ ဂုဏ်ဩဇာနှင့် နိုင်ငံတကာအပေါ် အရှိန်အဝါ သက်ရောက်မှုကို အသုံးချလိုက်ခြင်းလော၊ သို့မဟုတ် အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ စေ့စပ်ဆွေးနွေမှု မအောင်မမြင်ဖြစ်ခြင်းလော၊ သို့မဟုတ် သက်ရှိထင်ရှားရှိနေသော စစ်ခေါင်းဆောင်ဟောင်းများ၏ အရိပ်ကို အကြောက်တရားကြောင့် ပြုပြင်ပြောင်းလဲရေး ရပ်တန့်သွားသလော စသည့် လောပေါင်းများစွာ ရှိနေဆဲကာလပင်။
သို့သော် တဖက်က သဘောပေါက်ရမည်မှာ ဒေါ်အောင်ဆန်းစုကြည်၏ ကူညီစောင်မမှု၊ ပါဝင်ပတ်သက်မှုမရှိဘဲ လက်ရှိလုပ်ဆောင်နေသော မြန်မာ့ပြုပြင်ပြောင်းလဲမှု ဆက်ပြီး မရွေ့နိုင်ဟူသော အချက်ပင်။ ပြည်တွင်းကရော ပြည်ပကပါ ထောက်ခံနေသော ဒေါ်အောင်ဆန်းစုကြည်၏ ယနေ့ မြန်မာ့ပြောင်းလဲမှု အခင်းအကျင်းအတွင်း ပြန်လည်ပါဝင်လာမှုကို ကြိုဆိုသင့်သည်။