ဧရာဝတီတိုင်း ဒေသကြီး လပွတ္တာမြို့နယ်ရှိ စပါးစိုက်ခင်းများအတွင်း ရေငန်များ ဝင်ရောက်၍ စိုက်ပျိုးထားသော စပါးများ ပျက်စီး သွားခြင်းကြောင့် ဒေသခံ လယ်သမားများ စားဝတ်နေရေး ခက်ခဲခြင်း၊ စိုက်ပျိုး စရိတ် ချေးငွေများ ပြန်မဆပ်နိုင်ခြင်း စသည့် အခက် အခဲများနှင့် ကြုံတွေ့ နေရကြောင်း သိရသည်။
လပွတ္တာမြို့နယ် ဆင်ခြေရာကျေးရွာအုပ်စု သင်္ကန်းလေးကျေးရွာ အနီးရှိ သင်္ကန်းလေး – ဝဲဒေါင့် ရေတံခါးသည် သြဂုတ်လ နောက် ဆုံးပတ် အတွင်းက ကျိုးပေါက်ပျက်စီးခဲ့ပြီးနောက် စပါးစိုက်ခင်းများ အတွင်းသို့ ပင်လယ်ရေငန်များ ဝင်ရောက်ခဲ့သည့်အပြင် အချိန် ၁ လ ကျော်ကြာ ရေမြုပ်ခဲ့၍ စပါးပင်များ ပျက်စီးသွားခဲ့ကြောင်း သင်္ကန်းလေးကျေးရွာမှ လယ်သမားများ က ပြောသည်။
သင်္ကန်းလေးရွာခံ လယ်သမား ဦးလှအေး က “စက်တင်ဘာလ ၁၀ ရက်ကတည်း က ရေမြုပ်ခဲ့တာပါ။ အချိန် ၁ လကျော်လောက် ရေမြုပ်သွားတော့ ကျနော့်လယ် ဧက ၄၀ ရှိတာ ဧက ၂၀ ပျက်စီးသွားတယ်။ ရွာထဲမှာ ဆိုရင်လည်းပဲ လယ်တွေ လုံး၀ မရိတ် လိုက် ရတဲ့ လယ်သမား ၁၅ ဦးလောက် ရှိတယ်။ ဧက ၃၀၀၀ လောက် ရေမြုပ်ခဲ့ရာမှာ ဧက ၁၅၀၀ လောက် ပျက်စီးသွားတယ်”ဟု ဧရာဝတီ ကို ပြောသည်။
လပွတ္တာမြို့နယ်အတွင်းမှ ဆင်ခြေရာအုပ်စု၊ သင်္ကန်းလေး၊ အောင်ဇံကုန်းနှင့် နလင်ကျော် စသည့် ကျေးရွာများမှ လယ်သမားများ ၏ လယ်ယာမြေများ ပါဝင်ကြောင်း၊ စိုက်ပျိုး မြေများ ပျက်စီးသွားခြင်းကြောင်း့၊ လယ် တဧကလျှင် စိုက်ပျိုးစရိတ် ၈ သောင်းကျပ် အနည်းဆုံး ကုန်ကျရာ လယ်ဧက ၁၀၀၀ ကျော် ပျက်စီးသွားသည့် အတွက် ဆုံးရှုံးမှု တန်ဖိုးမှာ ကျပ်သိန်း ၈၀၀ ကျော် ရှိနိုင်ကြောင်း လယ်သမားများ က ပြောဆိုကြသည်။
လယ်မြေများ ရေနစ်မြုပ်နေခြင်းနှင့်ပတ်သက်၍ လပွတ္တာမြို့နယ် ဆည်မြောင်းဦးစီးဌာနသို့ အကြောင်းကြားခဲ့သော်လည်း အချိန်မီ လာရောက် လုပ်ဆောင်ပေးခဲ့ခြင်းမရှိဟု သင်္ကန်းလေးကျေးရွာမှ ဒေသခံ လယ်သမားများ က ပြောသည်။
သင်္ကန်းလေး ကျေးရွာ ဒေသခံ ဦးအောင်အောင် က“လယ်တွေမြုပ်နေလို့ ရေတံခါးကို ပြန်လုပ်ပေးဖို့၊ ရေထိန်းတာ လုပ်ပေးဖို့ ဆည် မြောင်းကို တင်ပြတော့ ခင်ဗျားတို့ ရေတံခါးက ကိုယ့်အားကိုယ်ကိုး လုပ်ထားတာဖြစ်လို့ သူတို့နဲ့မဆိုင်ဘူးလို့ ပြောပါတယ်”ဟု ပြော ပြ သည်။
ထိုအကြောင်းအရာနှင့်ပတ်သက်၍ သတင်းဂျာနယ် တခုတွင် ရေးသားဖော်ပြခဲ့ပြီးနောက် ရေထိန်းတံခါးကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်း က ပြန်လည် ဆေင်ရွက်ပေးခဲ့ကြောင်း ဒေသခံများ က ပြောသည်။
ဧရာဝတီတိုင်း စိုက်ပျိုးရေးဌာန ဒု တိုင်းဦးစီးမှူး ဦးမျိုးဇော် က လယ်ယာမြေများ ပျက်စီးမှု အခြေအနေများအား ကွင်းဆင်း တိုင်းတာ ရန် သက်ဆိုင်ရာက ညွှန်ကြားထားကြောင်း၊ လယ်မြေ ပျက်စီး ဆုံးရှုံးသွားသည့် လယ်သမားများအတွက် စိုက်ပျိုးစရိတ် ချေးငွေများကိုလည်း အရစ်ကျ စနစ်ဖြင့် ပေးဆပ်နိုင်ရန် ကူညီပေးသွားမည်ဟု ပြောဆိုသည်။
“လယ်ကွင်းထဲမှာ ဆားငန်ရေပါဝင်မှု အခြေအနေကို တိုင်းတာပြီးတော့မှ လယ်ဧက ပျက်စီးမှု စာရင်းလုပ်ဖို့ ညွှန်ကြားထားပါတယ်၊ ဆည်မြောင်းကတော့ ရေတံခါး ပြန်လုပ်ပေးနေပြီလို့ သိရပါတယ်။ စိုက်ပျိုးစရိတ် ပြန်ဆပ်ဖို့ ကိစ္စကိုတော့ သက်ဆိုင်ရာ စိုက်ဘဏ်၊ အုပ်ချုပ်ရေးပိုင်းတွေနဲ့ တိုင်ပင်ပြီး လယ်သမားတွေက အရစ်ကျ ပေးဆပ်လို့ရအောင် ကျနော်တို့ တင်ပြပေးသွားမှာပါ”ဟုလည်း ၎င်းက ပြောသည်။
ဧရာဝတီတိုင်း ရေကြည်မြို့နယ်တွင်လည်း ပြီးခဲ့သည့် သြဂုတ်လအတွင်းက အင်းပိတ်၍ ငါးဖမ်းမှုကြောင့် လယ်ဧက ၆၀၀ ကျော် ရေနစ်မြုပ် ပျက်စီးမှု ဖြစ်ပွားခဲ့သေးသည်။