• English
Monday, July 14, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Politics

၈၈ ရဲ့တိုင်းဆူ ပြည်ဖျက်များကို ဖော်ထုတ်ခြင်း အပိုင်း (၅)

by နေမင်း
30 October 2014
in Politics
A A
၈၈ အရေးအခင်း, စစ်ထောက်လှမ်းရေး, အင်းစိန်ထောင်, ဖုန်းမော်ကော်မရှင်, မဆလအစိုးရ,

သရုပ်ဖော်ပုံ စိုးဝင်းငြိမ်း

16.8k
VIEWS
Share on FacebookShare on Twitter

စာရေးသူ၏ အမှုအား ထောက်လှမ်းရေးများက ရုံးတင်စစ်ဆေးလျှင် အမှုမှန် အဖြစ်မှန်ကို လူထုသိရှိ သွားလျှင် နိုင်ငံရေး အရ လည်းကောင်း၊ ဥပဒေကြောင်း အရ လည်းကောင်း၊ စစ်အစိုးရ အမြတ် မထွက်ဘဲ အရှုံးပေါ်နိုင် သည်ဟု သုံးသပ်ပုံရပါသည်။

ထို့ကြောင့် စစ်အစိုးရသည် အရေးပေါ် စီမံမှုပုဒ်မ ၅(င)(ည) ဖြင့် စာရေးသူအား ရုံးမထုတ်ရဲတော့ ဘဲ နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးသူများ အန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေပုဒ်မ ၁၀ (က) အရ အင်းစိန် ထောင်အတွင်း ပို့၍ ထိန်းသိမ်းမှုကို ၁၉၈၈ ခုနှစ်၊ နိုဝင်ဘာလ နောက်ဆုံးပတ်တွင် ပြုလုပ်ခဲ့ပါသည်။ စာရေးသူ အင်းစိန် ထောင်ထဲသို့ ဝင်ခဲ့ရာတွင် ရေတပ်စစ်ဆွယ်တာ လက်ရှည်ဟောင်း တထည်နှင့် ဆပ်ပြာ၂ တုံးသာ လက်ဝယ်ပါသွားခဲ့ပါသည်။

DSC_4609

စာရေးသူသည် ရှစ်လေးလုံး အရေးတော်ပုံ ကာလတွင် BBC နှင့် ဆက်သွယ်၍ သတင်းများကို ပေးပို့ခဲ့ သောကြောင့် စစ်အစိုးရက ထောင်ချခဲ့သည်။ ၂၀၁၁ ခုနှစ် အောက်တိုဘာ လတွင် နောက်ဆုံး အကြိမ် ထောင်မှ ပြန်ထွက်လာသည်။ ယခုအခါ ရန်ကုန်မြို့တွင် နေထိုင်လျက်ရှိပြီး သမိုင်းဆိုင်ရာ သုတေသန ပြုစုချက်များ ရေးသားနေသည်။

အင်းစိန်ထောင်မှာ ဩဂုတ်လ ၂၆ ရက်နေ့ မှစ၍ မီးလောင် ပျက်စီးသွားခဲ့ပြီ ဖြစ်၍ စာရေးသူ ထောင်ထဲ ရောက်ရှိသွား သောအခါ စစ်အစိုးရသည် ပြင်ပရှိ လမ်းပေါ်မှ ဖမ်းဆီးလာခဲ့သော အခြေအနေမဲ့များ၏ လုပ်အားဖြင့် ထောင်အား ပြန်လည်ဆောက် လုပ်နေချိန်ဖြစ်ပါသည်။ အကျဉ်းသား၊ အချုပ်သား မှတ်ပုံတင်မှုကို ထောင်တံခါးမကြီး အနီး ထောင်နံရံ ဘေးတွင် စားပွဲချ၍ လုပ်ဆောင်နေပါသည်။

RelatedPosts

သက်ရှိစည်းရိုးလို့ ဝါဒဖြန့်ခဲ့တဲ့ ဥကရစ်ထစခန်းကျသွားပြီ (ရုပ်/သံ)

သက်ရှိစည်းရိုးလို့ ဝါဒဖြန့်ခဲ့တဲ့ ဥကရစ်ထစခန်းကျသွားပြီ (ရုပ်/သံ)

13 July 2025
154
ဆရာမောင်သာချို ဈာပနမြင်ကွင်း (ရုပ်/သံ)

ဆရာမောင်သာချို ဈာပနမြင်ကွင်း (ရုပ်/သံ)

13 July 2025
104
NVIDIA က ကမ္ဘာ့ပထမဆုံး ဒေါ်လာ ၄ ထရီလျံ တန်ကြေးရှိ နည်းပညာ ကုမ္ပဏီ ဖြစ်လာ

NVIDIA က ကမ္ဘာ့ပထမဆုံး ဒေါ်လာ ၄ ထရီလျံ တန်ကြေးရှိ နည်းပညာ ကုမ္ပဏီ ဖြစ်လာ

13 July 2025
276

ထောင် ဝန်ထမ်းတဦးသည် နိုင်ငံရေးနှင့် ပတ်သက်သော အကျဉ်းသားဟု ယူဆလျှင် တရားလက်မဲ့ ရိုက်နှက်မှုနှင့် ဂဝံခဲများပေါ်တွင် ဒူးထောက်ခိုင်းသည့် ပြစ်ဒဏ်ကို အဓမ္မ လုပ်ဆောင်နေသည်ကို စာရေးသူတွေ့ရ ပါသည်။

ထို ဝန်ထမ်း စစ်မေး ရိုက်နှက် နေပုံကို ကြည့်ရခြင်း အားဖြင့် စာရေးသူသည် မိမိနာမည် ခေါ်မည့် အလှည့်ကို ရင်တထိတ် ထိတ်ဖြင့် စောင့်နေရပါသည်။

ထူးခြားသည်မှာ အကျဉ်းသားများကို ရိုက်နှက်နေသော ထိုဝန်ထမ်းသည် မိမိရိုက်နှက်တော့မည်ဟု ဟန်ပြင် တိုင်း ဘူးဝတံခါးကြီးပေါ်ရှိ ထောင်ပိုင်နေသော အိမ်၏ ပြတင်းတံခါးပေါက်ကို လေ့လာကြည့် ရှုပြီးမှ ရိုက်နှက် မှု ပြုသည်ကို စာရေးသူ တွေ့မြင် သုံးသပ်မိပါသည်။

