ထိုင်းရဲတပ်ဖွဲ့က လိပ်ကျွန်းလူသတ်မှု သံသယ တရားခံတွေအဖြစ် စွပ်စွဲဖမ်းဆီးထားတဲ့ ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ကို တွေ့ဖို့ မြန်မာနိုင်ငံကနေ လိုက်လာကြတဲ့ မိဘတွေနဲ့ အတူ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အထူးအဖွဲ့တို့ဟာ ကော့စမွေ အကျဉ်းထောင်ကို အောက်တိုဘာ ၂၄ ရက်နေ့က ရောက်ရှိလာကြပါတယ်။
ထိုင်းကို ရောက်လာကြတဲ့ မိဘဆွေမျိုးတွေကတော့ ဝင်းဇော်ထွန်းရဲ့မိဘတွေ ဖြစ်တဲ့ ဦးထွန်းထွန်းထိုက်နဲ့ ဒေါ်မေသိန်း၊ ဇော်လင်းရဲ့ မိခင် ဒေါ်ဖြူချေနုနဲ့ ဦးလေးဖြစ်သူ ဦးသိန်းရွှေအောင်တို့ ဖြစ်ကြပါတယ်။
သူတို့အားလုံးရဲ့ မျက်နှာတွေမှာ တက်ကြွတောက်ပမှုတွေ ကင်းနေပြီး ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ဆီကနေ တခုခုကို မျှော်လင့်နေကြဟန်က မျက်နှာတွေပေါ်မှာ အထင်းသား။ သားဇောနဲ့ အပူမီးတောက်နေတဲ့ ဝင်းဇော်ထွန်းရဲ့ မိခင် ဒေါ်မေသိန်းကတော့ မတိတ်နိုင်သေးတဲ့ မျက်ရည်တွေနဲ့အတူ သားရှိတဲ့ အကျဉ်းထောင်ထဲကို လိုက်ပါသွားခဲ့ပါတယ်။
တွေ့ဆုံခွင့်ရရှိပြီး ပြန်ထွက်လာချိန်မှာတော့ သူတို့အားလုံးရဲ့ မျက်နှာတွေက ဝင်သွားတုန်းကနဲ့ မတူဘဲ ဖုံးဖိမထားနိုင်လောက်အောင် အပြုံးတွေက ပေါ်လွင်နေပါတယ်။ ပြန်ထွက်လာတဲ့ တဖွဲ့လုံးမှာ အသိသာ အထင်ရှားဆုံး နှစ်ယောက်ကတော့ မိခင်တွေဖြစ်တဲ့ ဒေါ်မေသိန်းနဲ့ ဒေါ်ဖြူချေနုတို့ပါ။ သူတို့မျက်ဝန်းတွေက တောက်ပပြီး မျက်နှာတွေမှာလည်း တပြုံးပြုံးနဲ့ပါ။
မျက်ရည်တွေ မခြောက်သေးဘဲ အကျဉ်းထောင်ထဲကို ဝင်သွားခဲ့တဲ့ ဒေါ်မေသိန်း ဆိုရင် ပြန်ထွက်လာတဲ့ အချိန်မှာ လိုချင်တာရလာတဲ့ ကလေးတယောက်ရဲ့ အပြုံးမျိုးနဲ့ ဖျတ်လတ်တဲ့ ခြေလှမ်းတွေနဲ့ ထွက်လာပါတယ်။ အရင်က ငူငူငိုင်ငိုင်ဖြစ်နေပေမယ့် အခု ကလေးတယောက်လို ပေါ့ပေါ့ပါးပါးပါပဲ။
