ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အဆင့်ဆင့် ရွေးကောက်ပွဲကို ယခုနှစ် နှောင်းပိုင်းတွင် ပြုလုပ်မည် ဖြစ်သော်လည်း ဝင်ရောက် ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်းများအတွက် ကန့်သတ်မှု များပြားခြင်းအပေါ် ဝေဖန်ပြောဆိုမှုများ ရှိနေသည်။
ဝင်ရောက် အရွေးခံမည့် စည်ပင်သာယာ ကိုယ်စားလှယ် လောင်းသည် နိုင်ငံဝန်ထမ်း မဖြစ်ရခြင်း၊ အသက်အရွယ်ကို ၃၅ နှစ် မှ ၅၅ နှစ်ဟု ကန့်သတ်ထားခြင်း၊ ပြစ်မှု တခုခုကြောင့် ထောင်ဒဏ် ကျခံနေရသူ မဖြစ်ရခြင်း၊ ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ခံရသူ မဖြစ်ရခြင်း စသည်ဖြင့် အချက် ၂၀ ကျော် ပါဝင်နေခြင်းကြောင့် လွှတ်တော်ကိုယ်စားလှယ် အရည်အချင်းထက်ပင် ကန့်သတ်မှု များပြားနေ၍ မျှတမှု မရှိဟု တိုင်းဒေသကြီး အမတ်များနှင့် ဝင်ရောက်ရွေး ကောက်ခံမည့်သူ တချို့က ဝေဖန်သည်။
“အမည်ပျက် စာရင်းသွင်း ခံထားရပေမယ့် နိုင်ငံကို အကျိုးပြုချင်တဲ့ စိတ်နဲ့ ဒီကို ပြန်ရောက်လာသူတွေရှိတယ်၊ နိုင်ငံ့ဝန်ထမ်းတွေထဲမှာလည်းပဲ လူကြည်ညိုတဲ့သူတွေ အချို့ ရှိပါတယ်။ နောက်တခုက အကျင့်သိက္ခာ ပျက်ပြားသူ မပါရဘူးလို့ ဆိုတယ်၊ အဲဒါကို ဘာနဲ့တိုင်းတာသလဲ၊ တိကျတဲ့ ဖော်ပြချက်တွေမပါဘူး”ဟု ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် အမှတ် ၂ မဲဆန္ဒနယ် လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်း က ပြောသည်။
စည်ပင်သာယာရေး ကော်မတီ အဆင့်ဆင့် ရွေးကောက်ပွဲများကို ယခုနှစ် ဒီဇင်ဘာလ ၂၇ ရက်တွင် ပြုလုပ်မည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ရွေးကောက်ပွဲ ကော်မရှင် က ထုတ်ပြန်ထားသည်။
မြို့နယ်၊ ခရိုင် အဆင့်ဆင့် ၁၁၅ နေရာ အတွက် ကိုယ်စားလှယ်လောင်းနေရာ ၃၀၅ ဦး ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်း တင် သွင်းထားကြောင်း၊ လျှောက်ထားသူများအား အောက်တိုဘာ ၂၉၊ ၃၀ တွင် စိစစ်၍ နိုဝင်ဘာလ ၃ ရက်နေ့တွင် တရားဝင် ကြေညာ ပေးမည်ဖြစ်ကြောင်း စည်ပင်သာယာရေး ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးက ဧရာဝတီ ကို ပြောသည်။