ထောင်ပိုင်ကြီးအိမ် ပြတင်းပေါက်တွင် လူတယောက်ယောက် ရှိနေပါက အဆိုပါဝန်ထမ်းသည် ထောင်ထဲဝင် လာသည့် စာရေးသူတို့ လူသစ်များကို ပုံမှန်အတိုင်း စစ်မေးသည့်ဟန် ချက်ချင်းပြောင်းလဲ ပြုမူသည်ကို ထူး ထူးခြားခြား တွေ့ရ ပါသည်။ ဤသို့ ဖြင့် စာရေးသူ၏ နာမည်ကို ခေါ်သည့် အလှည့်ရောက် လာပါသည်။

မင်းက ဘာမှုလဲဟု ဝန်ထမ်းက မေးပါ သည်။ စာရေးသူက “ဘီဘီစီကို သတင်းပို့လို့ပါ” ဟု ဖြေလိုက် သည်နှင့် “ဟားဟားဟား တိုင်းပြည်ကို ဖျက်တဲ့ ကောင် ရောက်လာပြီကိုး၊ ဒီကိုလာခဲ့” ဟု ခေါ်သံကြားချိန်တွင် စာရေးသူသည် ထောင်ပိုင်အိမ် ပြတင်းပေါက်ကို မျှော်လင့်ချက်ဖြင့် ကြည့်လိုက်မိ သော်လည်း စာရေးသူ အလှည့်တွင် တစုံတယောက် မျှ ပြတင်းပေါက်တွင် ပေါ်မလာပါ။ ဝန်ထမ်းသည် သူ့လက်ထဲရှိ ရော်ဘာတုတ်ကို ချိန်ဆသည့်ဟန် လုပ်ပြနေပါသည်။

အဆိုပါ ဝန်ထမ်းရှိသော နေရာသို့ တလှမ်းချင်း ပုံမှန်လျှောက်သွားခဲ့စဉ် အတွင်း စာရေးသူ အနေဖြင့် ကံစီမံရာကိုသာ လက်ခံရ ပါတော့မည်။ ဝဋ်ကြွေးရှိသမျှ ကျေအောင်ဆပ်မည်။ မိမိ၏ ရှေ့နေပညာ၊ ဥပဒေ ပညာအစွမ်းဖြင့် ဤအင်းစိန် ထောင်ကြီးနှင့် သာယာ ဝတီထောင်ကြီး အတွင်းမှ ဥပဒေနှင့် ဆန့်ကျင်အဖမ်း ခံရပြီး၊ မတရား အနှိပ်စက်ခံနေရသော အကျဉ်းသား အချုပ်သားများကို ၁၉၈၈ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နှင့် ၈ ရက် ၂ ရက်နေ့တွင် ပြန်လည်လွတ်မြောက်သွား အောင် မိမိလုပ်ခဲ့ပြီးပြီ။

ဤကိစ္စ အကြောင်းအရာကို စာရေးသူနှင့် မဆလ ပါတီဥက္ကဋ္ဌ ဦးနေဝင်း၊ တရား သူကြီးဥက္ကဋ္ဌ ဦးတင်အောင် ဟိန်း၊ ဥပဒေ အကျိုးဆောင် အဖွဲ့ဥက္ကဋ္ဌ ဦးမြင့်မောင်၊ ဒေါက်တာ မောင်မောင်၊ သမ္မတ ဦးစန်းယုတို့နှင့်တကွ ပြင်ပအဖွဲ့အစည်း အနေဖြင့် ထိုစဉ်က ဗဟိုတရားရုံးရှေ့နေများ ကောင်စီဝင်အချို့၊ ရန်ကုန်ရှေ့နေအသင်းနှင့် အင်းစိန်ရှေ့နေ အသင်း တို့မှ မိတ်ဆွေအချို့တို့သာ မှတ်ဉာဏ်သတိ မချို့ယွင်းလျှင် သိနိုင်မည် ဖြစ်သည်။

ထိုကဲ့သို့ စာရေးသူက ထောင်ထဲတွင် မတရားနှိပ်စက်ခံနေရသူများကို လွတ်မြောက်အောင် လွန်ခဲ့သော ၄ လခန့်က လုပ်ဆောင်ပေးခဲ့သော်လည်း ယခုမိမိသည် စက္ကန့်ပိုင်း အတွင်း မတရား အနှိပ်စက် ခံရတော့မည် ဖြစ်ရာ မိမိဒုက္ခ ရောက်သည့် အချိန်တွင် မိမိကို ကယ်မည့်သူ မရှိတော့ပါလားဟု ကံကြမ္မာကိုပင် ယိုးမယ်ဖွဲ့မိ သည့် အတွေးက ဝင်လာ ပါသည်။
စာရေးသူသည် မိမိအားရိုက်နှက်မည့် ဝန်ထမ်း ရှေ့သို့ တလှမ်းချင်းလျှောက်သွားရင်း အဆိုပါဝန်ထမ်း၏ အမူအရာနှင့် မျက်နှာကို မပြတ် ကြည့်နေမိပါသည်။ အဆိုပါ ဝန်ထမ်း၏ မျက်နှာသည် ခက်ထန်သည့် အမူအရာမှ အံ့ဩတုန်လှုပ် သည့် အမူအရာဘက်သို့ ချက်ချင်းပြောင်းလွဲသွားပါသည်။ စက္ကန့်ပိုင်း အတွင်း၌ပင် နောက်မှ လူတယောက် ပြေးလာသံ နှင့်အတူ “ဟေ့ကောင် မလုပ်နဲ့၊ ဟေ့ကောင်.. အဲဒီလူကို မလုပ်နဲ့” ဟူသော အော်သံနှင့်အတူ ထောင်မှူးကြီး တယောက် စာရေးသူ အနားသို့ ပြေးဝင်လာပါသည်။

ရိုက်နှက်မည် ပြင်ဆင်ထားသော ဝန်ထမ်းအား “မင်း သူ့ကို ဘာမှ မေးစရာ စစ်စရာ မလိုဘူး” ဟုပြောပြီး စာရေးသူအား ၎င်းနှင့် လိုက်ခဲ့ရန် အဆိုပါ ထောင်မှူးကြီးက အနီးရှိ ရိက္ခာရုံး၊ ရုံးခန်းတခုအတွင်း ခေါ်သွား ပါသည်။