အခြေအနေတွေကို သိလိုဇောနဲ့ စောင့်ကြိုနေတဲ့ သတင်းထောက်တွေရဲ့ မေးခွန်းတွေကိုတော့ ဝင်းဇော်ထွန်းရဲ့ ဖခင် ဦးထွန်းထွန်းထိုက်က တက်တက်ကြွကြွ ဖြေပါတယ်။ သူတို့တွေ အကျဉ်းထောင်ထဲကို ဝင်သွားပြီး ပြန်ထွက်လာတဲ့ အချိန်မှာ သူတို့ရဲ့ ယုံကြည်ချက်ကို ခိုင်မာစေတဲ့ ခွန်အားတခု ရရှိလာခဲ့ပါတယ်။ အဲဒါကတော့ သားဖြစ်သူတွေ နှုတ်ဖျားကနေ ပြောလိုက်တဲ့ စကားကြောင့်ပါ။
“ကျနော့်သားကလည်း သူမဟုတ်ကြောင်း၊ သူ့ကို ညှင်းပန်းနှိပ်စက်လို့ ဝန်ခံရပါတယ်ဆိုကြောင်းကို ကျနော်တို့ကို ပြောလိုက်လို့ ကျနော်တို့ ဒီနေ့ ပျော်ပါတယ်ခင်ဗျား၊ ပျော်ပါတယ်” ဆိုပြီး သတင်းမီဒီယာတွေကို ဖြေဆိုရင်း ပီတိ မျက်ရည်တွေ စီးကျနေတဲ့ ဦးထွန်းထွန်းထိုက်က လက်မထောင် ကြွေးကြော်လိုက် ပါတယ်။
သူတို့အဖွဲ့ အကျဉ်းထောင်အတွင်းကို ဝင်သွားချိန်မှာ ပထမဆုံး တွေ့ရသူကတော့ မိဘနဲ့ ၆ နှစ်ကျော်အကြာ ဝေးကွာနေခဲ့ရတဲ့ ဇော်လင်းပါ။ ဆေးစစ်မှုတွေပြုလုပ်ပြီး ပြန်လာတဲ့ ဇော်လင်းကိုတွေ့တော့ မိခင် ဒေါ်ဖြူချေနု တချိန်လုံး ထိန်းချုပ်ထားခဲ့တဲ့ မျက်ရည်တွေ မဆည်နိုင်တော့ဘဲ သားဖြစ်သူကို ဖက်ပြီးငိုချလိုက်ပါတယ်။
သံခြေကျင်းတွေ ခတ်ထားတဲ့ ဇော်လင်းလည်း ငိုကြွေးရင်းကနေ “အမေ၊ မငိုနဲ့၊ ကိုယ့်ကျန်းမာရေးကို ဂရုစိုက်။ သားအတွက် ဘာမှ စိတ်မပူနဲ့၊ တရားရုံးက မေးလာရင် သားတို့ အမှန်အတိုင်း ထွက်ဆိုတော့မယ်” ဆိုပြီး ဇော်လင်းက မိခင်ဖြစ်သူကို အားပေးလိုက်တယ်လို့ ဒေါ်ဖြူချေနုက ရခိုင်သံဝဲဝဲနဲ့ ပြန်ရှင်းပြပါတယ်။
ဇော်လင်းတို့ မိသားစုတွေ ငိုကြွေးနေတုန်းမှာပဲ သူတို့ ထိုင်နေတဲ့နေရာကို သံခြေကျင်းတွေ ခတ်ထားတဲ့ ဝင်းဇော်ထွန်း ရောက်လာပါတယ်။ သားဖြစ်သူသတင်း ကြားကတည်းက တချိန်လုံး သောကမီးတွေ တောက်လောင်နေခဲ့ရတဲ့ မိခင်ဖြစ်သူ ဒေါ်မေသိန်းနဲ့ ဖခင်ဖြစ်သူ ဦးထွန်းထွန်းထိုက်တို့ဟာ ဝင်းဇော်ထွန်းအဖြစ်ကို ကြည့်ပြီး ငိုကြွေးကြတယ်လို့ ဆိုပါတယ်။
“ဝင်းဇော်ထွန်းက လုံးဝ မျက်ရည်မကျဘူး။ စိတ်ခိုင်တယ်။ ကျနော်တို့ ငိုနေတဲ့ နှစ်ယောက်ကိုတောင် သူက ပြန်နှစ်သိမ့်တယ်။ အဖေတို့ အမေတို့ မငိုကြဖို့ပေါ့ဗျာ။ သားလည်း ကျန်းကျန်းမာမာရှိနေတယ်။ သူ့အတွက်မပူဖို့ အဓိက ကတော့ ကျနော်တို့ အနေနဲ့ ကျန်းမာရေးကိုပဲ ဂရုစိုက်ဖို့ပေါ” လို့ ဦးထွန်းထွန်းထိုက်က ပြန်ပြောပြပါတယ်။
