အစိုးရ စစ်တပ်က ဖမ်းဆီးသွားပြီးနောက် သုံးနှစ်ကြာ ပျောက်ဆုံးနေသည့် ကချင်အမျိုးသမီး ဆွမ်လွတ်ရွယ်ဂျာ အမှုအား သေချာစွာစုံစမ်း၍ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးအရေးယူပေးရန် ပြည်တွင်း၊ ပြည်ပ လူမှုအဖွဲ့အစည်း ၁၂၀ ကျော်က အစိုးရထံသို့ လက်မှတ် ထိုး တောင်းဆိုလိုက်သည်။
လက်မှတ်ထိုးသော အဖွဲ့အစည်းများမှာ ၈၈ မျိုးဆက် ငြိမ်းချမ်းရေး နှင့် ပွင့်လင်း လူ့ အဖွဲ့အစည်း၊ ပဲခူး လူငယ်အဖွဲ့အစည်း၊ ကချင်ငြိမ်းချမ်းရေး ကွန်ရက်၊ Equality Myanmar ၊ ချင်းလူငယ် အဖွဲ့အစည်း၊ Burma Campaign UK ၊ Burma Partmership ၊ အမျိုးသမီး အသံ၊ အမျိုးသမီး အဖွဲ့အစည်း ကွန်ရက် (မြန်မာ) အပါအဝင် လူမှု အဖွဲ့အစည်းပေါင်း ၁၂၄ ဖွဲ့ဖြစ်သည်။
၂၀၁၁ ခုနစ် အောက်တိုဘာ ၂၈ ရက်တွင် ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ခိုင်ဘန် ကျေးရွာ တောထဲ၌ တောင်ယာခုတ်နေသည့် အသက် ၂၈ နှစ်အရွယ်ရှိ ဆွမ်လွတ်ရွယ်ဂျာနှင့် ခင်ပွန်း၊ ယောက္ခမ သုံးဦးတို့ကို ကချင်လွတ်လပ်ရေး တပ်မတော်(KIA)နှင့် အဆက် အသွယ်ရှိသည်ဟု စွပ်စွဲပြီး အစိုးရ ခြေလျင် တပ်ရင်း အမှတ် ၃၂၁ မှ တပ်သားများက အဓမ္မ ဖမ်းဆီးခေါ်ဆောင်ရာ၌ ခင်ပွန်းနှင့် ယောက္ခမက ထွက်ပြေး လွတ်မြောက်ခဲ့သော်လည်း ဆွမ်လွတ်ရွယ်ဂျာ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။
“သူ့ခင်ပွန်းကိုယ်တိုင် နိုင်ငံတော် သမ္မတဆီကို စာပို့ခဲ့ပါတယ်။ သက်ဆိုင်ရာ အာဏာပိုင်တွေက ချုပ်နှောင်ထားတယ် ဆိုတာ မမှန် ကန်ကြောင်း ပြောခဲ့တယ်။ အစပိုင်းကတော့ မျက်မြင်သက်သေ ရွာသားတွေက တောင်ပေါ်မှာ တွေ့သေးတယ်။ တလ နှစ်လ နောက်ပိုင်းမှာကျတော့ မတွေ့တော့ဘူးလို့ ပြောပါတယ်။ ကျနော်တို့ကတော့ အသက်ဆုံးရှုံးပြီလို့ ခံယူထားပါတယ်”ဟု ကချင် ငြိမ်းချမ်း ရေး ကွန်ရက်မှ တာဝန်ခံ ဦးမရန်ဂျော်ဂွန်း( Maran Jaw Gun) က ဧရာဝတီသို့ ပြောသည်။
ထိုအမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရန်အတွက် လွတ်လပ်ပြီး တရားမျှတသည့် လွှတ်တော် ကော်မရှင် တရပ်ဖွဲ့ပေးရန်၊ ပြစ်မှုကျူးလွန်သူများကို ရှာဖွေပြီး ရာထူး၊ အဆင့်အတန်း မရွေးဘဲ တရားဥပဒေအရ ရင်ဆိုင်ဖြေရှင်းရန်၊ လက်နက်ကိုင် ပဋိပက္ခများနှင့် အပစ် ရပ်ဒေသများရှိ အမျိုးသမီးများကို အကြမ်းဖက်ခြင်း အပါအဝင် တိုင်းရင်းသား လူနည်းစုများအပေါ် လူသားချင်းဆိုင်ရာ စာနာမှုကင်း မဲ့သော အကြမ်းဖက်မှုများ နှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ချက်ချင်းရပ်တန့်ရန်တို့ကို လူမှုအဖွဲ့အစည်းများက ယနေ့ ထုတ်ပြန်ချက်တွင် ထည့်သွင်း ရေးသားထားသည်။
“နိုင်ငံတကာအဖွဲ့အစည်းနဲ့အတူ သံရုံးကနေဆင့် ဒီကိစ္စကို အမြန်ဆုံး လက်ရှိ အစိုးရအပေါ်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုကို ဖိအားပေးနိုင်ဖို့အတွက် လုပ်ဆောင်သွားမှာပါ။ လက်ရှိတော့ ကျနော်တို့ လူ့အခွင့်အရေး ကော်မရှင်ကို တင်ပြထားပြီး သွားပါပြီ”ဟု ဦးမရန်ဂျော်ဂွန်း က ပြောသည်။
ထိုဖြစ်ရပ်သည် မြန်မာ့ တပ်မတော်မှ ရည်ရွယ်ချက်ရှိရှိဖြင့် ကျူးလွန်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း၊ ယင်းအမှုတွင် မျက်မြင်သက်သေအဖြစ် ခင်ပွန်းနှင့် ယောက္ခမ ရှိနေကြောင်းလည်း ဦးမရန်ဂျော်ဂွန်းက ဆက်လက် ပြောဆိုသည်။
ကချင်အမျိုးသမီး ဖျောက်ဖျက်ခံရသည့် အမှုနှင့်ပတ်သက်ပြီး မိသားစုဝင်များက စုံစမ်းပေးရန်နှင့် အဓမ္မ ခေါ်ဆောင်သွားခဲ့သည့် စစ် သားများကို အမှုဖွင့် အရေးယူပေးရန် အာဏာပိုင်များကို အကြိမ်ပေါင်းများစွာ တိုင်ကြားခဲ့သော်လည်း အစိုးရတပ်မတော် အပါအဝင် ဒေသဆိုင်ရာ အာဏာပိုင်များက စုံစမ်းစစ်ဆေးရန် ငြင်းဆိုခဲ့သည်ဟု ဆိုသည်။
၂၀၁၂ ခုနှစ် မတ်လတွင်မူ ဆွမ်လွတ်ရွယ်ဂျာ၏ ခင်ပွန်းက ၂ လ ခန့် ကြို၍ တင်သွင်းထားသည့် စုံစမ်းစစ်ဆေးရန် ဆင့်ခေါ်စာကို တရားရုံးက ပယ်ချခဲ့ကြောင်း သိရသည်။
“လူ့အခွင့်အရေး ကော်မရှင်ကို တင်ပြပြီးတင်မကဘူး၊ သူတို့အနေနဲ့ တိကျတဲ့ သေချာတဲ့ သူကိုရော အပြစ်ပေးမှုတွေရှိလား။ ဒီလိုဖြစ်ရခြင်းက တရားဥပဒေ စိုးမိုးမှု မရှိတာကြောင့်ဖြစ်တယ်”ဟု လူ့အခွင့်အရေးဆိုင်ရာ သင်တန်းများပေးနေသည့် Equality Myanmar ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မျိုးမင်း က ဧရာဝတီသို့ ပြောသည်။
ဦးအောင်မျိုးမင်း က ဆက်လက်၍ ထိုအမှုနှင့် ပတ်သက်ပြီး သက်ဆိုင်ရာကို အကြိမ်ကြိမ်တိုင်ကြားခဲ့သော်လည်း အဖြေတစုံတရာ မရရှိခဲ့ကြောင်း၊ တရားဥပဒေအရ အမှန်တရား ဖော်ထုတ်ရေးအတွက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ပြောဆိုသည်။
ထို့ပြင် ယခုနှစ် စက်တင်ဘာ လကုန်ပိုင်းတွင်လည်း အလွတ်သတင်းထောက် ကိုပါကြီး(ခ) ကိုအောင်ကျော်နိုင်သည် မွန်ပြည်နယ် ကျိုက်မရောမြို့သို့ သတင်းယူရန် သွားရောက်စဉ် အစိုးရ စစ်တပ်က ဒီမိုကရေစီ အကျိုးပြု ကရင် အမျိုးသား တပ်မတော်(DKBA) မှဟု ထင်မှတ်ပြီး ဖမ်းဆီး ထိန်းသိမ်းထားရာမှ ပစ်ခတ် သတ်ဖြတ်မှု ဖြစ်ပွားခဲ့သေးသည်။
၂၀၁၁ ဇွန်လမှ စတင်ဖြစ်ပွားခဲ့သည့် လက်နက်ကိုင်ပဋိပက္ခများအတွင်း ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ အမျိုးသမီးနှင့် ကလေးသူငယ်ပေါင်း ၇၀ ကျော်ကို အစိုးရ စစ်တပ်က လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုများပြုလုပ်ခဲ့ကြောင်း၊ အနည်းဆုံး လူ ၂၀ ခန့်သတ်ဖြတ်ခံခဲ့ကြရကြောင်း လူမှုအဖွဲ့အစည်း ၁၂၀ ကျော်၏ ယနေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံသည် ၂၀၁၄ ခုနှစ်အတွက် အာဆီယံ အလှည့်ကျ ဥက္ကဌ တာဝန် ယူထားခြင်း ဖြစ်သည်။
အာဆီယံ လူ့အခွင့်အရေး ကြေညာစာတမ်းတွင် လူတိုင်းသည် အသက်ရှင်ခွင့်၊ အချုပ်အနှောင် ကင်းလွတ်ခွင့်၊ အကာအကွယ်ရှိခွင့် ရှိရမည်ဟု ဖော်ပြထားသည်။
လူ့အခွင့်အရေး ချိုးဖောက်ခံရပါက အခြေခံဥပဒေ သို့မဟုတ် ဥပဒေ အရ ထိထိရောက်ရောက် အဖြေရှာပေးနိုင်ရန် လူတိုင်းတွင် အခွင့်အရေး ရှိကြောင်းလည်း အာဆီယံ လူ့အခွင့်အရေး ကြေညာစာတမ်းတွင် ဖော်ပြထားကြောင်း ယနေ့ ထုတ်ပြန်ချက်၌ ပါရှိ သည်။