စာရေးသူ၏ ဘဝတွင် ကံကြမ္မာ အလှည့်အပြောင်းနှင့် မတည်မြဲမှု တရားသဘောကို မကြာခဏ ကြုံတွေ့ရ လေ့ ရှိပါသည်။ စာရေးသူ အရိုက်ခံရမည့် အခြေအနေမှ စက္ကန့်ပိုင်းအတွင်း လွတ်မြောက်အောင် ကယ်တင် သွားသူ ထောင်မှူးကြီးသည် ဗိုလ်ချုပ်မင်းခေါင် အနောက်ပိုင်းတိုင်း တိုင်းမှူးဘဝမှ ပြည်ထဲရေးဝန်ကြီး ဖြစ် လာချိန်တွင် ဗိုလ်ချုပ်မင်းခေါင် ကိုယ်တိုင် တပ်မှ ပြည်ထဲရေး လက်အောက်ခံ အကျဉ်းဦးစီးဌာနသို့ ထောင်မှူး ကြီး ရာထူးဖြင့် ခေါ်လာခဲ့သူ တပ်မတော်သား တဦးဖြစ်ကြောင်း စာရေးသူနောက်မှ သိရပါသည်။

ဗိုလ်ချုပ်မင်းခေါင်သည် စာရေးသူက ဦးနေဝင်း ထံတင်ပြတိုင်ကြားခဲ့သော အမှုတွဲအထောက်အထား များကြောင့် ပြည်ထဲရေးဝန်ကြီးတာဝန်မှ ပြုတ်သွားခဲ့ သူဖြစ်ပါသည်။

မိမိ၏ဆရာ ပြည်ထဲရေးဝန်ကြီးကို ရာထူးပြုတ်သွားစေခဲ့သော စာရေးသူအား အဆိုပါ ထောင်မှူးကြီးသည် အဘယ်စေ့ဆော်သော တရား သဘောကြောင့် စာရေးသူအား အန္တရာယ်ဘေးမှ လွတ်မြောက်စေခဲ့သည်ကို ယနေ့တိုင် မခန့်မှန်းနိုင် ခဲ့ပါ။

စာရေးသူ တခုတော့ ပြောနိုင်ပါသည်။ အဆိုပါ ထောင်မှူးကြီးသည် စာရေးသူအား ၎င်းနေထိုင်ရာ ရုံးခန်း အတွင်း ခေါ်သွားပြီးနောက် စာရေးသူအား   “ခင်ဗျားရဲ့ အမှုကို ကျနော် အလွန် စိတ်ဝင်စားတယ် ဗျာ၊ ခင်ဗျားပြောနိုင်သမျှ ပြောပေးပါလား ဟု ထူးထူးခြားခြား မေတ္တာရပ်ခံသည့် သဘောမျိုး ပြောပါသည်။

စာရေးသူကလည်း မိမိအပေါ်တွင် ထောက်လှမ်းရေး စစ်ကြောမှုများ မပြီးဆုံးသေးကြောင်း၊ စစ်ကြောမှု မပြီးဆုံးသေးဘဲ သတင်းစာနှင့်တီဗွီတွင် စာရေးသူ၏ အမှုကို ကြိုတင်ပုံဖော် ရေးသားပြီး ထောင်ထဲသို့ ထည့်လိုက်သဖြင့်သာ မိမိ ထောင်ထဲရောက်လာရခြင်း ဖြစ်ပါသည်။ မကြာမီ ထောက်လှမ်းရေးများ ထောင်ထဲရောက်လာပြီး စစ်မေးဦးမည် ယူဆပါသည်။

စစ်ကြောရေး ကာလမပြီးဆုံးမီ မိမိ၏ဇာတ်လမ်း အကြောင်းအရာကို ပြင်ပပုဂ္ဂိုလ် တယောက်ကို ကြိုတင်ပြီး မပြောပါရစေနဲ့ဟု ပြန်ပြောသောအခါ အဆိုပါထောင်မှူးကြီးသည် နားလည်ခွင့်လွှတ်သည့် အနေဖြင့် ဒီလိုဆိုလည်း မပြောဘဲ နေနိုင်ပါသည်။ သက်ဆိုင်ရာက တရားဝင် မခေါ်မီ သူ့အနားမှာပဲ လွတ်လွတ် လပ်လပ်နေပါဟု စာရေးသူအား ခေါ်ထားခဲ့ပါသည်။

အန္တရာယ် စက်ဝန်းမှ ဘေးကင်းရာသို့ ခေါ်လာခဲ့သော ထောင်မှူးကြီးအား ယနေ့တိုင် ကျေးဇူးတင် ပါသည်။ သူ၏ ကြင်နာစွာ စောင့်ရှောက်မှုကြောင့် ဝမ်းသာရမှုသည် မိနစ်ပိုင်းမျှသာ ခံပါသည်။

တပ်ကြပ် အဆင့် ထောင်ဝန်ထမ်း တယောက် ထောင်မှူးကြီး ရုံးခန်းသို့ ရောက်လာပြီး “နေမင်းကို ထောင်ပိုင ်ကြီး ဦးစိန်ဌေး စောင့်နေတယ်၊ ယခု လွှတ်လိုက်ပါ” ဟု ထောင်မှူးကြီးအား ပြောပြီ၊ ခင်ဗျား ယခုလိုက်ခဲ့ပါဟု ခေါ်ပါတော့သည်။ ထိုအခါတွင်မှ မိမိသည် တကယ့် အန္တရာယ် စက်ကွင်းအတွင်းသို့ သွားရတော့မည်ဟု သိလိုက်ရပါ တော့သည်။

စာရေးသူအား စောင့်နေသည်ဆိုသော ထောင်ပိုင်ကြီး ဦးစိန်ဌေးဆိုသူမှာ မျက်မှောက်ခေတ် အကျဉ်းထောင် သမိုင်း တွင် အကျဉ်းသားများအား အုပ်ချုပ်ရာတွင် ရက်စက်မှုအပေါင်း သရဖူဆောင်းသူဟု နာမည်ကြီးခဲ့ပြီး “ရေမှာ မရွေး၊ ကုန်းမှာ မြွေပွေး၊ ထောင်မှာ စိန်ဌေး” ဟု အကျဉ်းသားလောကမှ ကြောက်စရာကောင်းသော ထောင်ပိုင်အဖြစ် စာဖွဲ့ ထားခြင်း ခံရသူဖြစ်ပါသည်။

စာရေးသူသည် အဆိုပါ အင်းစိန်ထောင်ပိုင် ဦးစိန်ဌေးနှင့် သာယာဝတီ ထောင်ပိုင် ဦးဘိုကြည် တို့ ၂ ဦးအား နိုင်ငံတော် အစိုးရ၊ ရဲချုပ်တို့နှင့် အတူ ပူးတွဲတရားခံ အဖြစ် ဗဟို တရားရုံးတွင် တရားစွဲခဲ့ သော ရှေ့နေ ဖြစ်ပါသည်။