မိသားစုတွေ ငိုကြွေးနှစ်သိမ့်နေကြချိန်မှာ စိုးရိမ်စိတ်တွေနဲ့ စောင့်ဆိုင်းနေကြသူတွေက သံရုံးက လွှတ်လိုက်တဲ့ အထူးအဖွဲ့တွေပါ။ သူတို့တွေစိုးရိမ်နေတာက လိပ်ကျွန်းလူသတ်မှုနဲ့ ပတ်သက်ပြီး အရင်တခေါက်က တွေ့ဆုံခွင့်ရချိန်မှာ ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့နှစ်ဦးက ပွင့်ပွင့်လင်းလင်း ပြောဆိုခြင်းမရှိတဲ့အပေါ် ဒီတခေါက်ရော ဘယ်လိုပြောမလဲ ဆိုတာကို သူတို့ တဖွဲ့လုံး စိတ်လှုပ်ရှားနေကြတာပါ။
“ကျနော်ဆိုရင် စိတ်တွေ ဆောက်တည်ရာမရဘူး။ သူတို့ ဘယ်လိုဖြေမလဲဆိုတာကို မစောင့်နိုင်လောက်အောင် တော်တော်လေး စိတ်ပူနေတာ။ သူတို့ကိုယ်တိုင် သတ်တယ်လို့ ရဲကို ဝန်ခံထားတယ်ဆိုတဲ့ အပေါ်မှာ ကျနော်က မယုံကြည်နိုင်ဘူး ဖြစ်နေတာ။ ကျနော်တို့ သူတို့နှစ်ယောက်နဲ့ တရားရုံးမှာတွေ့တုန်းက သူ့တို့ကို ကတိတောင်းဖူးတယ်။ မင်းတို့ မိဘတွေကို ခေါ်လာပေးရင် မင်းတို့ အမှန်တိုင်း ဝန်ခံမလားဆိုတော့ ပြောမယ်လို့ ဝင်းဇော်ထွန်းက ပြောတယ်။ အခုရောက်လာတော့ သူတို့ ပြောမယ်ဆိုတဲ့ အမှန်အတိုင်းဆိုတာက ဘာလဲဆိုပြီး တွေးပူနေတာ” လို့ သံရုံး အထူးအဖွဲ့ရဲ့ စကားပြန် ကိုမိုးဝေက သူ့ရဲ့စိတ်ပူပင်မှုကို ပြန်ပြောပြပါတယ်။
သံရုံးအဖွဲ့က အခင်းဖြစ်စဉ်နဲ့ ပတ်သက်ပြီး မေးမြန်းချိန်မှာတော့ ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့က ဗြိတိသျှနှစ်ဦးကို သတ်ဖြတ်မှု၊ အဓမ္မ ပြုကျင့်မှုတွေမှာ သူတို့ လုံးဝ မပါဝင်ခဲ့ကြောင်း၊ ညှင်းပန်းနှိပ်စက်မှုတွေ၊ ခြိမ်းခြောက်မှုတွေကြောင့် ဝန်ခံပေးခဲ့ရတာ ဖြစ်ကြောင်း မိဘတွေရှေ့မှောက်မှာ ရှင်းပြခဲ့ပြီး သူတို့နှစ်ဦးလုံး ကြုံတွေ့ခဲ့ရတဲ့ ငရဲခန်းရဲ့ အသေးစိတ်ကိုလည်း မေးသမျှရှင်းပြခဲ့တယ်လို့ ဆိုပါတယ်။
