သတင်း

အမေရိကန် သံအမတ်ကြီး ကချင်ပြည်နယ်သို့ ၃ ကြိမ်မြောက် သွားရောက်လေ့လာ

This article has been converted from Zawgyi One to Unicode

အမေရိကန် သမ္မတ မစ္စတာ အိုဘားမား လာမည့်လအတွင်း မြန်မာပြည်သို့ လာရောက်မည့် ခရီးစဉ်မတိုင်မီ တင်ကြို၍ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စတာ ဒဲရက် မစ်ချယ် (Derek Mitchell) သည် စစ်ဘေးသင့် ကချင်ပြည်နယ်သို့ ပြီးခဲ့သည့်တပတ်အတွင်း သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။

မြန်မာအစိုးရနှင့် တနိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးအတွက် ဆောင်ရွက်နေစဉ်အတွင်းမှပင် အစိုးရတပ်နှင့် ကချင်လက်နက်ကိုင်များအကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပေါ်နေသည့် ကချင်ပြည်နယ်သို့ သမ္မတ အိုဘားမား သွားရောက်မည့် အစီအစဉ်ကိုမှု ကြေညာခြင်း မရှိသေးပေ။

အမေရိကန် သံရုံး၏ အောက်တိုဘာ ၂၇ ရက်နေ့ ထုတ်ပြန်ချက်အရ သံအမတ်ကြီး ဒဲရက် မစ်ချယ်သည် ကချင်ပြည်နယ်သို့ သွားရောက် လေ့လာစဉ်အတွင်း ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) မှ အကြံပေး ပုဂ္ဂိုလ်များ၊ ဘာသာရေးဆိုင်ရာ အကြီးအကဲများ၊ မြစ်ကြီးနားအခြေစိုက် ငြိမ်းချမ်းရေးနှင့် ညှိနှိုင်းဆောင်ရွက်သူများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

သံအမတ်ကြီး ဒဲရက် မစ်ချယ်သည် တာဝန်စတင်ထမ်းဆောင်သည့် ၂၀၁၂ ဇူလိုင်လမှ စ၍ ကချင်ပြည်နယ်သို့ သွားရောက်ခဲ့သည်မှာ ၃ ကြိမ်မြောက်ရှိပြီဖြစ်ပြီး ယခု နောက်ဆုံးအခေါက်တွင်လည်း ရွှေ့ပြောင်းဒုက္ခသည်များရှိရာ ဒုက္ခသည်စခန်းများသို့ သွားရောက်ခဲ့ကြောင်းလည်း သိရသည်။

KIO ၏ အကြံပေးလုပ်ငန်းအဖွဲ့ (TAT) မှ ပြောခွင့်ရပုဂ္ဂိုလ်က သံအမတ်အား အဖွဲ့အစည်း၏ အပစ်အခတ်ရပ်စဲရေးအပေါ် ထားရှိသည့် အမြင်များကို ရှင်းပြခဲ့ပြီး ဒေသတွင်း ဖြစ်ပေါ်နေသည်များကိုလည်း ပြောပြခဲ့သည်ဟု ဧရာဝတီသို့ ပြောသည်။

TAT မှ ပြောခွင့်ရ ဦးဒေါင်ခါးက “သံအမတ်က သူတို့ အမေရိကန် ဘက်ကနေ အစိုးရကို တွန်းအားပေးသွားပြီး
ဒီမိုကရေစီ အပြောင်းအလဲ ကာလအတွက်လည်း ကူညီတာတွေ လုပ်သွားမယ်လို့ အာမခံသွားပါတယ်” ဟု ပြောသည်။

သံအမတ်ကြီး ဒဲရက် မစ်ချယ်က ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းစဉ်များတွင် ပါဝင်ေသော အမေရိကန်၏ အခန်းကဏ္ဍနှင့် ရှေ့ဆက်လုပ်ဆောင်သွားရန် စိတ်အားထက်သန်မှုရှိကြောင်း ပြောဆိုခဲ့သည်ဟု သိရသည်။

TAT အဖွဲ့က အမေရိကန် သံအမတ်ကြီးအား နောက်ဆုံးအခြေအနေများကို ရှင်းပြခဲ့ကြောင်း၊ ဖားကန့်၌ ကျောက်စိမ်းတူးဖော်သည့် လုပ်ငန်းများကို ပိတ်ပင်တားမြစ်ထားရာမှ ယခုအခါ ပြန်လည် ခွင့်ပြုခဲ့ပြီးနောက် အစိုးရနှင့် လက်နက်ကိုင် အဖွဲ့အစည်းများအကြား အခွန်ပြဿနာများ ဖြစ်ပေါ်နေကြောင်း၊ ဖားကန့်တွင် စစ်တပ်များ တပ်ဖြန့်ထားမှုကြောင့် စိုးရိမ်စရာအခြေအနေရှိကြောင်း ပြောဆိုခဲ့သည်ဟု ဦးဒေါင်ခါးက ဧရာဝတီသို့ ပြောသည်။