လွန်ခဲ့သော ၆ လခန့်က “ဖုန်းမော်ကော်မရှင်” ရန်ကုန်တွင် ဖွဲ့စည်းသည့် ၁၉၈၈ ခုနှစ် မတ်လ ၁၈ ရက်နေ့ တွင် ဖြစ်ပွား ခဲ့သော သိမ်ကြီးဈေး မီးရှို့မှု၊ ဗန္ဓုလပန်းခြံအနီး ရဲကားမီးရှို့မှု၊ မြို့တွင်းရုပ်ရှင်ရုံများ၊ ဈေးဆိုင်များ ဖျက်ဆီးခံရမှုများကို အကြောင်းပြု၍ ရန်ကုန်မြို့တွင်းက ဥပဒေမဲ့ လူဖမ်းအဖွဲ့နှင့် ဥပဒေနှင့် ဆန့်ကျင်သော ချုပ်မိန့်ရမန်များဖြင့် ထောင်သွင်း နှိပ်စက်ခံနေရသည့် အကြောင်းများကို အထောက် အထားများ ပူးတွဲ၍ ဗဟိုတရားရုံးတွင် တရားစွဲခဲ့ခြင်း ဖြစ်ပါသည်။

စာရေးသူ၏ အမှုတွဲ အထောက်အထားများကို အခြေပြု၍ မဆလဥက္ကဋ္ဌ ဦးနေဝင်းသည် ဝန်ကြီးချုပ် ဦးမောင်မောင်ခ၊ ပြည်ထဲရေး ဝန်ကြီး ဗိုလ်ချုပ်မင်းခေါင်၊ ရဲချုပ်နှင့် တခြား တာဝန်ရှိသူများကို ရာထူးမှ ထုတ်ပယ်ခဲ့ပြီး စာရေးသူ၏ အမှုသည် လူငယ်လေး အပါအဝင် ၁၉၈၈ ခု၊ မတ်လ၊ ဇွန်လ အရေးအခင်းတွင် အဖမ်းခံရသူ အားလုံးကို ဇူလိုင် ၇၊ ၈ ရက်များတွင် လွှတ်ပေးခဲ့ပါသည်။ အချုပ်အတွင်း မွန်းကျပ်၍ သေဆုံးသူ ၄၃ ဦး ရှိကြောင်းကိုလည်း အစိုးရမှ ပြည်သူများကို အသိပေး ဝန်ခံခဲ့ရပါသည်။

သို့သော်လည်း စာရေးသူက တရားခံစာရင်းတွင် ဖော်ပြ တရားစွဲခဲ့သော ထောင်ပိုင် ၂ ဦးစလုံးကို ဦးနေဝင်း က အရေးမယူဘဲ လက်ရှိရာထူးတွင် တာဝန် ပေးမြဲပေးခဲ့ ပါသည်။ ယခုစာရေးသူသည် မိမိတရားခံ အဖြစ် ထည့်သွင်း တရားစွဲခဲ့သော ထောင်ပိုင်ဦးစိန်ဌေး၏ ရှေ့မှောက်သို့ နိုင်ငံရေး အရ အထိန်းသိမ်းခံပုဂ္ဂိုလ် အဖြစ် ရောက်ရှိနေပြီ ဖြစ်ပါသည်။ စာရေးသူ၏ ကံ ကြမ္မာ အလှည့်အပြောင်းများမှာ မြန်ဆန်လွန်းပါသည်။

စာရေးသူအား အန္တရာယ်ကြားမှ ထောင်မှူးကြီး ကကယ်တင်ခဲ့သည်မှာ မိနစ်ပိုင်းမျှသာ ရှိပါသေးသည်။ ယခု ထောင်ပိုင်ကြီးက အကြပ်ဝန်ထမ်းဖြင့် ထောင်မှူးကြီးထံမှ စာရေးသူအား ၎င်းထံခေါ်ဆောင် လာရန် တောင်းဆိုလာ ပါသည်။

ဤသို့ဖြင့် အကြပ် ဝန်ထမ်းနှင့်အတူ စာရေးသူ ထောင်ပိုင်ရှိသည့်နေရာ သို့ လိုက်သွားရပါသည်။ ထောင်ပိုင် ဦးစိန်ဌေး သည် မိန်းဂျေးဖိုဝိုင်းကြီးရှေ့တွင် ဝန်ထမ်းအင်အား ၅၀ ခန့်က ၎င်းအား လခြမ်းပုံသဏ္ဌာန် ဝိုင်းရံ ထားစေပြီး အလယ် ဗဟိုတွင် အမြင့်ကုလားထိုင် တလုံးပေါ်၌ အခန့်သားထိုင်လျက် ဗိုလ်ရှုခံ အနေအထား ဖြင့် လူသူ ကင်းရှင်း နေသော မိန်းဂျေး လမ်းမကြီး တလျှောက်တွင် ထောက်လှမ်းရေးများ နှိပ်စက်ခဲ့သည့် ဒဏ်များကြောင့် မသက်မသာ လျှောက်လှမ်း လာရသည့် စာရေးသူအား စောင့်ကြည့်နေခဲ့ပါသည်။

အဆိုပါ ခရီးသည် ဘောလုံးကွင်းအလျား တခုစာမျှသာ ရှိသော်လည်း စာရေးသူအတွက် “ငရဲသို့ ခြေလှမ်း ၁၂၀” ဟုပင် တင်စားရလောက်အောင် ကိုယ်ရောစိတ်ပါ ဆင်းရဲလှပါသည်။ မိမိ တရားခံအဖြစ် တရားစွဲခဲ့သူ၊ ရက်စက်မှုနှင့် ကျော်ကြားသော ထောင်ပိုင်ရှေ့မှောက်သို့ ရာဇဝတ်သား ရှေ့နေအဖြစ် လပိုင်းအတွင်း ပြောင်းလဲ သက်ဆင်းရသည့် မိမိ အဖြစ်ကို မိမိကိုယ်တိုင် နာကြည်းခံပြင်းရ ပါသည်။

