မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အတွင်းမှာ သတင်းရယူနေတုန်း အစိုးရ စစ်တပ် နယ်မြေခံ ခြေမြန်တပ်ရင်း ခမရ (၂၀၈) က ဖမ်း ဆီးတာ ခံရပြီးနောက် အသတ်ခံလိုက်ရတဲ့ အလွတ် သတင်းထောက် ကိုပါကြီး (ခေါ်) ကိုအောင်ကျော်နိုင်ရဲ့ သတင်းက တော် တော် လေး တုန်လှုပ်စရာကောင်းပါတယ်။
ရုံးလုပ်ထုံးလုပ်နည်းအတိုင်း မလုပ်တဲ့ အစိုးရစစ်တပ်ရဲ့ ထုတ်ပြန်ချက်တရပ်မှာတော့ လက်နက်ကိုင် အဖွဲ့အစည်းတခုက ဗိုလ် အဆင့် ရှိတဲ့ ကိုအောင်ကျော်နိုင် (ကိုပါကြီး)ကို ခမရ(၂၀၈)က ထိန်းသိမ်းထားစဉ်မှာ အစောင့်စစ်သားရဲ့ လက်နက်ကို လုယူထွက် ပြေးဖို့ ကြိုးပမ်းတဲ့အတွက် ပစ်ခတ်ဖမ်းဆီးခဲ့ရတယ်လို့ ဆိုထားပါတယ်။
ကိုပါကြီး ကျိုက်မရောဒေသမှာ သတင်းရယူနေတုန်း ပျောက်ဆုံးမှုကို မိသားစုဝင်တွေ၊ လုပ်ဖော်ကိုင်ဖက်တွေက ဝိုင်းဝန်းကြိုးပမ်း ရှာဖွေရင်း တလအကြာမှာ ဒီသတင်း ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ကိုပါကြီး ကို အခုလိုတရားလက်လွတ် သတ်ဖြတ်လိုက်တာနဲ့ ပတ်သက်ပြီး အမှုမှန် ပေါ်ပေါက်ဖို့၊ တရားမျှတမှုရရှိဖို့ အတွက် ဝေဖန် ပြောဆိုမှုတွေ ကျယ်ကျယ် လောင်လောင် ထွက်ပေါ်ခဲ့ပါတယ်။
အဲဒီနောက် အောက်တိုဘာလ ၂၆ ရက်နေ့မှာတော့ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း) အပါအဝင် အရပ်ဘက် အဖွဲ့အစည်းပေါင်း ၄၀ ကျော်က အမှုမှန်ပေါ်ပေါက်ဖို့နဲ့ တရားမျှတမှုရရှိဖို့ စုပေါင်း ကြေညာချက်ထုတ်ပြန်ပြီး မြို့တော်ခန်းမရှေ့မှာ တောင်းဆို ဆန္ဒထုတ်ဖော်ကြပါတယ်။
ဒါက လတ်တလောဖြစ်ပျက်ခဲ့တဲ့ မတရားမှုတခုအတွက် အမှန်တရားနဲ့ တရားမျှတမှုရရှိဖို့ အားကောင်းလာတဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းတွေရဲ့ တောင်းဆို တိုက်ပွဲဝင်မှု တခုပါ။
ကချင်ဒေသမှာလည်း ၂၀၁၁ ခုနှစ်မှာ စစ်ပွဲတွေပြန်ဖြစ်ပြီးတဲ့နောက် အရပ်သားတဦးဖြစ်တဲ့ ဆွမ်လွတ်ရွယ်ဂျာ ပျောက်ဆုံး သွားတာ၊ (လက်စတုန်း ဖျောက်ဖျက်ခံရတယ်လို့ ယူဆရပါတယ်) အောက်တိုဘာလ ၂၈ ရက်နေ့မှာ ၃ နှစ်ပြည့်သွားပြီဖြစ်ပေမယ့် ဒီနေ့အချိန်ထိ သူ့ရဲ့ကံကြမ္မာနဲ့ ပတ်သက်ပြီး စစ်တပ်က သတင်းထုတ်ပြန်တာ၊ မိသားစုဝင်တွေကို တရားဝင် အကြောင်းကြားတာ မရှိသေး ပါဘူး။
၂၀၁၁ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့မှာ အသက် ၂၈ နှစ်အရွယ်ရှိ ဆွမ်လွတ်ရွယ်ဂျာ ဟာ ခင်ပွန်း၊ ယောက္ခမဖြစ်သူတို့နဲ့အတူ မိုးမောက်မြို့နယ်၊ ခိုင်ဘန်ကျေးရွာအနီးက တောင်ယာမှာ အလုပ်လုပ်နေတုန်း အစိုးရ ခြေလျင် တပ်ရင်း ခလရ (၃၂၁) က စစ်သားတွေရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတာပါ။