ရွေးချယ်ရာ၌ ပြည်သူ့ ကိုယ်စားလှယ် ၄ ဦး၊ ခရိုင် တခုလျှင် ၃ ဦးနှုန်းဖြင့် ခရိုင် ၄ ခုမှ စုစုပေါင်း ၁၂ ဦး၊ မြို့နယ် တခုလျှင် ၃ ဦးနှုန်းဖြင့် မြို့နယ် ၃၃ ခု အတွက် ၉၉ ဦး စသည်ဖြင့် ၁၁၅ ဦး ရွေးချယ်မည် ဖြစ်ကြောင်း သိရသည်။
ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းများ၏ အသက် ကန့်သတ်ချက်သည်လည်း လူငယ်များနှင့် လူလတ်ပိုင်းများ အတွက် ဝင်ရောက်နိုင်မည့် အခြေအနေမရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ဦးကျော်က ပြောသည်။
“အသက်က မြို့နယ်က အရွေးခံမယ့် လူဆို ၃၅ ကနေ ၅၅ နှစ်အတွင်းရှိသူပဲ ပြိုင်ရမယ်။ ခရိုင်ဆို ၄၀ ကနေ ၆၀ အတွင်း၊ တိုင်းဆို ၄၅ ကနေ ၆၅ နှစ်အတွင်း ရှိသူတွေပဲ ပြိုင်ရမယ်။ ဒီတော့ လူလတ်ပိုင်း နေရာမရဘူး။ ဒါတွေက ကန့်သတ်မှုတွေဖြစ်နေတယ်”ဟု လည်း ဦးကျော် က ပြောပြသည်။
စည်ပင်သာယာ ကိုယ်စားလှယ် အဖြစ် ရွေးကောက်ခံမည့် သူသည် မိမိနေထိုင်ရာသန်းခေါင် စာရင်း၌ ၁၀ နှစ် ဆက်တိုက် နေထိုင် သူ ဖြစ်ရမည်ဟု သတ်မှတ်ထားသောကြောင့် ဝင်ရောက်ရွေးချယ် ခံနိုင်ခြင်းနှင့် တခြားသော သတ်မှတ်ချက်များသောကြောင့် အပြိုင် အဆိုင် ဝင်အရွေးခံနိုင်မည့်သူ နည်းပါးခြင်း အပေါ်လည်း ဝေဖန်မှုများ ရှိနေသည်။
“အသက်က ကန့်သတ်တော့ လူငယ်တွေမပါရတော့ဘူး။ လွှတ်တော်မှာတောင် အသက် ၂၅ ဆို ဝင်လို့ရတယ်၊ နောက် မြို့နယ် အကြောင်းသိတဲ့ အငြိမ်းစား ဝန်ထမ်းတွေက ဝင်ချင်ပေမယ့် ၆၅ ဆိုတဲ့ အသက် သတ်မှတ်ချက်ကြောင့် ဝင်လို့မရတော့ဘူး။ ဒါက လူအုပ်စု တစု၊ စည်ပင်နဲ့ပတ်သက်သူတွေပဲ ဝင်လို့ရနေတယ်။ လွှတ်တော် အမတ်တောင် အဲဒီလောက် ကန့်သတ်ချက် မများဘူး” ဟု ဒေါက်တာ ညိုညိုသင်း က ပြောသည်။
ထို့အပြင် စည်ပင်သာယာရေး ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေများကို ကျော်လွန်၍ ရွေးကောက်တင်မြှောက်ရန် စီစဉ်နေမှုများလည်း ရှိသည်ဟု သိရသည်။