ထောင်ပိုင်ရှေ့ မရောက်မီ ဝါးတရိုက် အလိုတွင်  အတူပါလာသူ အကြပ်ဝန်ထမ်းက စာရေးသူအား  စီးထား သည့် ဖိနပ်ကို ချွတ်စေပြီး ထောင်ပိုင်ရှေ့သို့ ခြေ ၂ လှမ်းခန့် ဆက်သွား စေပြီးနောက် ရပ်ခိုင်းသဖြင့် ရပ်လိုက် ရပါသည်။ မိမိကို ထိလျှင် အဆိပ်ပြင်းသော မြွေပွေးဟု တင်စားခံရသော ထောင်ပိုင် ဦးစိန်ဌေးကို နဖူးတွေ့ ဒူးတွေ့ မြင်လိုက်ရ သည့်အခါ အလွန်အံ့ဩမိပါ တော့သည်။

ရက်စက်မှုအပေါင်း သရဖူဆောင်းသူ ထောင်ပိုင်ကြီး ဦးစိန်ဌေး၏ ပုံရိပ်သွင်ပြင် လက္ခဏာမှာ နာမည်ကျော် ရုပ်ရှင်မင်းသား ကျော်ဆွေကဲ့သို့ ဖြူဖြူနွဲ့နွဲ့ လူချောတယောက် ဖြစ်နေပြီး ၎င်း၏နှုတ်မှ “ခင်ဗျား ထောက်လှမ်း ရေးမှာ တော်တော်ခံခဲ့ရတဲ့ ပုံပါလား” ဟု ကရုဏာသက်သော စကားဖြင့် စာရေးသူအား ပထမဦးစွာ မိတ် ဆက်စကားပြော ပါသည်။

စာရေးသူကလည်း အမှတ် ၆ ထောက်လှမ်းရေး စခန်းတွင် ပထမဦးစွာ ကြုံခဲ့ရသည်များမှာ ထောက်လှမ်း ရေးထံ အစစ်ခံရသည်နှင့် မတူဘဲ အရက်မူးနေသော လူဆိုးဓားပြဂိုဏ်း လက်ထဲရောက် နေရသလို မစစ် ခင်ကလည်း ရိုက်၊ စစ်ဆေးနေတုန်း မှာလည်း ရိုက်၊ စစ်ဆေးပြီးလည်း အရိုက်အနှက်ခံခဲ့ရကြောင်း၊ ၎င်းတို့ နှိပ်စက်မှုကြောင့် စာရေးသူ အား ရုံးထုတ်သည့်အခါ ရုပ်ပျက်ဆင်းပျက် ဖြစ်ကုန်မှာ သိလာပြီးတဲ့ နောက်မှာ လျှပ်စစ်ကြိုးများ လက်ကောက် ဝတ်တွင် မြှုပ်နှံ၍ ရှော့တိုက် စစ်ဆေးတာကို ပြောင်းလဲခဲ့သဖြင့် ယခုရုပ်ဆင်း သဏ္ဌာန်ကို တွေ့ရတာဖြစ်ကြောင်း စာရေးသူက ထောင်ပိုင်အား ထောက်လှမ်း ရေးစခန်း အတွေ့အကြုံကို ပြောပြခဲ့ပါသည်။

ဦးစိန်ဌေးက စာရေးသူအား ခင်ဗျားယခုအချိန် ကစ၍ ကျနော်၏ အုပ်ချုပ်မှုအောက်ကို ရောက်ရှိ လာပြီ ဖြစ်သည်။ ကျနော် အုပ်ချုပ်သော ထောင်ထဲမှာ ခင်ဗျားတရားလက်မဲ့ နှိပ်စက်မခံရအောင် ကျနော် စောင့်ရှောက်မယ်၊ ခင်ဗျား စစ်ကြောရေး ပြီးဆုံးပြီလား ဟု စာရေးသူအား မေးပါသည်။

စာရေးသူက မပြီးဆုံးသေးကြောင်း ထောက်လှမ်းရေးများ ထောင်ထဲလာပြီး ဆက်လက်စစ်ဆေးမှု ရှိနိုင် ကြောင်း ပြန်လည် ပြောပြသောအခါ ထောင်ပိုင် ဦးစိန်ဌေးသည် ၎င်း အနီး ဝိုင်းရံနေသော ဝန်ထမ်းများအား “မင်းတို့ ဒီလူ ကို သေသေချာချာကြည့်ထားကြ၊ ဒီလူ့ကို ထောက် လှမ်းရေးတွေ ထောင်ထဲမှာ လာရောက်စစ် ဆေးမှုပြုလျှင် စစ်ကြော ရေးကို မြင်နိုင်၊ ကြားနိုင်တဲ့နေရာမှာ ဝန်ထမ်းတယောက် အမြဲရှိနေကြ၊ ဒီလူ့ကို ထောက်လှမ်းရေးတွေ နှိပ်စက်တာ တွေ့လျှင်တွေ့ချင်း၊ ထောင်ထဲမှာ ဒီလိုမလုပ်ပါနဲ့ဟု ချက်ချင်းတားပြီး ငါ့ဆီ ကို အမြန်သတင်းပို့ကြ” ဟု မှာကြားပါသည်။

စာရေးသူ ထင်မှတ်မထားသော စကားများနှင့် ဆက်ဆံမှုကို ဦးစိန်ဌေးထံမှ ကြားရမြင်ရသော အခါ အထူးပင် အံ့ဩဝမ်းသာ ဖြစ်ရပါသည်။