စစ်တပ်က သူတို့ ၃ ဦးကို ကချင် လွတ်လပ်ရေး တပ်မတော် (KIA) နဲ့ ပတ်သက်တယ်လို့ သံသယရှိလို့ ဖမ်းဆီးခဲ့တာဖြစ်ပြီး စစ် တပ် အတွက် ပေါ်တာအဖြစ် စားနပ်ရိက္ခာတွေ သယ်ပို့ပေးနေရတုန်း ခင်ပွန်းနဲ့ ယောက္ခမက ထွက်ပြေးလွတ်မြောက်သွားပေမယ့် ဆွမ်လွတ်ရွယ်ဂျာကတော့ မလွတ်မြောက်ခဲ့ပါဘူး။
မျက်မြင်သက်သေတွေအဆိုအရ ဖျောက်ဖျက်မခံရမီအထိ ရှေ့တန်းစစ်စခန်းမှာ ဆွမ်လွတ်ရွယ်ဂျာကို တွေ့မြင်ခဲ့ရတယ်လို့ သိရပါတယ်။ ဆွမ်လွတ်ရွယ်ဂျာ ဖျောက်ဖျက်ခံရမှုနဲ့ အဓမ္မဖမ်းဆီးခံရမှုတို့အတွက် အမှန်တရားနဲ့ တရားမျှတမှုရရှိဖို့ ခင်ပွန်းဖြစ်သူက ကြိုးပမ်းခဲ့ပါတယ်။ ၂၀၁၂ မတ်လမှာ ခင်ပွန်းဖြစ်သူက ဒီအမှုနဲ့ပတ်သက်ပြီး တရားရုံးချုပ်အထိ တင်သွင်းခဲ့ပေမယ့် ပယ်ချခံခဲ့ရပါတယ်။
အခုလို ဆွမ်လွတ်ရွယ်ဂျာ ပျောက်ဆုံးသွားတာနဲ့ ပတ်သက်ပြီး ၃ နှစ်ပြည့်တဲ့ ကာလမှာ အမှန်တရားနဲ့ တရားမျှတမှု ပေါ်ပေါက်ဖို့ အစိုးရကို တောင်းဆိုထားတဲ့ စာကို အရပ်ဘက်လူ့အဖွဲ့အစည်းတွေ၊ အမျိုးသမီးအဖွဲ့တွေ၊ လူ့အခွင့်အရေးကာကွယ် စောင့်ရှောက် သူတွေ စုပေါင်းလက်မှတ်ရေးထိုးပြီး မြန်မာ့ လူ့အခွင့်အရေး ကော်မရှင်ကို ပေးပို့သွားကြမှာ ဖြစ်ပါတယ်။
အရပ်ဘက် လူ့အဖွဲ့အစည်းတွေ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေ အားကောင်းလာတာနဲ့အမျှ မတရားသဖြင့် အပြစ်ပေး၊ အရေးယူခံရသူတွေအတွက် အမှန်တရားနဲ့ တရားမျှတမှုရှာဖွေရေး လမ်းကြောင်းဟာ တဖြည်းဖြည်း ပီပြင်ထင်ရှားလာတာ တွေ့ရမှာဖြစ်ပါတယ်။
မကြာသေးခင်ကလည်း ထိုင်းနိုင်ငံ လိပ်ကျွန်း (Koh Tao) မှာ အင်္ဂလိပ်စုံတွဲ တတွဲ အသတ်ခံရတာနဲ့ ပတ်သက်ပြီး အဲဒီကျွန်းမှာ အလုပ်လုပ်နေတဲ့ မြန်မာပြည်သား မောင်ဇော်လင်းနဲ့ မောင်ဝင်းဇော်ထွန်း တို့လက်ချက်ဖြစ်တယ်လို့ ထိုင်းရဲက စွပ်စွဲပြီး စွဲချက်တင် ဖို့ ကြိုးစားခဲ့ပေမယ့်၊ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ထိုင်းရဲတွေရဲ့လုပ်ရပ်ကို သံသယဖြစ်နေတဲ့ ထိုင်း ပြည်သူတွေ၊ ထိုင်း ရှေ့နေများကောင် စီ၊ ထိုင်း လူမှုအဖွဲ့အစည်းတွေ၊ မှုခင်းဆိုင်ရာ ကျွမ်းကျင်သူ တွေရဲ့ထောက်ပြ၊ ဝေဖန်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာပြီးတဲ့နောက် အမှုကို စစ်ဆေးဖို့ ဗြိတိသျှ ကျွမ်းကျင်သူတွေရော၊ မြန်မာအာဏာပိုင်တွေပါ ပါဝင် ပတ်သက်လာရတဲ့အထိ ဟိုးလေးတကျော် ဖြစ်သွားခဲ့ပါတယ်။
ဒီကိစ္စမှာလည်း အမှန်တရားနဲ့ တရားမျှတမှုဟာ နယ်စည်းမခြားတာကို ပြလိုက်တာ ဖြစ်ပြီး အမှုမှန်ပေါ်ပေါက်ဖို့ နီးစပ်လာတဲ့ သဘောဖြစ်ပါတယ်။