ဝင်းဇော်ထွန်းကို ဖမ်းဆီးစစ်ဆေးချိန်မှာ ထိုင်းရဲနဲ့ စကားပြန် ကိုရဲတို့က မျက်နှာနဲ့ ခန္ဓာကိုယ်ကို ရိုက်နှက် ကန်ကျောက်မှုတွေ ပြုလုပ်ခဲ့ပြီး၊ စကားပြန် ကိုရဲက မြန်မာသံရုံးက ထုတ်ပေးထားတယ်ဆိုတဲ့ ကဒ်ပြားကို ထုတ်ပြခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် “လူသတ်မှုတွင် ပါဝင်ခဲ့သည်ဟု မဝန်ခံပါက၊ ခြေလက်များကို ဖြတ်ပြီး ဂုန်နီအိတ်ထဲထည့်ကာ မြစ်ထဲ မျှောပစ်မည်။ ကားတာယာကွင်းများနှင့် ပတ်ပြီးရေနံဆီလောင်းကာ မီးရှို့သတ်ဖြတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့” တဲ့ အကြောင်း ဝင်းဇော်ထွန်း ကိုယ်တိုင် သံရုံးအဖွဲ့ကို ရှင်းပြထားတဲ့ မှတ်တမ်းထဲမှာ တွေ့ရပါတယ်။
ဒီလိုခြိမ်းခြောက်မှုတွေနဲ့ မေးမြန်းခဲ့သလို လူသတ်တရားခံဖြစ်ကြောင်း ဝန်ခံပေးလိုက်ရင် ထောင် လေး၊ ငါးနှစ်သာ ကျနိုင်ကြောင်း ဖျားယောင်းသိမ်းသွင်း ပြောဆိုမှုတွေလည်း ရှိတဲ့အကြောင်း သံရုံးအထူး အဖွဲ့ဝင်တွေနဲ့ မိဘတွေကို ဝင်းဇော်ထွန်းက ရှင်းပြ ပြောဆိုလိုက်တယ်လို့ ဆိုပါတယ်။
တခါ ဇော်လင်းကိုလည်း “ဘီယာသွားဝယ်တဲ့ CCTV က ပုံတွေကိုပြပြီး မင်းတို့ မဟုတ်လားလို့ မေးတယ်။ ဟုတ်တယ်ဆိုတော့ သတ်တာလဲ မင်းတို့ပဲဆိုပြီး ခြိမ်းခြောက်နှိပ်စက် ထိုးနှက်ပါတယ်” လို့ ဇော်လင်း ကိုယ်တိုင် ရှင်းပြထားတဲ့ သံရုံးအဖွဲ့မှတ်တမ်းထဲမှာ တွေ့ရပါတယ်။
“မျက်နှာကို စွပ်ထားတဲ့ အဝတ်ပိတ်ကို ပါးစပ်ပေါ်အောင်လှန်ပြီး မျက်နှာကိုမမြင်ရ၊ မြန်မာတယောက် ဘယ်သူမှန်းမသိဘူး ထမင်းလာကျွေးတယ်။ အဲ့ဒီနောက်မှာ စကားပြန်ဝင်လာတယ်။ မင်းသတ်လား အမှန်အတိုင်းပြော၊ မပြောရင် မင်းတို့ ဒီထက်နာမယ်။ မင်းတို့သွားတွေကို ပလာယာနဲ့ နုတ်ပစ်မယ်။ မျက်နှာကို ခြေထောက်နဲ့ ကန်တယ်။ ဒီမှာ လူသတ်တဲ့ပုံစံ သိတယ်မဟုတ်လား၊ တပိုင်းစီပိုင်းပြီး အင်္ဂတေနဲ့လောင်း ရေထဲမြှုပ်ပစ်လိုက်မယ်၊ ဝန်ခံရင်တော့ မင်းတို့ သက်သာမယ်။ ငါတို့လည်း ကူပေးမယ် ဆိုပြီးပြောပါတယ်” လို့ ခြိမ်းခြောက် ထွက်ဆိုခိုင်းတဲ့အကြောင်း ဇော်လင်းကို မေးမြန်းထားတဲ့ မှတ်တမ်းမှာ တွေ့ရပါတယ်။
