ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) အဖွဲ့ကြီးအနေဖြင့် ဦးအောင်ကျော်နိုင် (ခ) ကိုပါကြီး သေဆုံးမှုတွင် အာဏာပိုင်များကို တရားဝင် မှန်မှန်ကန်ကန် အရေးယူဆောင်ရွက်ပေးရေး ပါဝင်တိုက်တွန်းပေးရန် လိုသည်ဟု ယုံကြည်သည်။
မြန်မာနိုင်ငံတွင် ရုံးဖွင့်ထားသော UNESCO မှ အရာရှိများ အနေဖြင့် နေပြည်တော်မှ အာဏာပိုင်များကို ဆက်သွယ်ပြီး အမှုမှန် ပေါ်ပေါက်ရေးအတွက် တိုက်တွန်း ပြောကြားရန် လိုသကဲ့သို့ ဦးအောင်ကျော်နိုင် (ခ) ကိုပါကြီး၏ မိသားစုအား လိုအပ်သော အကူအညီများ၊ တရားဥပဒေဘောင်အတွင်းမှ ဆောင်ရွက်စရာ ရှိသည်များ၊ အကာအကွယ်ပေးရမည့် ကိစ္စများကို အမြန် စတင်ဆောင်ရွက်သင့်သည်။
UNESCO အဖွဲ့ကြီး၏ ညွှန်ကြားရေးမှူးချုပ် Irina Bokova သည် မက္ကဆီကိုနိုင်ငံမှ Citizen Journalist (CJ) ဖြစ်သူ Maria del Rosario Fuentes Rubio အသတ်ခံရမှုနှင့် ပတ်သက်ပြီး မကြာသေးခင်က တရားဝင် ကြေညာ ချက် ထုတ်ကာ အာဏာပိုင်များကို တရားဝင် စစ်ဆေးဖော်ထုတ်မှုများ ပြုလုပ်ရန် ပြောဆိုခဲ့သည်။
Fuentes Rubio သည် ဆေးဘက်ဆိုင်ရာ ဆရာဝန်တဦးဖြစ်ပြီး မက္ကဆီကိုနိုင်ငံရှိ မူးယစ်မှောင်ခိုဂိုဏ်းများ အကြောင်း ကိုTwitter အပါအဝင် တခြားလူမှု ကွန်ရက် မီဒီယာများကို အသုံးပြု၍ သူနေထိုင်ရာ ဝန်းကျင်က လူအများစုကို သတင်းဖြန့်ချိပေးခဲ့သူ တဦးဖြစ်သည်။
သူ၏ ရဲရင့် ပြောင်မြောက်သော လုပ်ရပ်များကြောင့် မူးယစ်မှောင်ခိုများက အောက်တိုဘာလ ၁၆ ရက်နေ့တွင် သူ့အား လက်စတုံး သတ်ဖြတ်ခဲ့သည်။
ထိုကဲ့သို့ CJ သတင်းထောက်ကို ရက်ရက်စက်စက် လက်စတုံး သတ်ဖြတ်မှုအား UNESCO အဖွဲ့ကြီး၏ ညွှန်ကြားရေး မှူးချုပ်က ရှုတ်ချခဲ့သကဲ့သို့ အစိုးရကိုလည်း ချက်ခြင်း အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန် တရားဝင် တောင်းဆိုခဲ့သည်။
ထို့ကြောင့် မြန်မာနိုင်ငံတွင် အလွတ်သတင်းထောက် ဦးအောင်ကျော်နိုင် ပျောက်ဆုံး သေဆုံးမှုအတွက် UNESCO ကလည်း အလားတူ ဆောင်ရွက်ပေးသင့်သည်။
UNESCO အဖွဲ့ကြီးသည် စစ်အစိုးရ အုပ်ချုပ်နေစဉ်အတွင်း ၂၀၀၁ ခုနှစ်တွင် Guillermo Cano World Press Freedom Prize ဖြင့် သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ကို အမြင့်ဆုံး ဆုချီးမြှင့်ခဲ့သလို၊ မြန်မာနိုင်ငံ တံခါးဖွင့်ပြီး နောက်ပိုင်းတွင်လည်း မြန်မာအစိုးရ၏ ပြန်ကြားရေး ဝန်ကြီးဌာနအပြင် သတင်း စာ ဆရာများ၊ သတင်းထောက်များနှင့် ပူးပေါင်းပြီး လွတ်လပ်စွာ ဖော်ထုတ်ရေးသားခွင့်၊ သတင်းစာလွတ်လပ်ခွင့်တိုး တက်ရေးနှင့် မီဒီယာ ကွန်ဖရင့်များကို ကျင်းပပေးခဲ့သော ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းကြီး ဖြစ်သည်။
ဦးအောင်ကျော်နိုင် (ခ) ကိုပါကြီး အသတ်ခံရပြီး ဖျောက်ဖျက်ခံရမှုအတွက် UNESCO ၏ တရားဝင် ပါဝင်ကူညီမှုကို လိုအပ်သည်ဟု ခိုင်ခိုင်မာမာ ယုံကြည်မိပါကြောင်း။