ထို့ထက်မက အံ့ဩရသော စကားကို ထောင်ပိုင် ဦးစိန်ဌေးထံမှ ၎င်း၏ဝန်ထမ်း များ ရှေ့မှောက်တွင် အတိ အလင်း စာရေးသူအား ပြောခဲ့သောစကားမှာ  “ထောင်လောကမှာ ကျနော်ဟာ ရက်စက်တဲ့ လူတယောက် လို့ နာမည် ထွက်နေတာ၊ ပွင့်ပွင့်လင်းလင်း ပြောရရင် ကျနော် နာမည်ဆိုးနဲ့ ကျော် ကြားနေတာ ခင်ဗျား လည်း တဆင့်စကား တဆင့်နားနဲ့ ကြားခဲ့မှာပါ။ ထောင်ပိုင်ဆိုတာ လူဆိုးအများစုကို အုပ်ချုပ်ရတဲ့သူပါ။ သူတော်ကောင်းတွေရဲ့ တရားစခန်းကို အုပ်ချုပ်တဲ့ ယောဂီ သူတော်စင် မဟုတ်ပါဘူး။ ထောင်ထဲဝင် လာသူ တိုင်း လူဆိုး မဟုတ်ဘူး ဆိုတာလည်း ကျနော်သိ တယ်။ လူဆိုးလူကောင်းကို ကျနော် ခွဲခြားဆက်ဆံတတ် ပါတယ်။ ဆိုးတဲ့ လူတွေကိုတော့ နိုင်နင်းအောင် နှိပ်ကွပ်မှ ဖြစ်မှာမို့ ကျနော်အုပ်ချုပ်ခဲ့တဲ့ ထောင်မှန်သမျှ စနစ်တကျ ငြိမ်ဝပ်အောင် အုပ်ချုပ်နိုင်ခဲ့လို့ လူဆိုး အကျဉ်းသား လောကမှာ ကျနော်ဟာ နာမည်တလုံး နှင့် ရပ်တည်ခဲ့တဲ့ ထောင်ပိုင်ဖြစ်ပါတယ်။ ဒါပေမယ့် နှစ်တရာ သက်တမ်းရှိတော့မည့် မြန်မာနိုင်ငံရဲ့ အကြီးဆုံး ထောင်ဟာ ကျနော် အုပ်ချုပ်စဉ်မှာ ပျက်စီးသွား ခဲ့တယ်လို့ ပြင်ပလူထုတွေ ကတော့ မြင်ကြမှာပဲ။ ၈၈ အရေး အခင်းကာလ အတွင်း ထောင်ပိုင်ဖြစ်တဲ့ ကျနော်နဲ့ ကျနော့် ဝန်ထမ်းတွေဟာ ကြားထဲက အခြောက်တိုက် ဓားစာခံ နာမည်ပျက်ခဲ့ရတာပါ။ အခုဒီထောင်ကြီးအတွင်းကို စောစောစီးစီး ရှေ့နေသတင်းသမား တယောက် အနေနဲ့ ခင်ဗျားရောက်လာပြီး ဒီထောင်ကြီးမှာ ဘာတွေဘယ်လို ဖြစ်ခဲ့တယ် ဆိုတာ ခင်ဗျား မကြာမီ သိတော့ မယ်လို့ ကျနော် ကြိုတင်ခန့်မှန်း ထားပြီးသားပါ။ ကျနော်ဟာ ခင်ဗျားကို ဥပဒေနဲ့ ဆန့်ကျင်ပြီး ဘာအကူအညီ မှ မပေးနိုင်ဘူး ဆိုတာကိုလည်း သိထားပါ။ ဒီလိုပဲ ခင်ဗျားဟာ ဒီထောင်ထဲမှာ ဥပဒေနဲ့ ဆန့်ကျင်ပြီး နှိပ်စက်မ ခံရအောင် ကျနော် ထောင်ပိုင်တာဝန်ယူထားသရွေ့ အကာအကွယ်ပေးမယ်လို့ ကတိပေး ပါတယ်” ဟူသော စကားပင် ဖြစ်ပါသည်။

စာရေးသူကလည်း ထောင်ပိုင် ဦးစိန်ဌေးအား ဝန်ထမ်းများ ရှေ့တွင် ၂ ဦးသားချင်း နားလည်မှု ရှိသည့်အမူ အရာဖြင့် အင်းစိန်ထောင်တွင် ဖြစ်ပွားခဲ့သော အဖြစ်အပျက်များကို စာရေးသူလည်း သိသင့် သိထိုက်သမျှ ကြိုတင် သိရှိခဲ့ပြီး ဖြစ်ပါကြောင်း ပြန်လည်ပြောပြခဲ့ ပါသည်။

ဤသို့ဖြင့် စာရေးသူသည် အင်းစိန်ထောင်တွင်းရှိ အမှတ် ၁ တိုက်သို့ ရောက်ရှိခဲ့ပါသည်။ များမကြာမီ စာရေး သူ သိရှိရသည်မှာ မိမိအား ပုဒ်မ ၅(င)(ည) ဖြင့် အရေးယူမှု ရပ်ဆိုင်း၍ ပုဒ်မ ၁၀ (က) အရ နိုင်ငံရေးကြောင့် ထိန်းသိမ်းခံရသူ ဖြစ်သွားခဲ့ပါသည်။ ဤပုဒ်မအရဆိုလျှင် ထောင်ပိုင် ဦးစိန်ဌေးသည် စာရေးသူအား တိုက် ရိုက် အုပ်ချုပ်နိုင်ခွင့် ဆုံးရှုံးသွား ပြန်ပါသည်။ သူ၏လုပ်ပိုင်ခွင့်မှာ တရားရုံးပြစ်ဒဏ်ကျ အကျဉ်းသားနှင့် အချုပ်သား အပေါ်တွင်သာ စီမံခန့်ခွဲပိုင်ခွင့် ရှိသောကြောင့် ဖြစ်ပါသည်။

ဦးစိန်ဌေးက စာရေးသူအား ထောင်ပိုင် တယောက်အနေဖြင့် အကူအညီ မပေးနိုင်တော့ပါကြောင်း အဘယ် ကြောင့် ဆိုသော် နိုင်ငံရေးအရ ထိန်းသိမ်းခံရသူများသည် ပြည်ထဲရေး၊ ကာကွယ်ရေး၊ နိုင်ငံခြားရေး ဝန်ကြီး ၃ ယောက် ပူးတွဲ အာဏာဖြင့် ထိန်းသိမ်းခြင်း ဖြစ်ရာ ပြည်ထဲရေး လက်အောက်ခံ ထောင်ပိုင်၏ လုပ်ပိုင်ခွင့် ဖြင့် အထိန်းသိမ်းခံများအား ထင်သလို အကျဉ်းသား၊ အချုပ်သား အခွင့်အရေး မပေးနိုင်ပါကြောင်း၊ ထောက် လှမ်းရေး ခွင့်ပြုချက် ရသူသာ မိမိအိမ်မိသားစုနှင့် အဆက်အသွယ် အထောက်အပံ့ ရနိုင်မည်ဟု ပြောပါ သည်။

ထိုအချိန် ကစ၍ စာရေးသူသည် သာမန်ထောင်ကျ အကျဉ်းသား၊ အချုပ်သား၏ အခွင့်အရေးပင် မရတော့ပါ။ ဖျာကြမ်းကွက်ကျဲပေါ်တွင် ထမင်းစားသံပန်းကန်ပြားကို ခေါင်းအုံးလုပ်ပြီး နေခဲ့စားခဲ့ရပါသည်။

