မြန်မာ နိုင်ငံတဝန်းမှ ဆင်းရဲပြီး အခြေခံ ပညာရေး နိမ့်ပါးသည့် အမျိုးသမီးငယ်များ အလုပ်အကိုင် အခွင့်အလမ်း ရရှိရေးအတွက် ယာဉ်မောင်း သင်တန်းကို အခမဲ့ သင်ကြားပေးရန် စီစဉ်နေကြောင်း သိရသည်။
ယင်းအစီအစဉ်ကို ပထမအကြိမ်အဖြစ် မြန်မာ အမျိုးသမီးများ လုပ်ငန်းအခွင့်အလမ်း ဖွံ့ဖြိုးရေး အသင်း(ယာယီ)က ပြုလုပ်ခြင်း ဖြစ် သည်။
သင်တန်းနှင့်ပတ်သက်၍ လျှောက်လွှာများကို စတင် လက်ခံနေပြီ ဖြစ်ပြီး ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၁ရက်တွင် စတင်ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း၊ သင်တန်း တကြိမ်လျှင် အမျိုးသမီး ၁၀ ဦးသာ လက်ခံမည်ဖြစ်ကြောင်း မြန်မာ အမျိုးသမီးများ လုပ်ငန်း အခွင့်အလမ်း ဖွံ့ဖြိုးရေး အသင်း(ယာယီ) မှ ပြန်ကြားရေး တာဝန်ခံ ဦးဖြိုးဝေသိန်း က ဧရာဝတီသို့ ပြောသည်။
၎င်းက “အသက် ၁၈ နှစ် က နေ ၄၀ အထိ ကန့်သတ်ထားပါတယ်။ ယာဉ်မောင်း သင်တန်းကတော့ တလ တည်းပါ၊ ဒါပေမယ့် လိုင်စင်ရတဲ့ အထိတော့ ကူညီပေးသွားမှာပါ၊ ပြီးရင် အလုပ်ရဖို့ အတွက် ချိတ်ပေးမယ်၊ လိုင်းကားတွေ၊ အငှားယာဉ်တွေ ကုမ္ပဏီ တွေ မောင်းလို့ရအောင် လုပ်ငန်းနဲ့ချိတ်ပြီး လုပ်ဆောင်ပေးသွားမယ်”ဟုလည်း ပြောဆိုသည်။
အမျိုးသမီးများ အလုပ်အကိုင်ရရှိရေးအတွက် နောက်ပိုင်းတွင် အများပိုင်ကုမ္ပ္ပဏီအနေဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အမျိုးသားများနှင့်တန်းတူ ရရှိရေးအတွက် အမျိုးသမီးများ ကိုယ်တိုင် ကြိုးစားရမည် ဖြစ်ကြောင်းလည်း အသင်းတည်ထောင်သူ ဒေါ်ကေ ခိုင်အောင်ခင် က ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ ခန်းမ၌ ယနေ့ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ တွင်ပြော ဆိုသည်။
အမျိုးသမီး အရွယ်စုံ ကြုံတွေ့နေရသည့် ယနေ့ခေတ် လူမှုရေး ပြဿနာ အဆင့်ဆင့်နှင့် အကျဉ်းကျ အမျိုးသမီးများ အတွက်လည်း ဗဟုသုတ ပညာပေး စာပေ ဖတ်ကြားပွဲများကို စီစဉ်ဆောင်ရွက်ပေးပြီး အကျဉ်းကျရက် လျှော့ပေါ့စေရန် ဆောင်ရွက်သွားမည်ဟု လည်း ဒေါ်ကေခိုင်အောင်ခင် က ဆက်ပြောသည်။
၎င်းက“ကျမ အနေနဲ့ အမျိုးသမီးတွေ အတွက် သီးသန့် ယာဉ်လိုင်းတွေ အများကြီးပေါ်ထွက်လာအောင်နဲ့ အမျိုးသမီးငယ်တွေ အလုပ် အကိုင် အခွင့်အလမ်းတွေ ရအောင်ဆောင်ရွက်သွားမှာပါ။ အခုဆိုရင် မထသ ၃၁ အမျိုးသမီး သီးသန့် ယာဉ်လိုင်းတွေ ထွက်လာပြီ။ ဒီနှစ် မကုန်ခင်မှာလည်း ပါရမီ ကနေ အမျိုးသမီး သီးသန့် ယာဉ်လိုင်း ထွက်လာဦးမှာပါ”ဟု ပြောဆိုသည်။
မြန်မာ အမျိုးသမီးများ လုပ်ငန်း အခွင့်အလမ်း ဖွံ့ဖြိုးတိုးတက်ရေး အသင်း (ယာယီ) အနေဖြင့် အမျိုးသမီးများ အလုပ်အကိုင် ရရှိရန် အတွက် ပါရမီ ယာဉ်လိုင်းနှင့်ချိတ်ဆက်၍ အမျိုးသမီးများအတွက် ipay ကတ်ကို ဈေးလျှော့ရောင်းပေးသွားမည် ဖြစ်ကြောင်း လည်း ဒေါ်ကေခိုင်အောင်ခင် က ပြောသည်။
“ကျမတို့ MWODA ဆိုတဲ့ တံဆိပ်ရိုက် အကျႌနဲ့ အမျိုးသမီး သီးသန့်အတွက် ထွက်နေတဲ့ ယာဉ်လိုင်းတွေကို တောင်းဆိုထားပါတယ်။ အဲဒီ မိန်းကလေးတွေကို ၆လ ယာဉ်အကူအဖြစ် ဆောင်ရွက်ပေးဖို့ တေင်းဆိုပေးမယ်၊ ဘာလို့လဲဆိုတော့ ယာဉ် စည်းကမ်း၊ လမ်းစည်းကမ်းရော မောင်းမယ့် အနေအထားရော သိအောင်လို့ပါ။ လိုင်စင် အနက် မရခင်မှာ ယာဉ်နောက်လိုက် အဖြစ် လိုက်ပေး ရမယ်”ဟု ၎င်း က ဆက်လက် ပြောဆိုသည်။
ရန်ကုန်မြို့တွင်း၌ အမျိုးသမီးများအတွက် ၃၁ ယာဉ်လိုင်းကို ယခုလ ၂၇ ရက်နေ့က စတင် ပြေးဆွဲနေပြီး ရုံးတက်၊ ရုံးဆင်းချိန်များ အတွင်း ပြေးဆွဲမည်ဟု ဆိုသည်။
ထို့အတူ ပါရမီ ယာဉ်လိုင်းကလည်း ရန်ကုန် မြို့တွင်း သယ်ယူ ပို့ဆောင်ရေး အတွက် အမျိုးသမီး သီးသန့်လိုင်း တခုကို မကြာမီ ပြေးဆွဲမည် ဖြစ်ပြီး တနေ့လျှင် ကား ၁၀ စီးဖြင့် ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။
၂၀၁၂ ခုနှစ်ကလည်း ယာဉ်လိုင်း ၅ ခု က အမျိုးသမီးများအတွက် သီးသန့် ပြေးဆွဲပေးခဲ့သေးသည်။