“ရွေးကောက်ခြင်းဆိုင်ရာ ဥပဒေ အရ ရွေးကောက်ပွဲကော်မတီ အဆင့်ဆင့် ရွေးချယ်ဖို့ဆိုပြီး ဦးဆောင်ရွေးရမယ့် ကော်မရှင် ဆိုတာ ရှိတယ်။ ဒါက၂၀၁၃၊ စည်ပင်သာယာရေး ဥပဒေမှာ ပါတယ်။ ဥပဒေ အရ ဖွဲ့စည်းတဲ့ မြို့တော်စည်ပင်သာယာရေး ကော်မတီ က သာ လျှင် ကော်မရှင်ဖွဲ့လုပ်ရမယ်။ ဒါပေမယ့် ဥပဒေမှာပါတဲ့ အတိုင်း မလုပ်ရသေးဘူး။ လက်ရှိလုပ်နေတာတွေက ဥပဒေနဲ့ ဆန့်ကျင်နေတယ်”ဟု လွှတ်တော်ကိုယ်စားလှယ် ဦးကျော် က ပြောသည်။
မြို့တော်ဝန် ဦးလှမြင့် ကမူ ဝေဖန်သူများသည် ဥပဒေ၏ အနက်အဓိပ္ပာယ် ဖွင့်ဆိုမှုအပေါ် ကျယ်ပြန့်စွာ စဉ်းစားခြင်း မဟုတ်ဘဲ စကားလုံး အသုံးကိုသာ စဉ်းစား ပြောဆိုခြင်း ဖြစ်သည်ဟု ပြောဆိုသည်။
“ဒါက ဝေဖန်ပြီး မညီမျှဘူးပြောပြီး လွှတ်တော်မှာ တင်သွင်းလာတဲ့သူက ဥပဒေကို အကောင်အထည်ဖော် ဆောင်ရွက်မှုနဲ့ ဥပဒေရဲ့ အနက် အဓိပ္ပာယ် ဖွင့်ဆိုမှု အပေါ်မှာ ကျယ်ပြန့်စွာ စဉ်းစားတာ မရှိခဲ့ပါဘူး။ စကားလုံး အသုံးကိုသာ ကြည့်ခဲ့တာ ဖြစ်ပါတယ်။ စကားရပ် အနက် အဓိပ္ပာယ်ကို ဖွင့်ဆိုတာမှာ တည်ဆဲ ဥပဒေနဲ့ ဥပဒေက လမ်းညွှန်တွေ ကို ပြဋ္ဌာန်းထားပါတယ်။ ဒီလမ်းညွှန်ချက် အတိုင်း နည်းဥပဒေကို ရေးဆွဲထားတာပါ။ ဒါကြောင့် ဥပဒေ အရ ဒီနည်း ဥပဒေ က တည်ဆဲ ဥပဒေတွေနဲ့ ညီပါတယ်”ဟုလည်း ဦးလှမြင့် က ပြောသည်။
ဥပဒေကို ဆန့်ကျင်၍ လုပ်ဆောင်နေမှုများရှိသောကြောင့် ဥပဒေအတိုင်း ဆောင်ရွက်သင့်ကြောင်း ဒေါက်တာ ညိုညိုသင်း က ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်၌ သြဂုတ်လ အတွင်း က အရေးကြီး အဆို တင်သွင်း ခဲ့သေးသည်။
ထိုသို့ ဥပဒေဆန့်ကျင်၍ လုပ်ဆောင်နေခြင်းကို တိုင်းဒေသကြီး လွှတ်တော်အမတ်များကလည်း ကန့်ကွက်ကြပြီး လွှတ်တော် ဥက္ကဌ ထံ တင်ပြထားကြောင်း သိရသည်။
“တရားဝင်ဖြစ်အောင် လွှတ်တော် ဥက္ကဌကို ပြောထားပါတယ်။ ဥပဒေနဲ့ မညီညွှတ်တာကို ညီညွှတ်အောင် ကော်မရှင်ကို ရန်ကုန် တိုင်း ဒေသကြီးက ဖွဲ့ဖို့၊ ဖွဲ့ပြီး လွှတ်တော်ကနေ ကော်မရှင်ကို အခွင့်အာဏာပေးဖို့ ပြောထားတယ်။ ဒါပေမယ့် မလုပ်သေးတာကို တော့ မေးစရာတွေဖြစ်နေတယ်။ ဒီမိုကရေစီ သွားတာက တော်တော်လေး စဉ်းစားရတော့မယ်။ အရင်ခေတ်ဟောင်းက လူတွေကနေ ဖွဲ့စည်းထားတဲ့ ကော်မရှင်က ဘက်မလိုက်ဘဲရွေးပေးနိုင်ပါ့မလား၊ တော်တော် စဉ်းစားရမယ်၊ ဟန်ပြ သက်သက်ဖြစ်နေတယ်”ဟု ဦးကျော် က ပြောသည်။