အမေရိကန် သံရုံး၏ ထုတ်ပြန်ချက်တွင် အမေရိကန်အနေဖြင့် ဖားကန့်ဒေသတွင် ဖြစ်ပေါ်လျက်ရှိသော တင်းမာမှုများအတွက် စိုးရိမ်မိကြောင်း အလေးပေးဖော်ပြခဲ့သည်။ အစိုးရတပ်က ပြည်သူများနေထိုင်ရာနေရာများ၌ တပ်များ ဖြန့်ကျက်ထားခြင်းသည် အာဏာပိုင်များအပေါ် အထင်လွဲမှားမူကို တိုးပွားလာစေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကချင်ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်များကို ခြိမ်းခြောက်လျက်ရှိသည့် အပြုအမူများမှာ သေကြေပျက်စီး ဆုံးရှုံးမှုများကို တိုးလာစေခြင်း၊ ယုံကြည်မှု ပျက်ပြားလာစေခြင်းနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအတွက် အဟန့်အတား ဖြစ်စေခြင်းတို့ကို ပေါ်ပေါက်စေနိုင်သည်ဟုလည်း ထုတ်ပြန်ချက်က ဆိုသည်။

သံရုံးမှ သွားရောက်လေ့လာခဲ့သည့် ဒုက္ခသည်စခန်းများမှ အခြေအနေများသည် ကချင်ပြည်နယ်တဝန်းရှိ ပြည်သူများ ကြုံတွေ့ခံစားနေရသည်များအနက်မှ အနည်းအကျဉ်းမျှသာ ရှိသေးသည်ဟုလည်း မှတ်ချက်ပြုထားသည်။

ယခုဖြစ်ပွားနေသော ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ရှိ ထိတွေ့ပစ်ခတ်မှုများအရ အစိုးရဘက်မှ မျှောမှန်းထားသည့်အချိန်ကာလအတွင်း ပြီးမြောက်ရန် ဖြစ်နိုင်ချေ နည်းပါးလျက်ရှိပြီး အစိုးရနှင့် တိုင်းရင်းသားများအကြား ဆွေးနွေးရန် ချိန်းဆိုမှုများလည်း ဆက်တိုက် ရွှေ့ဆိုင်းနေကြသည်။

ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်များအတွင်း ဖြစ်ပေါ်နေသော အရှုပ်အထွေးများကြောင့်လည်း ကရင်အမျိုးသားအစည်းအရုံး (KNU) ကဲ့သို့သော အင်အားကြီးမားပြီး သက်တမ်းရှည်ကြာသည့် အဖွဲ့အစည်းများအကြားတွင်လည်း သဘောထားကွဲလွဲမှုနှင့် တင်းမာမှုများ ရှိနေကြောင်း သိရသည်။

ထိုင်းနိုင်ငံရှိ ကချင် တက်ကြွလှုပ်ရှားသူ တဦးဖြစ်သူ မွန်းနေလီက အမေရိကန် သံအမတ် ကချင်ပြည်နယ်သို့ လာရောက်ခြင်းကို ကြိုဆိုကြောင်းနှင့် ထိုသို့လာရောက်ခြင်းအားဖြင့် တိုင်းရင်းသားလူမျိုးများ နေထိုင်ရာ ဒေသများအတွင်း လူထု၏ ခံစားချက်များကို သိမြင်နိုင်ဖြစ်ကြောင်း ပြောသည်။

ကချင်အမျိုးသမီး အဖွဲ့အစည်း၏ ပြောရေးဆိုခွင့်ရှိသူနှင့် Women’s League of Burma မှ ကိုယ်စားလှယ် ဖြစ်သူ မွန်းနေလိ က“ကချင်လူထုက ခေါင်းဆောင်တွေထက် ပိုပြီး ဒုက္ခခံစားရပါတယ်။ သူတို့တွေက စစ်ပွဲတွေရဲ့ ဆိုးကျိုးတွေဖြစ်တဲ့ အသက်အန္တရာယ် ထိခိုက်မှု၊ ပစ္စည်းဥစ္စာ ဆုံးရှုံးမှု၊ မူးယစ်ဆေးစွဲမှု၊ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရမှု စတာတွေကို တကယ် တိုက်ရိုက်ခံစားရသူတွေ ဖြစ်ပါတယ်” ဟု ဆိုသည်။

မပြည့်စုံသေးသည့် အပစ်အခတ်ရပ်စဲရေး စာချုပ်တွင် လက်မှတ်မထိုးစေချင်ကြောင်း၊ ထိုစာချုပ်က တိုင်းရင်းသား လူနည်းစု တန်းတူညီမျှရေးအတွက် အာမခံချက် မရှိကြောင်းလည်း၊ အမေရိကန်အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများက စာချုပ်တွင် လက်မှတ်ထိုးရန် ဖိအားပေးလာခဲ့ပါက ကန့်ကွက်မှုများ လုပ်ဆောင်မည်ဖြစ်ကြောင်း သူက ဆက်ပြောသည်။

Loading