၁၉၈၉ နှစ်ဆန်းပိုင်း ရက်တရက် စာရေးသူ ရှိသော ၁ တိုက်သို့ ထောင်ပိုင်ဦးစိန်ဌေး ရောက်ရှိ လာပြီး ထူးထူး ခြားခြား စာရေးသူ၏ ကျန်းမာရေး အခြေအနေကို မေးပါသည်။ ထောက်လှမ်းရေး ပေးလိုက်သော ဒဏ်ရာ ဒဏ်ချက်များနှင့် သံမံတလင်းပေါ်တွင် အိပ်နေရသူ၏ ကျန်းမာရေး အခြေအနေကို ယခုမှ ဘာလို့ လာမေးရ သည်ကိုပင် အံ့ဩရပါသည်။ ဦးစိန်ဌေးသည် စာရေးသူ တောင်းဆိုခြင်း မရှိဘဲ ဆေးရုံ စားအထူးရိက္ခာ (Special Diet) ပေးရန် ညွှန်ကြားပြီး စာရေးသူ အိပ်ရန် သစ်သားကွပ်ပျစ် တလုံးကို ချက်ချင်းစီစဉ်၍ ဆရာ ဝန်နှင့် ဆေးစစ်စေပြီး လိုအပ်သော ကုသမှုများ ပြုလုပ်ပေးပါသည်။

အလွန် ဆိုးဝါးနိမ့်ကျသော အခြေအနေမှ ရုတ်တရက် ပြောင်းလွဲသွားပြန်ပါသည်။ နောင်မှ စုံစမ်းသိရှိရ သည် မှာ စာရေးသူ၏ ကျေးဇူးရှင် မိတ်ဆွေကြီး ဘာတေးလ်လင့်တနာက စာရေးသူ၏ ကျန်းမာရေး အခြေအနေ ဆိုးဝါးနေသည် ဟူသော သတင်းဟုတ်၊ မဟုတ် ဗိုလ်ခင်ညွန့်အား သတင်းစာရှင်းလင်းပွဲတွင် မေးခွန်းထုတ် ခဲ့မှု၏ အကျိုးဆက်ကြောင့် စာရေးသူ ကျန်းမာစွာ ရှိကြောင်း ပုံရိပ်ကို ပြန်လည်ဖော်ထုတ်နိုင်ရန် ထောင်ပိုင် ဦးစိန်ဌေးအား အထက်မှ ညွှန်ကြားမှု ပြုခဲ့သည်ဟု ဆိုပါသည်။

ဦးစိန်ဌေးသည် မိမိလုပ်ပိုင်ခွင့် ရရှိသည်နှင့် စာရေးသူထံ ချက်ချင်းလာပြီး သူကူညီနိုင်သည် ကို ချက်ချင်း ကူညီလုပ်ဆောင်ပေးခဲ့ခြင်း ဖြစ်ပါသည်။

ဤကာလများ အတွင်း ဦးစိန်ဌေးသည် ၎င်း ယုံကြည်စိတ်ချသော လက်ရင်း တပည့်များကိုသာ စာရေးသူ၏ တိုက်တွင် တာဝန်ချထား ပါသည်။ စာရေးသူကလည်း မိမိသိလိုသော ဩဂုတ်လ ၂၆ ရက် ထောင်ဆူမှုနှင့် ထောင်အခြေအနေ အရပ်ရပ်ကို အဆိုပါ ဝန်ထမ်းများထံ စုံစမ်းမေးမြန်းခဲ့ပါသည်။ ဦးစိန်ဌေး၏ သွေးသား မကင်းသော ဝန်ထမ်းတဦးမှာ ဘွဲ့ရပညာတတ်တယောက်ဖြစ်၍ စာရေးသူအား ၈၈ ကာလအခြေအနေကို အသေးစိတ် ပြောပြပါသည်။

အခြားသော ဝန်ထမ်းများကလည်း အလားတူ ဖြစ်ရပ်များကို ထုတ်ဖော် ပြောကြားကြ ပါသည်။ စာရေးသူ ထောင်ပြင်တွင် စုံစမ်းသိရှိခဲ့ သမျှနှင့် ယခု ထောင်တွင်းမှ ထောင်ဝန်ထမ်းများ၏ ပြောဆိုချက်များမှာ ကွဲလွဲ မှုမရှိ မှန်ကန်နေသည်ကို တွေ့ရှိရပါသည်။

၁၉၈၉ ခုနှစ် နှစ်ကုန်ပိုင်းတွင် အကျဉ်းနည်း စစ်ခုံရုံးများ ပေါ်ပေါက်လာသည့်အခါ စာရေးသူနှင့် စာရေးဆရာ မောင်သော်ကတို့ နှစ်ဦး ပုဒ်မ ၁၀(က) နိုင်ငံရေး ထိန်းသိမ်းခံ ဘဝမှ ဗွေဆော်ဦး စစ်ခုံရုံး ထုတ်ပြီး ထောင်ချ ခြင်း ခံရချိန်မှစ၍ အကျဉ်းသားဘဝ ကူးပြောင်းသွားပြီး အင်းစိန်ထောင် ၆ တိုက်သို့ ရောက်ရှိသွားခဲ့ပါသည်။ ၆ တိုက်တွင် ကျနော် တွေ့လိုသော၊ ၈၈ အရေးတော်ပုံ ကာလအတွင်း အင်းစိန် ထောင်ထဲ၌ နောက်ဆုံးကျန် ရှိခဲ့သည့် ၆၂ ယောက် သော အကျဉ်းသား အုပ်စုနှင့်အတူ မိမိနေခဲ့ရပြီး သူတို့ထံမှ ထောင်တွင်း သတင်း များကိုပါ ရခဲ့ပါသည်။

အထက်ပါ အခြေအနေအရပ်ရပ်နှင့် အကျဉ်းဌာန ဝန်ထမ်းများ၊ လက်ကျန် အကျဉ်းသား ၆၂ ယောက် အုပ်စု ဝင်များ၊ ဩဂုတ်လ ၂၆ ရက် ထောင်ဆူစဉ်က ပါဝင်ခဲ့ပြီး ထောင်ပြင်သို့ ခေတ္တ လွတ်မြောက်သွားရာမှ ကလောမြို့တွင် ဖမ်းဆီးခံရပြီး  ထောင်ထဲပြန်ဝင်လာရသူ မန်းငွေအောင်၏ တပည့် တွတ်ကီ (ခ) ခင်မောင် လင်း အပါအဝင် အခြား ကိုယ်တွေ့ ကြုံခဲ့သူများထံမှ ရရှိသော သတင်းအချက် အလက်များနှင့် စာရေးသူ ထောင်ပြင်တွင် စုံစမ်း သိရှိခဲ့သမျှ သတင်းအချက်အလက်ကို စုပေါင်း၍ စာဖတ်သူ ပြည်သူလူထုနှင့် ၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီးကို ရိုးရိုးသားသား ပါဝင်ဆင်နွှဲခဲ့သူများ၏ ဂုဏ်သိက္ခာကို မှန်မှန်ကန်ကန်မြှင့် တင် အသိအမှတ် ပြုနိုင်ရန် ရည်သန်၍ အောက်ပါအဖြစ်မှန် သတင်းကို ဖော်ထုတ်တင်ပြအပ်ပါသည်။

