ထိုင်းနိုင်ငံ လိပ်ကျွန်း လူသတ်မှုတရားခံတွေအဖြစ် စွပ်စွဲဖမ်းဆီးခံထားရတဲ့ မောင်ဝင်းဇော်ထွန်းနဲ့ မောင်ဇော်လင်းတို့ နှစ်ဦး နှိပ်စက် ညှဉ်းပန်း ခံရမှု ရှိမရှိနဲ့ တရားမျှတမှုရရှိရေး အတွက် ထိုင်းအမျိုးသား လူ့အခွင့်အရေး ကော်မရှင်နဲ့ ထိုင်းနိုင်ငံ ရှေ့နေများ ကောင်စီ တို့က ပူးပေါင်းဖော်ထုတ်သွားမယ်လို့ သိရပါတယ်။
လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံလိုက်ရတဲ့ ဖြစ်စဉ်မှာ လုံးဝပတ်သတ်ခြင်းမရှိဘဲ ရဲနဲ့ စကားပြန်တို့က ရိုက်နှက် ခြိမ်းခြောက်မှုတွေကြောင့် ဝန်ခံခဲ့ရတာဖြစ်ကြောင်း မောင်ဝင်းဇော်ထွန်းနဲ့ မောင်ဇော်လင်းတို့ရဲ့ ထွက်ဆိုချက်တွေကို မိဘတွေက ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာရှိတဲ့ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ရုံးကို အောက်တိုဘာ ၂၈ ရက်နေ့မနက်ပိုင်းက သွားရောက် ပေးပို့ခဲ့ပါတယ်။
မြန်မာလူငယ်နှစ်ဦးရဲ့ ထွက်ဆိုချက်တွေကို ရရှိချိန်မှာပဲ ထိုင်းနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ Dr. Nirun Pitakwatchara က စွပ်စွဲဖမ်းဆီး ခံထားရတဲ့ လူငယ်နှစ်ဦးရဲ့ မိဘတွေ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး အထူးစုံစမ်းရေးအဖွဲ့နဲ့ ထိုင်း-မြန်မာ သတင်းမီဒီယာတွေရဲ့ ရှေ့မှောက်မှာ ရှင်းလင်းပြောဆိုလိုက်တာဖြစ်ပါတယ်။
“ဒီအမှုနဲ့ ပတ်သက်ပြီး မိဘတွေက သူတို့ရဲ့ ကလေးတွေ ညှဉ်းပန်းနှိပ်စက်ခံရတယ်၊ ခြိမ်းခြောက်မှုတွေခံရတယ်။ ဆိုပြီးတော့ ဒီလူ့အခွင့်အရေး ကော်မရှင်မှာ လာပြီးတော့တောင်းဆိုတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အဖြေမှန်ပေါ်ပေါက်ဖို့ အတွက် စုံစမ်း စစ်ဆေးဖို့အတွက် တာဝန်ရှိလာတယ်။ ဒါကြောင့် လူ့အခွင့်အရေးကော်မရှင်အနေနဲ့ ရှေ့နေများကောင်စီနဲ့ ပူးပေါင်းပြီးတော့ ကလေးတွေညှဉ်း ပန်းနှိပ်စက်ခံရတဲ့ ကိစ္စကို အဖြေရှာဖို့၊ စုံစမ်းစစ်ဆေးဖို့ ဆက်လက်ပြီးလုပ်ဆောင်သွားမှာပါ”လို့ ဥက္ကဋ္ဌ Dr. Nirun Pitakwatchara က ပြောပါတယ်။
ထိုင်းနိုင်ငံကို ရောက်ရှိလာခဲ့ကြတဲ့ မောင်ဝင်းဇော်ထွန်းနဲ့ မောင်ဇော်လင်းတို့ရဲ့ မိဘတွေက အခုလ ၂၄ ရက်က ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး အထူးစုံစမ်းရေးအဖွဲ့နဲ့ အတူ ကော့စမွေ အကျဉ်းထောင်မှာ သွားရောက်တွေ့ဆုံ မေးမြန်းခွင့်ရရှိခဲ့ရာမှာ သားဖြစ်သူတွေက လူသတ်မှုမှာ လုံးဝ ပါဝင်ပတ်သက်မှုမရှိတဲ့ကြောင်း၊ ရိုက်နှက်ခြိမ်းခြောက်မှုတွေ၊ ဖျားယောင်းမှုတွေကြောင့် ဝန်ခံခဲ့တာ ဖြစ်ကြောင်း မိဘတွေ ရှေ့မှောက်မှာ ထွက်ဆိုခဲ့ပါတယ်။