နိုင်ငံတကာမှာလည်း ချီလီနိုင်ငံက အာဏာရှင်ဟောင်းကြီး ပီနိုချေး (Augusto Pinochet) ၁၉၉၈ ခုနှစ်မှာ လန်ဒန်ကို အလည် အပတ် ထွက်နေတုန်း သူနိုင်ငံကို ၁၇ နှစ်တာ တာဝန်ယူစဉ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ သတ်ဖြတ်မှုတွေအတွက် နိုင်ငံတကာ ဖမ်း ဆီးမှု ဝရမ်းနဲ့ ဖမ်းဆီးတာ ခံခဲ့ရပါတယ်။ နောက်ပိုင်းမှာ သူ့အမှုတွေကို စုံစမ်းစစ်ဆေးနေ တုန်း ကျန်းမာရေး အရ ချီလီကို ပြန်ပို့ခဲ့ပြီး သူ့ကိုစွဲဆိုထားတဲ့ စွဲချက်တွေ ရင်ဆိုင်နေတုန်းမှာဘဲ ၂၀၀၆ ခုနှစ်မှာ ကွယ်လွန်သွားပါတယ်။
ကင်ညာနိုင်ငံမှာလည်း ၂၀၀၇ ခုနှစ် ရွေးကောက်ပွဲကာလအတွင်း အကြမ်းဖက်မှုတွေအတွက် နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ ခုံရုံး(ICC) မှာ ကင်ညာသမ္မတ ကို စုံစမ်းစစ်ဆေးတာတွေ ပြုလုပ်ခဲ့ပါတယ်။
အာဂျင်တီးနားနိုင်ငံမှာလည်း ၁၉၇၆ ခုနှစ်ကနေ ၁၉၈၃ ခုနှစ်အထိ စစ်အာဏာရှင်တွေ ကျူးလွန်ခဲ့တဲ့ “ညစ်ညမ်းသော စစ်ပွဲ” အတွင်း စက်ရုံအလုပ်သမား ၃၀ ကျော်ကို ပြန်ပေးဆွဲမှု၊ နှိပ်စက်ညှဉ်းပန်းမှုတွေအတွက် နိုင်ငံရဲ့နောက်ဆုံး စစ်အာဏာပိုင် ရေနယ်ဒို ဘစ်နန်း (Reynaldo Bignone) ကို မကြာသေးခင်က အာဂျင်တီးနား တရားရုံးက ထောင်ဒဏ် ၂၃ နှစ် ချမှတ်ခဲ့ပါတယ်။
ဒါတွေကတော့ လတ်တလောဖြစ်ပျက်နေတဲ့ ကိစ္စတွေအတွက် အမှန်တရားနဲ့ တရားမျှတမှု ပေါ်ပေါက်ဖို့ ကြိုးစားနေကြသလို၊ အတိတ်က ဖြစ်ပျက်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက်လည်း အမှန်တရားနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုတို့အတွက် တိုင်းပြည်တွင်းမှာ ဖြစ်စေ၊ နိုင်ငံတကာ အသိုင်းအဝိုင်းမှာဖြစ်စေ ဆောင်ရွက်နေတဲ့ ပြယုဂ်တွေ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာလည်း ကိုပါကြီးတို့လို၊ ဆွမ်လွတ်ရွယ်ဂျာတို့လို မကြာခင်က ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေအပေါ် အမှန်တရားနဲ့ တရားမျှတမှု ရရှိအောင် ဝိုင်းဝန်းထုတ်ဖော်နိုင်ခဲ့ကြလို့သာ လူသိထင်ရှား ဖြစ်လာပေမယ့် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီး မရှေးမနှောင်းမှာဘဲ စတင်ခဲ့တဲ့ ပြည်တွင်းစစ်အတွင်း မထင်မရှားနဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရ၊ ညှဉ်းပန်း နှိပ်စက်ခံရ၊ သတ်ဖြတ်ခံရလို့ ပျောက် ဆုံး သွားသူတွေ ဒုနဲ့ဒေးရှိနေတာ လူ့အခွင့်အရေးအဖွဲ့ အစည်းတွေရဲ့ မှတ်တမ်းတွေ၊ အစီရင်ခံစာတွေအရ သိရပါတယ်။
လက်ရှိအစိုးရက ကြွေးကြော်နေတဲ့ “ဒီမိုကရေစီ အသွင်ကူးပြောင်းရေး” ကို ဖြတ်သန်းနေတဲ့ အချိန်မှာ အတိတ်က လူ့အခွင့်အရေး ချိုးဖောက်ခံရသူတွေအတွက် အမှန်တရားနဲ့ တရားမျှတမှု ဖော်ဆောင်ရေးဟာလည်း အသွင်ကူးပြောင်းရေးနဲ့အတူ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။