ဆက်လက်ဖော်ပြပါမည်။

Your Thoughts …
Tags: 8888
နေမင်း

နေမင်း

Contributor

Similar Picks:

ခရစ်စတိုဖာ ဂန်းနက်စ်သည် ဘီဘီစီတွင် ထုတ်လုပ်သူ၊ သတင်းထောက်၊ နိုင်ငံရပ်ခြား သတင်းထောက်၊ သတင်းဖတ်ကြားသူ အဖြစ် ၂၃ နှစ် အလုပ်လုပ်ခဲ့သည်။ (source: bbc.co.uk)

ခရစ်စတိုဖာ ဂန်းနက်စ်ရဲ့ ရှစ်လေးလုံး

by ဧရာဝတီ
6 August 2013
6.9k

မြန်မာပြည်သူတွေဟာ သူတို့ ဆန္ဒနဲ့ သူတို့ အုံကြွခဲ့ကြတာပါ။ သူတို့တွေသာလျှင် ၁၉၈၈ ရဲ့ သူရဲကောင်း အစစ်အမှန်တွေ ဖြစ်ပါတယ်။ ကျနော် လုပ်ခဲ့သမျှက ဒီအကြောင်းတွေကို သတင်းပို့ ရုံပါပဲ။

ဒီပွဲဟာ ပြည်သူလူထုကိုပဲ အနိုင်ပေးသင့်တယ် (ရုပ်/သံ)

by ဧရာဝတီ
8 August 2024
623

သမိုင်းဝင် ၈၈၈၈ လူထုအရေးတော်ပုံဟာ ၃၆ နှစ်တိုင်ခဲ့ပြီဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၃၆ နှစ်က လမ်းမတွေပေါ်ထွက်ပြီး ငြိမ်းချမ်းစွာ ဒီမိုကရေစီတောင်းဆိုခဲ့ကြတဲ့ ပြည်သူတွေကို စစ်တပ်က အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။ ၈၈၈၈ လုံးအရေးတော်ပုံဟာ ဆယ်စုနှစ်တွေကြာခဲ့ပြီဖြစ်ပေမယ့် ပြည်သူလူထုအကြားမှာ နိုးကြားနေဆဲဖြစ်ပါတယ်။

ကင်မ်တီးခတ်ခဲ့တဲ့ဂစ်တာ ဒေါ်လာငွေ ရှစ်လေးလုံး နဲ့လေလံအောင်(ရုပ်/သံ)

ကင်မ်တီးခတ်ခဲ့တဲ့ဂစ်တာ ဒေါ်လာငွေ ရှစ်လေးလုံး နဲ့လေလံအောင်(ရုပ်/သံ)

by ဧရာဝတီ
24 March 2025
479

အမေရိကန်ပြည်ထောင်စု မေရီလန်း ပြည်နယ်မှာ ကျင်းပခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကင်မ်အဲရစ်နဲ့ မြန်မာလူထုတွေ့ဆုံပွဲမှာ ကင်မ်တီးခတ်ခဲ့တဲ့ ဂစ်တာကို အမေရိကန်ဒေါ်လာ ၈၈၈၈ နဲ့ လေလံအောင်မြင်ခဲ့ပါတယ်။

၈၈ အရေးတော်ပုံ, နိုင်ငံရေး

ရှစ်လေးလုံးကာလ နယ်ဝန်ထမ်းတဦး၏ ဘဝအတွေ့အကြုံ

by မောင်ဆွေဝင်း (ပဲခူး)
7 August 2015
14.2k

အစိုးရက စပါးနှင့် တခြားသီးနှံများကို ထင်သလောက် ဝယ်မရသောကြောင့် သီးနှံများကို အခွန်ငွေအစား ကောက်ခံရန် ညွှန်ကြားခြင်းဖြစ်သည်။ ဒီမှာတင် ကျနော်နှင့် ကုန်သွယ်/လယ်ယာ မန်နေဂျာတို့ အလုပ်ရှုပ်ကြပါတော့သည်။

သူတို့ ပြောသော ၈ လေးလုံး အမှတ်တရ မြင်ကွင်းများ (၁)

သူတို့ ပြောသော ၈ လေးလုံး အမှတ်တရ မြင်ကွင်းများ (၁)

by ဧရာဝတီ
24 July 2013
15k

၈ လေးလုံး အရေးတော်ပုံနဲ့ ပက်သက်လို့ ဒါဟာ ငါလုပ်တာ၊ ဒါ ငါတို့ရဲ့အဖွဲ့က လုပ်တာလို့ ပြောရင် ရူးသွပ်တာပဲလို့ မြင်တယ်

စစ်ကောင်စီ လူစိတ်မရှိပါလားဆိုတာ ကိုယ်တွေ့ကြုံလိုက်ရတာ (ရုပ်/သံ)

စစ်ကောင်စီ လူစိတ်မရှိပါလားဆိုတာ ကိုယ်တွေ့ကြုံလိုက်ရတာ (ရုပ်/သံ)

by ဧရာဝတီ
12 July 2025
193

ရန်ကုန်မြို့ပေါ်မှာ ၈၈၈၈ လူထုအရေးတော်ပုံ ၃၄ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ထီးသပိတ် လှုပ်ရှားခဲ့လို့ အဖမ်းခံခဲ့ရသူတွေထဲက ကိုစစ်မင်းနိုင် ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။

Next Post
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ, ရွေးကောက်ပွဲ , လွှတ်တော်

စည်ပင် ရွေးကောက်ပွဲ မှန်ကန်မျှတရန် လိုအပ်

ကရင် လက်နက်ကိုင် တပ်ဖွဲ့, DKBA , KNU , ကော်သူလေး တပ်မတော်

ကရင် လက်နက်ကိုင် တပ်ဖွဲ့များ ပေါင်းစည်းရေး ဆွေးနွေး

No Result
View All Result

Recommended

NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

3 days ago
3.7k
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

5 days ago
3k

Most Read

  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    shares
    Share 0 Tweet 0
  • အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    shares
    Share 0 Tweet 0
  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

    shares
    Share 0 Tweet 0
  • ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate