တပ်မတော်ရဲ့ လွှတ်တော် ဖျက်သိမ်းရေး အကြံပြုခွင့် တောင်းဆိုမှု စစ်အုပ်ချုပ်ရေး စနစ်ဆီ ဦးတည်တာလား
This article has been converted from Zawgyi One to Unicode
နိုင်ငံတော်သမ္မတ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့ အပါအဝင် အဖွဲ့ဝင် ၁၁ ဦးပါဝင်တဲ့ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာ/လုံ) ရဲ့တာဝန်တွေမှာ “လွှတ်တော်တွေဖျက်သိမ်းဖို့ သင့်၊ မသင့် နိုင်ငံတော်သမ္မတကို အကြံပြု ရမယ်” ဆိုတဲ့ ပြဋ္ဌာန်းချက်ကို ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ထည့်သွင်း ပေးအပ်ဖို့ တပ်မတော်သား လွှတ်တော် ကိုယ်စား လှယ်တွေ ကလွှတ်တော်ကို တင်ပြလာတာမို့ ဒီတင်ပြ တောင်းဆိုမှုက အရင်စစ်အုပ်ချုပ်ရေးစနစ်ဆီကို ပြန်လည် ခြေဦး လှည့်ဖို့ ကြိုးစားလာတာလား ဆိုပြီးမေးခွန်း ထုတ်စရာ ဖြစ်လာပါပြီ။
ပြည်ထောင်စုလွှတ်တော် ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီက အောက်တိုဘာ လလယ်ပိုင်းမှာ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ဆွေးနွေးမှု အစီ ရင်ခံစာကို ထုတ်ပြန်လိုက်ပြီး အဲဒီအစီရင်ခံစာမှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေက အမျိုးသား ကာကွယ် ရေးနဲ့ လုံခြုံရေးကောင်စီရဲ့ တာဝန်တွေအဖြစ် လွှတ်တော်ကို ဖျက်သိမ်းတဲ့အထိ သမ္မတကို အကြံပြုစေခိုင်း နိုင်တဲ့အထိ အာဏာပေးဖို့ ဆိုတဲ့ ပြဋ္ဌာန်း ချက်ကို ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ဖြည့်စွက်ပြဋ္ဌာန်းဖို့ လွှတ်တော်ကို တင်ပြလာပါတယ်။
ဧရာဝတီက ကြည့်ရှုခွင့်ရခဲ့တဲ့ လွှတ်တော် ဖွဲ့စည်းပုံ ပြင်ဆင်နိုင်ရေး ကော်မတီရဲ့ အစီရင်ခံစာမှာ တပ်မတော်ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ အပေါ် ပုဒ်မတခုချင်းစီအလိုက် ပြင်သင့်၊ မပြင်သင့် ဖော်ပြ ထားပြီး အစီရင်ခံစာပါ အချက်တွေနဲ့ ပတ်သက် လို့ နိုဝင်ဘာလလယ်လွှတ်တော်မှာ ဆွေးနွေးဖို့ရှိတယ်လို့ သိရပါတယ်။
အမျိုသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီမှာ သမ္မတ၊ ဒုတိယသမ္မတ ၂ ဦး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ် ရေးဦးစီးချုပ်၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေး ဝန်ကြီး၊ နယ် စပ်ရေးရာဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး စုစုပေါင်း အဖွဲ့ဝင် ၁၁ ဦးပါဝင်ပေမယ့် တပ်မတော် ကာကွယ် ရေးဦးစီးချုပ်က ထောက်ခံတင်မြှောက်ပေးလို့ အကြီးအကဲ စာရင်းဝင် လာတဲ့ ဒုတိယသမ္မတ ၁ ဦး၊ ကာကွယ် ရေး ဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ နယ်စပ်ရေးရာ ဝန်ကြီးတွေက ကာချုပ် ရဲ့ ဘက်တော်သားတွေဆိုရင် မမှား နိုင်ပါဘူး။
ဒါကြောင့် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီမှာပါဝင်နေတဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ တပ်မတော်က တင်မြှောက်တဲ့ ဒုတိယသမ္မတ၊ ကာကွယ်ရေး ဝန်ကြီး၊ ပြည်ထဲရေး ဝန်ကြီး၊ နယ်စပ်ရေးရာ ဝန်ကြီး စုစုပေါင်း ၆ ဦးစလုံးက တပ်မတော်ရဲ့လူတွေ ဖြစ်တာမို့ ကာ/လုံမှာ တပ်မတော်က အခရာပါပဲ။ ကာ/လုံမှာမဲခွဲရင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရဲ့ သဘော အတိုင်း ဖြစ်ချင်တာမှန်သမျှ ဖြစ်ခွင့်၊ လုပ်ခွင့်ရမှာ ဖြစ်ပါတယ်။
ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ လွှတ်တော်တွေ ဖျက်သိမ်းခွင့် အကြံပြုအာဏာကို ကာ/လုံလက်ထဲ ထည့်ပေးဖို့ စစ်တပ်က ကြိုးစားလာတာက ကာကွယ် ရေးဦးစီးချုပ်ကို ပိုပြီး အာဏာကြီးမားလာအောင် လုပ်တာပါပဲ။ ကာကွယ်ရေးဦးစီးချုပ်က ကာ/လုံ အစည်းအဝေးခေါ်ပြီး လွှတ်တော်တွေ ဖျက်သိမ်းဖို့ သမ္မတကို ဖိအားပေး နိုင်တဲ့ အခွင့်အာဏာပေးဖို့ ကြိုးစား ချက်ပဲ ဖြစ်ပါတယ်။
တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေ က ကာ/လုံရဲ့ တာဝန်တွေအဖြစ် ပြဋ္ဌာန်းချက် ၅ ခု ထပ်မံဖြည့်သွင်းရန် ကြိုးပမ်းလျက်ရှိပြီး အဲဒီအထဲမှာ “အာဏာသုံးရပ်အချင်းချင်း အပြန်အလှန် ထိန်းကျောင်း မှုတွေ ယိုယွင်းလာတဲ့အခါ ပြည်သူ့လွှတ်တော် သို့မဟုတ် အမျိုးသားလွှတ်တော်ကို ဖျက်သိမ်းဖို့ သင့်၊ မသင့် နိုင်ငံတော်သမ္မတကို အကြံပေးရမယ်” ဆိုတဲ့ ပြဋ္ဌာန်းချက်နဲ့ “ပြည်သူ့လွှတ်တော် သို့မဟုတ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် အရေအတွက် ၃ ပုံ ၁ ပုံနဲ့ အထက် အကြောင်းအမျိုးမျိုးကြောင့် လစ်လပ်သွားပါက လွှတ်တော်ကိုဖျက်သိမ်းဖို့ သင့်/ မသင့် နိုင်ငံတော် သမ္မတ ကိုအကြံပေးရမယ်” ဆိုတဲ့ ပြဋ္ဌာန်း ချက် ၂ ခုပါဝင်ပါ တယ်။ အဲဒီ ပြဋ္ဌာန်းချက် ၂ ခုသာ ဥပဒေအဖြစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ပြင်ဆင်အတည်ပြု အသက်ဝင်လာ ရင်တော့ ကာ/ လုံက လွှတ်တော်ထက်ပိုပြီး အာဏာရှိလာမှာဖြစ် ပါတယ်။ ကာ/လုံမှာ အဖွဲ့ဝင် ၆ ဦးရှိနေတဲ့ တပ်မ တော် ကာကွယ်ရေးဦးစီးချုပ်ရဲ့ အာဏာကလည်း တိုင်းပြည်ရဲ့ အုပ်ချုပ် ရေး၊ တရားစီရင်ရေးနဲ့ ဥပဒေပြု ရေးမဏ္ဍိုင် ၃ ခုစလုံးကို ကိုင်လှုပ်နိုင်တဲ့အထိ ကြီး မားလာမှာ ဖြစ်ပါတယ်။
တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေ ရဲ့ ကာ/လုံတာဝန်တွေ ဖြည့်စွက်ဖို့ ကြိုးပမ်းလာမှုကြောင့် လွှတ်တော်ထဲမှာလည်း ဂယက်ရိုက်ခတ်မှု ကြီးမားနေတယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေက ဆိုကြပါ တယ်။
ဒီမိုကရေစီ ပြုပြင်ပြောင်းလဲဖို့ ရုန်းကန်နေရတဲ့ အချိန်မှာ တပ်မတော်အနေနဲ့ နိုင်ငံရေးကနေ နောက်ဆုတ်မသွား ဘဲ ရှေ့တိုးလာတဲ့အပေါ် စိုးရိမ် တယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။
ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌလည်းဖြစ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဒေါက်တာ အေးမောင်ကတော့ တပ်မတော်အနေနဲ့ နိုင်ငံရေး ကနေ နောက်မဆုတ်ဘဲ ရှေ့ဆက်တိုးမယ်ဆိုရင် တပ်ပျက်စီးသွားလိမ့်မယ်လို့ သုံးသပ် ပြောဆိုပါတယ်။
“ဒီမိုကရေစီဖြစ်ဖို့ဆိုရင် တပ်က တဖြည်းဖြည်း နောက်ဆုတ်သွားရမှာ။ အခုက တပ်က ပိုပြီးတောင် ရှေ့တိုးလာ တယ်။ အဲဒါမျိုး ရှေ့ကိုတိုးလေ မီးနဲ့ ပိုးဖလံလိုမျိုး ဖြစ်သွားမယ်။ “ပိုးဖလံမျိုး မီးကိုတိုး” ဆိုသလို မီးကတော့ ဘာမှမဖြစ်ဘူး။ နောက်ဆုံး ပိုးဖလံဖြစ်တဲ့တပ်ပဲ ပျက်စီးသွားမှာပေါ့။ အဲဒါကို လက်ရှိဦးဆောင်တဲ့ ပုဂ္ဂိုလ်တွေက မတိုးအပ်ဘူး။ တဖြည်း ဖြည်းကို နောက်ဆုတ်ပြီး တပ်ကို တပ်ကဲ့သို့ တည်ဆောက်သင့်တယ်။ ဒီမိုကရေစီ အဖွဲ့အစည်း၊ ဒီမိုကရေစီလူ့ဘောင်နဲ့ လျော်ညီတဲ့ Professional တပ်မတော်ဖြစ်အောင်ကြိုးစားသင့်တယ်”လို့ ဒေါက်တာ အေးမောင်က ပြောပါတယ်။
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေကတော့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေ ဖြည့်စွက်ပြဋ္ဌာန်းဖို့ ကြိုးစားနေတဲ့ ပြဋ္ဌာန်းချက်တွေက အာဏာရှင်ဆန်လွန်းတယ်လို့ သုံးသပ်ပါတယ်။
“အခြားနိုင်ငံတွေမှာ လွှတ်တော်က သမ္မတကို အယုံအကြည်မရှိ အဆိုတင်သွင်းပြီး သမ္မတကိုဖြုတ် ချတာ။ ဒီမှာ ပြောင်းပြန်ဖြစ်နေတယ်။ ဒါမျိုးကို တခါမှ မကြားဖူးသေးဘူး။ ပြောင်းပြန်ဖြစ်နေပြီ။ အာဏာရှင်ဆန်သွားမှာပေါ့ ဗျာ” လို့ ဦးလှဆွေက ဆိုပါတယ်။
လွှတ်တော်ကိုယ်စားလှယ်တွေကတော့ လွှတ် တော်မှာ တပ်မတော်ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကြိုးပမ်း ချက်ဖြစ်တဲ့ ကာ/လုံ တာဝန် တွေဖြည့်စွက်ဖို့ ဆွေးနွေးလာရင် ကန့်ကွက်သွား မယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တပ်မတော်သား လွှတ်တော်ကိုယ်စား လှယ်တွေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နဲ့ ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့တွေ တောင်းဆို နေတဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကိုလည်း မပြင်ဆင် သင့်ဘူးလို့ သဘောထားမှတ်ချက် ပေးခဲ့တဲ့အပြင် “နိုင်ငံတော်ရဲ့ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်း ကဏ္ဍမှာ တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ဖို့ အစဉ်တစိုက် ဦးတည်တယ်” ဆိုတဲ့ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ပုဒ်မ ၆ (စ) ကိုမပြင်ဆင်ဖို့ သဘော ထား မှတ်ချက် ပေးခဲ့ပါတယ်။