ဒေါက်တာ ညိုညိုသင်းကလည်း“အခု စည်ပင်သာယာရေး ကော်မတီဟာ ဗိုလ်ချုပ်ကြီးတွေ လက်ထက်ကတည်းက ဖွဲ့စည်းခဲ့တာ။ ကော်မတီ အသစ်ကို ဥပဒေနဲ့အညီ ပြန်မဖွဲ့ရသေးဘူး။ ဒါဟာ ဥပဒေက သူ့ကိုအပ်နှင်းထားခြင်းမရှိတဲ့ အခွင့်အာဏာကို အသုံးချနေ တဲ့ သဘောပါ”ဟု ထောက်ပြသည်။
၂၀၁၃ ခုနှစ် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဖွဲ့စည်းခြင်း ဥပဒေ၌် မြို့တော် စည်ပင်သာယာရေး ကော်မတီကို အစိုးရ ဘက် မှ ရွေးချယ် တင်မြှောက်သူ ငါးဦး၊ ပြည်သူလူထုမှ တင်မြှောက်သူ လေးဦးဖြင့် ပြင်ဆင် ဖွဲ့စည်းရမည်ဖြစ်ပြီး ယင်း ကော်မတီမှ ခရိုင်၊ မြို့နယ်ကော်မတီ အဆင့်ဆင့်ကို ဖွဲ့စည်းရန် နည်းဥပဒေများ၊ ညွှန်ကြားချက်များ ထုတ်ပြန်ရမည်ဟု ပြဋ္ဌာန်း ထားကြောင်း ဒေါက်တာ ညိုညိုသင်း က ပြောပြသည်။
၂၀၁၃ ခုနှစ် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေအရ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲကော် မရှင်ကို ဖွဲ့စည်းရမည်ဖြစ်ပြီး ထိုကော်မရှင်၏ တာဝန်မှာ ကော်မတီအသစ်ကို ဖွဲ့၍ ထိုကော်မတီသစ် အနေဖြင့် ခရိုင်၊ မြို့နယ် အဆင့် ဆင့် ရွေးကောက်ပွဲကော်မရှင်များကို ဖွဲ့စည်းပေးရမည်ဖြစ်သည်။
သို့သော် ဥပဒေအရ အသစ် ဖွဲ့စည်းရမည့် ကော်မရှင်အား ယနေ့အထိ ဖွဲ့စည်းနိုင်ခြင်း မရှိသေးပေ။ ကော်မတီသစ် ဖွဲ့စည်းပေးနိုင်ရန် ရန်ကုန်စည်ပင်သာယာရေး ကော်မတီ အဆင့်ဆင့် ရွေးကောက် တင်မြောက်ခြင်းဆိုင်ရာ နည်းဥပဒေများအား ၂၀၁၄ ခုနှစ် သြဂုတ် ၁ ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်သည်။
လက်ရှိ ကော်မတီသည် လုပ်ပိုင်ခွင့်မရှိဘဲ နည်းဥပဒေများ ရေးဆွဲခဲ့ပြီး ဌာန အသီးသီးကလည်း ကော်မတီ၏ အမိန့်၊ ညွှန်ကြားချက် များကို လိုက်နာ အကောင်အထည်ဖော်၍ ရွေးကောက်ပွဲကို ကျင်းပခဲ့ခြင်းဖြစ်ကြောင်း ဒေါက်တာညိုညိုသင်း က ဝေဖန်သည်။
ထိုကော်မတီကို အသစ်ပြန်လည် ဖွဲ့စည်းနိုင်ရန် သြဂုတ် ၂၆ ရက်နေ့၌ ဒေါက်တာ ညိုညိုသင်း က အဆို တင်သွင်းခဲ့ရာ ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။
စည်ပင်သာယာ ကိုယ်စားလှယ်လောင်း ရွေးချယ်မှုနှင့်ပတ်သက်၍ လူအများက ဝေဖန်နေသော်လည်း ၎င်းတို့ အနေဖြင့် ဒီမိုကရေစီ စံနှုန်း အတိုင်း ဆောင်ရွက်သွားမည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်တဦးက ပြောသည်။