ဒါ့အပြင် ဇော်လင်းရဲ့ ထွက်ဆိုချက်ထဲမှာ “နောက်တရက်လည်း အဲဒီမှာပဲထားပြီး ခြိမ်းခြောက်တယ်။ မင်းတို့ဟာ တရားဝင် လာနေတဲ့သူတွေ မဟုတ်ဘူး။ အချိန်မရွေးသတ်ပြီး ကျောက်တုံးနဲ့ တွဲမြုပ်လိုက်မယ်လို့ ခြိမ်းခြောက်ပြီး ဝန်ခံစေပါတယ်။ ပေါက်တူးနဲ့ရိုက်ပြီး သတ်တယ်လို့ ပြောစေပါတယ်” လို့လည်း ပါဝင်ပါတယ်။
အခင်းဖြစ်တဲ့ ညက ဇော်လင်း၊ ဝင်းဇော်ထွန်းနဲ့ မောင်မောင်တို့ သူငယ်ချင်းသုံးယောက်ဟာ စတိုးဆိုင်မှာ ဘီယာသွားဝယ်ပြီး ကမ်းစပ်သောင်ပြင်မှာ ဘီယာနဲ့ လက်ကျန်ဝိုင်ကို သောက်ခဲ့ကြပြီး မောင်မောင်ကတော့ စောစောပြန်သွားခဲ့တယ်လို့ ဆိုပါတယ်။ သူတို့နှစ်ယောက် ကျန်နေတဲ့အချိန်မှာ ဘီယာသောက် သီချင်းဆိုပြီး ကမ်းစပ်မှာ ရေကူးပြီးနောက် အိမ်ကိုပြန်အိပ်ခဲ့ကြတယ်လို့ ပြောပါတယ်။
လစာမထုတ်ခင် တရက်အလိုမှာ အဖမ်းခံလိုက်ရတဲ့အတွက် လစာတောင် မထုတ်လိုက်ရဘူးလို့ ဇော်လင်းက ပြောတယ်လို့ ဆိုပါတယ်။ အခင်းဖြစ်စဉ်မှာ သေဆုံးသူကို ဝိုင်ပုလင်းနဲ့ ရိုက်တယ်။ ပေါက်ပြားနဲ့ ရိုက်တယ် ဆိုတာတွေကလည်း ခြိမ်းခြောက်ပြီး လိမ်လည်ထွက်ဆိုခိုင်းခဲ့တာ ဖြစ်ကြောင်းကိုလည်း ရှင်းလင်းပြောဆိုလိုက်တယ်လို့ သိရပါတယ်။
မိဘတွေနဲ့ သံရုံး အထူးအဖွဲ့တွေရဲ့ရှေ့မှာ သူတို့လေးလေးနက်နက် ဝန်ခံပြောဆိုလိုက်ကြတာက “ဒီအမှုမှာ သူတို့နှစ်ယောက် လုံးဝ ပတ်သက်မှု မရှိဘူး” ဆိုတာပါပဲ။ ဒီစကားကြောင့် မိဘတွေနဲ့ သံရုံး အထူးအဖွဲ့တွေ စိတ်အေးသွားခဲ့ကြရပြီး ရှေ့ဆက် လုပ်ကိုင်ရမယ့် လုပ်ငန်းတွေကို ခိုင်ခိုင်မာမာ ဆုံးဖြတ်နိုင်ခဲ့ကြပြီလို့ ဆိုပါတယ်။
“ကလေးတွေအနေနဲ့ အခုလိုမျိုး ပွင့်ပွင့်လင်းလင်း ထုတ်ပြောလာတာကို အင်မတန်မှကို ကြိုဆိုတယ်။ သူတို့ရဲ့ တိုင်းပြည်နဲ့ လူမျိုးအပေါ်မှာထားတဲ့ သတ္တိကိုလည်း အသိအမှတ်ပြုတယ်။ ကျနော်တို့ လုပ်ကိုင်ဆောင်ရွက်ပေးနေရတဲ့ သူတွေအနေနဲ့လည်း အင်မတန်မှ ဝမ်းသာတယ်။ သူတို့ဘက်ကလိုက်ပြီး ဆောင်ရွက်ပေးနေတဲ့ ရှေ့နေများကောင်စီ အတွက်လည်း ပိုပြီးတော့ လုပ်ရကိုင်ရတာလည်း အဆင်ပြေချောမွေ့သွားမယ်လို့ ယုံကြည်တယ်” လို့ သံရုံး အထူးအဖွဲ့ဝင် တဦးဖြစ်တဲ့ ဦးထူးချစ်က ရှင်းပြပါတယ်။