အစိုးရအနေနဲ့ကတော့ ၂၀၁၁ ခုနှစ်ကစလို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေး ရရှိအောင် ကြိုးပမ်းတဲ့ အနေနဲ့ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲတွေ အကောင်အထည် ဖော်နေဆဲဖြစ်ပါတယ်။
လက်ရှိကာလဟာ တနိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး ရရှိဖို့ဆွေးနွေး နေဆဲဖြစ်လို့ အစိုးရ စစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေသာ ဆွေးနွေးနေကြတာဖြစ်ပြီး နိုင်ငံရေးပါတီတွေနဲ့ လူမှုအဖွဲ့အစည်းတွေ ပါဝင်နိုင်ခြင်း မရှိသေးပါဘူး။
ဒါ့အပြင် နှစ်ဘက် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတွေကနေ အတိတ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် အမှန်တရား ဖော်ထုတ်ရေး ကော်မရှင်လိုမျိုး ဖွဲ့စည်းဆောင် ရွက်သင့်တယ် သို့မဟုတ် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု အတွက် ဘယ်လို ယန္တရားတွေနဲ့ ဆောင်ရွက်ကြမလဲဆိုတာလည်း မကြားရသေးပါဘူး။
အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ကို အသွင်ကူးပြောင်းသွားတဲ့ နိုင်ငံမျိုးတွေမှာထက် ပဋိပက္ခလွန်နိုင်ငံတွေမှာ အမှန်တရား ဖော်ထုတ်ရေး ကော်မရှင်တွေဖွဲ့စည်းပြီး အတိတ်က လူ့အခွင့်အရေးကိစ္စတွေ ကိုင်တွယ်ဆောင်ရွက်ရတာ ပိုမို ခက်ခဲတတ်ပေမယ့် အယ်လ်ဆာဗေဒိုနိုင်ငံ(၁၉၉၂ ခုနှစ်) နဲ့ ဂွာတီမာလာနိုင်ငံတို့မှာ (၁၉၉၄ ခုနှစ်) ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေရဲ့ ရလဒ်အဖြစ် ကော်မရှင်တွေ ဖွဲ့စည်းဆောင်ရွက်နိုင်ခဲ့ပါတယ်။
အာဂျင်တီးနားနိုင်ငံမှာ ၁၉၇၆ ကနေ ၁၉၈၃ ခုနှစ်အတွင်း စစ်အာဏာရှင်စနစ် အောက်မှာ သား၊ သမီးတွေ ပျောက်ဆုံးသွားတဲ့ မိခင်တွေဟာ Plaza De Mayo ရင်ပြင်မှာ စုရုံးကြရင်းနဲ့ အမှန်တရားနဲ့ တရားမျှတမှုကို ဖော်ဆောင်နိုင်တဲ့အထိ လှုပ်ရှားမှု အား ကောင်းလာသလိုမျိုး မြန်မာနိုင်ငံမှာလည်း အရပ်ဘက် အဖွဲ့အစည်းတွေ အားကောင်း မောင်းသန်ဖြစ်လာတာနဲ့အမျှ အမှန်တရားနဲ့ တရားမျှတမှု ရှာဖွေရေး လမ်းကြောင်းတွေလည်း ပိုမိုထင်ရှား၊ လမ်းပွင့်လာမယ်လို့ ယုံကြည်ပါတယ်။
ဒါ့အပြင် အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ အပစ်အခတ် ရပ်စဲရေးဆွေးနွေးပွဲ၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာလည်း အရပ်ဘက် အဖွဲ့အစည်းတွေရဲ့အသံ၊ အထူးသဖြင့် နှစ်ပေါင်းရှည်ကြာ ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် အမှန်တရားနဲ့ တရားမျှတမှုတွေ ဘယ်လိုရှာဖွေ ဆောင်ရွက်သင့်သလဲဆိုတဲ့ အသံတွေ ပိုမို ထင်ဟပ် လာစေသင့်ပါတယ်။ ။