၎င်းက“ကျနော်တို့လျှောက်လွှာ တင်တဲ့ရက်ကို ထပ်ရွှေ့ဆိုင်းထားပါတယ်။ ရက်ထပ်ပိုပေးထားတယ်။ ဒါက လုပ်ချင်တဲ့လူ လုပ်ကိုင် လို့ ရအောင်ကမ်းလှမ်းတာပါ။ နောက် လွှတ်တော်ဘက်က တင်ပြထားတဲ့ အတိုင်း ကျနော်တို့ ပြန်လည် ပြင်ဆင် ထားတာတွေရှိတယ်။ ဒီမိုကရေစီစံ အတိုင်း ကျနော်တို့လုပ်ဆောင်နေတာပါ”ဟု ပြောဆိုသည်။
စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့် ရွေးကောက်တင်မြှောက်ခြင်း ဆိုင်ရာ နည်းဥပဒေများ အရ မဲပေးခွင့် ရှိသူများမှာ အိမ်ထောင်စု ၂၀၀ လျှင် ၃ ဦး နှုန်းဖြင့် လူဦးရေ သုံးသောင်းခန့်သာ မဲပေးနိုင်သည့် အချက်၊ မဲပေးခွင့်ရှိသူ ကန့်သတ်ချက်နှင့် ကိုယ် စားလှယ် အရည်အချင်း ကန့်သတ်ချက်များကိုလည်း သြဂုတ်လအတွင်း ပြုလုပ်ခဲ့သည့် လွှတ်တော်အစည်းအဝေး၌် ဒေါက်တာ ညိုညိုသင်း က ကန့်ကွက်ခဲ့သည်။
ထို့ကန့်ကွက်မှုကြောင့် အဆိုပါ နည်းဥပဒေကို ပြန်လည်ပြင်ဆင်ခဲ့ရာ မဲပေးပိုင်ခွင့်ကို တအိမ်ထောင်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး သူတိုင်း တဦးနှုန်းဖြင့် မဲပေးပိုင်ခွင့်ရှိသည်ဟု ပြင်ဆင်ပေးခဲ့သည်။
ထို့အတူ မဲပေးခွင့်ရှိသူများအား ကန့်သတ်ထားသည့် အမည်ပျက်စာရင်း တင်သွင်းခံရခြင်း၊ နိုင်ငံ့ဝန်ထမ်းမဖြစ်ရခြင်း စသည့်အချက် များကိုလည်း ပြန်လည် ပယ်ဖျက်ပေးခဲ့သည်။
စက်တင်ဘာလ ၃၀ ရက် ရက်စွဲဖြင့် ပြန်လည်ပြင်ဆင်ထားသည့် ဥပဒေအရ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ရာခိုင်နှုန်းကို ပြင်ဆင်ခဲ့ကြောင်း၊ ယခင် နည်းဥပဒေအရ မဲဆန္ဒရှင်မှာ အိမ်ထောင်စုများ၏ ၁ ဒသမ ၅ ရာခိုင်နှုန်းဖြင့် လူဦးရေ သုံးသောင်းကျော်သာ ရှိခဲ့သော်လည်း ယခုအခါ ရှစ်သိန်းကျော် ရှိမည်ဖြစ်ကြောင်း သိရသည်။
လွှတ်တော် ကိုယ်စားလှယ် ဦးကျော် က“ကျနော်တို့ပါတီ အနေနဲ့ပြောရရင် ဒါက တရားမျှတမှု မရှိတဲ့အတွက် ဝင်မပြိုင်ဖို့ ဆုံးဖြတ် ထားတယ်၊ ဘာလို့ဆိုရင် အိမ်ထောင်စု တစုမှာ ၁၈နှစ်ပြည်သူ တဦးကပဲ မဲပေးခွင့်ရှိတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာတော့ ၁၈နှစ် ပြည့်သူတိုင်း မဲပေးခွင့်ရှိတယ်လို့ ဖော်ပြထားတယ်။ ဒါကြောင့် အခြေခံ ဥပဒေကို ဆန့်ကျင်နေတယ်။ မမျှတပါဘူး။ ဒါကို ကန့်ကွက် ထားပါတယ်”ဟု ပြောသည်။
ထို့အပြင် ရွေးကောက်ပွဲ ကျင်းပမည့် အချိန်ကာလကို ပြည်သူများ သိရှိမှု ရှိမရှိ ပြန်လည် ဆန်းစစ်ပါကလည်း သိရှိမှု နည်းပါးနေ သေး ကြောင်း၊ ထို့ကြောင့် ယခု ဆောင်ရွက်မှုသည် လက်သိပ်ထိုး လုပ်ဆောင်မှုဖြစ်သည်ဟုလည်း ပြောဆိုမှုများ ရှိနေသည်။
“ကျနော်တို့က ရပ်ကွက်ထဲမှာ စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲ လုပ်မယ့်ဟာကို သိကို မသိခဲ့ဘူး။ အခု သိတော့လည်း အသက်အရ လျှောက်လို့မရဘူး။ တကယ် လုပ်ပေးချင်တဲ့၊ တက်ကြွတဲ့ လူငယ်တွေ၊ တကယ်လုပ်နေသူတွေ ပါဝင်သင့်တယ်။ ရပ် ကွက်တခုမှာ သိသူ နည်းတယ်။ ဒါက အရေးကြီးတယ်၊ ရန်ကုန်မှာ စည်ပင်ပြဿနာက အများကြီး၊ အောက်ခြေ အမှိုက်သိမ်း တာ က အစရှိတယ်”ဟု ကျောက်မြောင်း အရိုးကုန်းလမ်းမှ ရပ်ကွက်ရေးရာ လူငယ်တာဝန်ခံ အဖြစ် လုပ်ဆောင်နေသူ ကိုထွန်းမြတ် က ပြောသည်။
၂၀၁၃ ခုနှစ်တွင် ပြဌာန်းထားသည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေအရ ရွေးကောက် တင်မြှောက်မည့် အဆိုပါ ကော် မတီ၏ သက်တမ်းသည် အစိုးရအဖွဲ့ သက်တမ်း အတိုင်း ဖြစ်သည်။
လက်ရှိ အစိုးရ သက်တမ်း တနှစ်ခွဲသာ ကျန်ရှိနေခြင်းကြောင့် အရေးပါသည့် တာဝန်များကို ရန်ကုန်မြို့တော်ဝန်ကသာ ပြန်လည် ရွေးူချယ်ရမည့် အချက်မှာလည်း မမျှတကြောင်း ထောက်ပြမှုများ ရှိနေသည်။
ကိုယ်စားလှယ်လောင်း လျှောက်လွှာတင်ထားသူ နော်ဆူဆန် လှလှစိုး က“ကျမအနေနဲ့ ဝင်အရွေးခံတာမှာ အရပ်ဘက် လူ့အဖွဲ့အစည်း အနေနဲ့ဝင်တာပါ၊ အပြင်မှာပြောနေကြသလို တကယ် လုပ်သူတွေပါ ပါ့မလား ဆိုတဲ့ အသံတွေနဲ့၊ ရွေးချယ်တဲ့ နည်းဥပဒေ က မမျှတ ဘူးပေါ့။ ဒီမိုကရေစီကို စမ်းသပ်တဲ့ သဘောပေါ့။ စမ်းသပ်တာဆိုတော့ မမျှတရင် ပေါ်လာမယ်။ စုံစမ်းစစ်ဆေးလို့ရတယ်။ အဆင့်ဆင့်တော့ လုပ်ရမှာပေါ့”ဟု ပြောသည်။