မြန်မာသံရုံး အထူးအဖွဲ့ဝင် တခြားတဦးဖြစ်တဲ့ ကိုမင်းဦးကလည်း “ကျနော်တို့ မနားမနေကြိုးစားခဲ့တာတွေ ဒီနေ့ ကြိုးစားရကျိုး နပ်တဲ့နေ့ပဲ။ ကျေနပ်တယ်ဗျာ။ အစတုန်းက သူတို့ခြိမ်းခြောက် ခံရမှုတွေ လွှမ်းမိုးနေပြီး ကျနော်တို့ အဖွဲ့ကိုတောင် မယုံကြည်ဘူးဖြစ်နေတာ။ ဒါကြောင့် အရင်တခေါက်က ကျနော်တို့ သွားမေးတော့ သူတို့ အမှန်အတိုင်း မဝန်ခံခဲ့တာ။ အခုမိဘတွေပါလာမှပဲ ထုတ်ပြောပြတော့တာ” လို့ ဝမ်းသာအားရ ရှင်းပြပါတယ်။
ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ကို လူသတ်တရားခံလို့ ထိုင်းရဲတွေက ထုတ်ပြချိန်ကတည်းက ထိုင်းပြည်သူတွေ၊ မှုခင်းပညာရှင်တွေနဲ့ အတိုက်အခံ နိုင်ငံရေးခေါင်းဆောင်တွေက အယုံအကြည် မရှိခဲ့ကြဘဲ ဝေဖန်ခဲ့ကြပါတယ်။ အလားတူ မြန်မာပြည်သူတွေနဲ့ ထိုင်းနိုင်ငံရောက် မြန်မာ့အရေး ဆောင်ရွက်နေကြတဲ့ အဖွဲ့အစည်းအသီးသီးကလည်း အယုံအကြည် မရှိကြပါဘူး။
တကမ္ဘာလုံး စိတ်ဝင်စားနေကြတဲ့ ဒီလူသတ်မှုမှာ သူတို့နှစ်ဦး တရားခံ မဟုတ်ဘူးလို့ ယုံကြည်နေမှုတွေဟာ အပြင်မှာတင် မဟုတ်ဘဲ ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ ရောက်ရှိနေတဲ့ ကော့စမွေ အကျဉ်းထောင်ထဲမှာ အကြောင်း အမျိုးမျိုးနဲ့ အကျဉ်းကျနေတဲ့ မြန်မာအကျဉ်းသားတွေကလည်း မယုံကြည်ကြဘူးလို့ ဆိုပါတယ်။
ထောင်ထဲကိုရောက်လာတဲ့ ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ နှစ်ဦးကို မြန်မာအကျဉ်းသားတွေက အားမငယ်ဖို့၊ စိတ်ဓာတ်မကျဖို့နဲ့ သူတို့တွေရှိနေကြောင်း စိတ်ဓာတ်တွေ မြှင့်တင်ပေးခဲ့တယ်လို့ သူတို့နှစ်ဦး ပြောပြချက်တွေအရ ပြန်သိရပါတယ်။ သူတို့နှစ်ယောက်ကို စိတ်ဓာတ် မကျအောင် အချိန်တိုင်း အားပေးနေတဲ့ အထဲမှာ ကော့စမွေ အကျဉ်းထောင်က တာဝန်ရှိသူတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။
ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ နှစ်ဦး ကော့စမွေ အကျဉ်းထောင်ကို ရောက်ရှိလာချိန်က ကိုယ့်ကိုယ်ကို သတ်သေသွားနိုင်တဲ့ အတွက် စောင့်ကြည့်နေရကြောင်း၊ နောက်ပိုင်းမှာ ဒဏ်ရာတွေကြောင့် ဆေးရုံတင်ရကြောင်း စတဲ့ သတင်းတွေ ထွက်လာခဲ့တာဟာ သတင်းမှားတွေဖြစ်ပြီး ဒီအပေါ်မှာ ထောင်မှူးကြီးက စိတ်ပျက်မိတဲ့အကြောင်း မြန်မာသံရုံး အထူးအဖွဲ့တွေကို ညည်းညူလိုက်သေးတယ်လို့ ဆိုပါတယ်။
ကော့စမွေအကျဉ်းထောင်ထဲမှာ တွေ့ဆုံနေတဲ့အချိန် ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ ပေးလိုက်တဲ့ ဖြောင့်ချက်တွေဟာ သူတို့ရဲ့ မိဘတွေအတွက် ဝမ်းသာပီတိဖြစ်သွားစေသလို ဒီအမှုကို မြန်မာအစိုးရဘက်ကနေ လိုက်ပါစုံစမ်းပေးနေတဲ့ မြန်မာသံရုံး အထူးအဖွဲ့အတွက်လည်း ခွန်အားတွေဖြစ်သွားစေခဲ့ပါတယ်။
“အန်ကယ်တို့ အနေနဲ့ ပြောရမယ်ဆိုရင်တော့ ၈၀ ရာခိုင်နှုန်း ဆောင်ရွက်ရကျိုး နပ်တယ်လို့ ပြောရမယ်။ ၂၀ ရာခိုင်နှုန်း ချန်ထားတယ် ဆိုတာကတော့ သူတို့အမှုတွဲ မပိတ်မချင်းက တရားခွင်မှာ အန်ကယ်တို့ ရှင်းရဦးမှာပါ။ ဒါပေမယ့် အမှုနဲ့ ပတ်သက်လို့ ခြုံငုံကြည့်မယ်ဆိုရင် ပြစ်ဒဏ်ကြီးတဲ့ ဒီလိုပြစ်မှုကြီးတွေမှာ အမှုတွဲတည်ဆောက်တဲ့လူဟာ ပေါ့ပေါ့တန်တန် တည်ဆောက် ပြီးတော့ တရားခံကို အပြစ်ပေးလို့ မရဘူး။ ဒါကြောင့်မို့ တရားခံသည် သံသယအကျိုးကို ခံစားရမယ်ဆိုတာ ဥပဒေမှာရှိတယ်။ ဒီအတိုင်းဖြစ်အောင်လုပ်မှာ” လို့ သံရုံး အထူးအဖွဲ့ရဲ့ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။
ဇော်လင်းနဲ့ ဝင်းဇော်ထွန်းတို့က ဒီအမှုနဲ့ပတ်သက်ပြီး လုံးဝ ပတ်သက်မှု မရှိကြောင်း ပြောဆိုလိုက်ပြီးတဲ့နောက် မြန်မာသံရုံး အဖွဲ့ဟာ နာရီပိုင်းအတွင်းမှာပဲ သက်ဆိုင်ရာ ကော့စမွေမြို့နယ် တရားသူကြီးရုံးမှာ ကန့်ကွက်လွှာ တင်လိုက်သလို ၄ ရက်အကြာမှာ ဘန်ကောက်မြို့ပေါ်မှာရှိတဲ့ တရားရုံးချုပ်မှာလည်း ကန့်ကွက်လွှာ ထပ်တင်ခဲ့ပါတယ်။
မြန်မာနိုင်ငံသားနှစ်ဦးကို လူသတ်တရားခံအဖြစ် သံသယနဲ့ စွပ်စွဲပြီး ထိုင်းရဲတပ်ဖွဲ့က အမှုဖွင့်ထားတဲ့အတွက် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး အထူးအဖွဲ့အနေနဲ့ အမှုမှန်ပေါ်ပေါက်ရေး ထိုင်းနိုင်ငံ ရှေ့နေများကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်နေပါတယ်။