အဲဒီထွက်ဆိုချက်တွေနဲ့အတူ သားဖြစ်သူတွေ တရားမျှတမှုရရှိရေးအတွက် မိဘတွေက အောက်တိုဘာ ၂၈ ရက်နေ့ မနက်ပိုင်းမှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ရှေ့နေချုပ်ရုံးနဲ့ ထိုင်းအမျိုးသား လူ့အခွင့်အရေးကော်မရှင်ရုံးတို့မှာ သွားရောက် တင်ပြတောင်းဆိုခဲ့ကြ တာဖြစ်ပါတယ်။
“အခုလို လာရောက်တောင်းဆိုရတာဟာ အပြစ်မရှိတဲ့ ကျနော်တို့ သားတွေကို တရား မျှမျှတတ ဆောင်ရွက်မှုရရှိဖို့ အတွက်ပါ”လို့ မောင်ဝင်းဇော်ထွန်းရဲ့ ဖခင် ဦးထွန်းထွန်းထိုက်က ဘန်ကောက်မြို့ရှိ ရှေ့နေချုပ်ရုံးကို ထွက်ဆိုချက်တွေ ပေးပို့အပြီးမှာ သတင်း မီဒီယာတွေကို ပြောဆိုခဲ့ပါတယ်။
မြန်မာလူငယ် နှစ်ဦး စွပ်စွဲဖမ်းဆီးခံထားရမှုကို တရားမျှတမှုရရှိရေးအတွက် ထိုင်းအမျိုးသား လူ့အခွင့်အရေး ကော်မရှင်နဲ့ ထိုင်းနိုင်ငံ ရှေ့နေများကောင်စီတို့နဲ့ အတူ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ အနေနဲ့ ဆက်လက်ပူးပေါင်း ဆောင်ရွက် သွားမယ်လို့ မြန်မာသံရုံး အတွင်းဝန် ဦးထွန်းအေး ကလည်း ပြောဆိုပါတယ်။
ထိုင်းအမျိုးသား လူ့အခွင့်အရေး ကော်မရှင် အနေနဲ့ မောင်ဝင်းဇော်ထွန်း၊ မောင် ဇော်လင်းအပါအဝင် မူလက ထိုင်းရဲတွေရဲ့ တရား လိုပြ သက်သေအဖြစ် ပြောဆိုခဲ့တဲ့ မောင်မောင်တို့နဲ့လည်း တွေ့ဆုံမေးမြန်းပြီး ဖြစ်သလို ဖြစ်စဉ်နဲ့နီးစပ်သူတွေကိုလည်း လိုက်လံ မေးမြန်းစုံစမ်း ထားပြီးဖြစ်တယ်လို့ Dr. Nirun Pitakwatchara က ဆိုပါတယ်။
ဒီလူသတ်မှုနဲ့ပတ်သက်ပြီး သွားရောက်စုံစမ်းတဲ့ ထိုင်းရဲတပ်ဖွဲ့တွေရဲ့ ထွက်ဆိုချက်တွေဟာလည်း ကွဲလွဲမှုတွေရှိနေပြီး ဒါတွေကို ဖော်ထုတ်နိုင်ရေး ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ အောက်တိုဘာ ၂၇ ရက်က လိပ်ကျွန်းလူသတ်မှုနဲ့ ပတ်သက်ပြီး ထိုင်းအမျိုးသား လူ့အခွင့်အရေး ကော်မရှင်နဲ့ ထိုင်းရဲတပ်ဖွဲ့တို့ ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ်ဖို့ ကမ်းလှမ်းခဲ့ပေမယ့် ရဲတပ်ဖွဲ့ဘက်က ရောက် မလာ ခဲ့ဘူးလို့လည်း သူက ဆက်ပြောပါတယ်။
မောင်ဝင်းဇော်ထွန်းနဲ့ မောင်ဇော်လင်းတို့ကို ထိုင်းနိုင်ငံတောင်ပိုင်း Koh Tao ခေါ် လိပ်ကျွန်းပေါ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၅ ရက် က ဗြိတိန်နိုင်ငံသား နှစ်ဦး အသတ်ခံခဲ့ရမှုမှာ တရားခံတွေအဖြစ် ထိုင်းရဲက စွပ်စွဲဖမ်းဆီးထားပြီး လူသတ်မှု၊ မုဒိန်းမှု၊ ပစ္စည်း လုယူမှု၊ တရားမဝင် ခိုးဝင်မှု၊ အမှုထိန်ချန်မှု တို့နဲ့ တရားစွဲဆိုထားပါတယ်။