“ဒီအမှုက မှန်မှန်ကန်ကန်နဲ့ အမှုမှန်ပေါ်ပေါက်ဖို့ လိုပါတယ်။ မှားယွင်းဆုံးဖြတ်ခဲ့ရင် ထိုင်း၊ မြန်မာနဲ့ ဗြိတိန်တို့ ၃ နိုင်ငံအကြားမှာ နစ်နာစရာတွေ ဖြစ်ကုန်မယ်။ ကျနော်တို့ကတော့ ဥပဒေအတိုင်း မှန်မှန်ကန်ကန်ဖြစ်အောင် အဆုံးအထိ လုပ်မှာပါ” လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်းမောင်ကလည်း ပြောပါတယ်။
ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းပေါ်က ဗြိတိန်နိုင်ငံသား နှစ်ဦး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ခြိမ်းခြောက်မှုတွေ၊ နှိပ်စက်မှုတွေ၊ ဖျားယောင်းမှုတွေနဲ့ လူသတ်တရားခံအဖြစ် ဝန်ခံခဲ့ရတယ်ဆိုတဲ့ ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ရဲ့ ဖွင့်ဟဝန်ခံချက်တွေဟာ အမှုတခုလုံးကို ပြောင်းပြန်ဖြစ်သွားစေနိုင်တဲ့ အနေအထားကို ရောက်ရှိသွားပြီ ဖြစ်ပါတယ်။
သူတို့ရဲ့ဝန်ခံချက်ဟာ လိုက်ပါဆောင်ရွက်ပေးနေတဲ့ ထိုင်းဥပဒေပညာရှင်တွေ၊ မြန်မာသံရုံး အထူးအဖွဲ့တွေ အတွက် အရေးပါတဲ့ အထောက်အကူဖြစ်သလို စောင့်ကြည့်နေကြတဲ့ ထိုင်း-မြန်မာပြည်သူတွေအတွက်လည်း အားရကျေနပ်စေခဲ့ပါတယ်။
အထူးသဖြင့် သားဖြစ်သူ ဝင်းဇော်ထွန်းရဲ့ သတင်းကိုကြားကတည်းက မစားနိုင်မအိပ်နိုင်ဘဲ သားဇောနဲ့ အိမ်ပေါ်က ခုန်ချပြီး ကိုယ့်ခေါင်းကို ခဲနဲ့ ထုနှက်ခဲ့တဲ့ ဒေါ်မေသိန်း တယောက်လည်း သားဖြစ်သူနဲ့ ကော့စမွေ အကျဉ်းထောင်မှာတွေ့ပြီး ပြန်ထွက်လာ ကတည်းက အပြုံးမပျက်နိုင်ဘူး ဖြစ်နေပါတယ်။
ကော့စမွေ အကျဉ်းထောင်မှာ တွေ့ခွင့်ရတုန်းက သားဖြစ်သူ အနားမှာထိုင်ပြီး တချိန်လုံး ဖက်တွယ်နေတဲ့ ဒေါ်မေသိန်း က “သတင်းကြားရတဲ့နေကတော့ သားလေးကို ဘာလုပ်လိုက်ကြမလဲလို့ စိတ်ထိခိုက်တာပေါ့။ ဒီအမှုမှာ လုံးဝ ပါဝင်ပတ်သက်မှု မရှိဘူးလို့ ဒီနေ့ သားက သူပွင့်ပွင့်လင်းလင်းနဲ့ ပြောပြလိုက်တဲ့အတွက် စိတ်ထဲမှာ လုံးဝပေါ့သွားတယ်။ သား ပြန်လွတ်လာမယ်လို့ စိတ်ထဲမှာ ယုံကြည်သွားတယ်” လို့ ပြောပါတယ်။