ကော်မတီ၌ ဥပဒေ အရ ပြည်သူက ရွေးချယ်ထားသည့် ကော်မတီဝင် ၄ ဦးကို အမှန်တကယ် ရွေးချယ်နိုင်ပါက ပြည်သ့ူ အကျိုးပြုနိုင် ရန် မျှော်လင့်ကြောင်း၊ ဘတ်ဂျက် ကိစ္စများနှင့် မကျေနပ်သည့်အချက်များကိုလည်း တင်ပြဆွေးနွေးနိုင်ရန် မျှော်လင့်ကြောင်း နော်ဆူဆန် လှလှစိုး က ပြောဆိုသည်။
၎င်းက“ကော်မတီမှာ ဆုံးဖြတ်ပိုင်ခွင့်ကို အစိုးရ လူရှိစေဦးတော့ ကျန်တဲ့ပြည်သူအပေါ် မတရားတာဆို ကျန်တဲ့ပြည်သူ့ကိုယ်စားလှယ်က ကန့်ကွက်နိုင်လာမယ်ထင်တယ်။ အရင်ကထက် ပိုကောင်းလာမယ်။ အကောင်းဆုံးတော့ မဟုတ်ဘူးပေါ့။ လုပ်ကြည့် ရမှာပါ” ဟု ဆိုသည်။
ရွေးချယ်လိုက်သည့် ကိုယ်စားလှယ်များ ရရှိလာပါက ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ က ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီကို ခရိုင် တခုချင်းစီမှ ရွေးကောက်တင်မြှောက်ခံရသူ ကိုယ်စားလှယ် လေးဦးနှင့် မြို့တော်ဝန်က အဆိုပြုတင်ပြသည့် ပုဂ္ဂိုလ်များ အနက်မှ သင့်လျော်သည့် ပုဂ္ဂိုလ်လေးဦးအား တာဝန် ပေးအပ်ရမည်ဖြစ်သည်။
ထိုကိုယ်စားလှယ် စာရင်းမှ အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူးကိုပါ သတ်မှတ်ရမည်ဟု ရွေးကောက်ပွဲ ကော်မရှင်မှ သိရသည်။
ခရိုင် စည်ပင်သာယာရေး ကော်မတီနှင့် မြို့နယ် စည်ပင်သာယာရေး ကော်မတီများကို ဖွဲ့စည်းရာတွင်မူ ရပ်မိရပ်ဖများ အနက်မှ ရွေးကောက် တင်မြှောက်ခံရသူ ကိုယ်စားလှယ်မှာ ဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။
အသိ ပညာရှင်၊ အတတ်ပညာရှင်များထဲက တဦးနှင့် လူမှုအဖွဲ့အစည်းများမှ ရွေးကောက်တင်မြှောက်ခံရသူ တဦးတို့ကို အဖွဲ့ဝင် အဖြစ် တာဝန် ထမ်းဆောင်စေမည်ဟု သတ်မှတ်ထားကြောင်း သိရသည်။
အိမ်ထောင်စု တစုလျှင် အသက် ၁၈နှစ် ပြည့်ပြီးသူ တဦးအနေဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင်၊ ခရိုင် စည် ပင် သာယာရေး ကော်မတီ ဥက္ကဋ္ဌ (ရပ်မိရပ်ဖ)၊ ခရိုင်စည်ပင်သာယာရေး ကော်မတီဝင် (အတတ်ပညာရှင်၊ အသိပညာရှင်)၊ ခရိုင် စည်ပင်သာယာရေး ကော်မတီဝင် (လူမှုရေး အဖွဲ့အစည်း)၊ မြို့နယ်စည်ပင် သာယာရေး ကော်မတီ (ရပ်မိရပ်ဖ)၊ မြို့နယ် စည်ပင် သာယာရေး ကော်မတီဝင် (အတတ်ပညာရှင်၊ အသိပညာရှင်)၊ မြို့နယ် စည်ပင်သာယာရေးကော်မတီဝင် (လူမှုရေး အဖွဲ့အစည်း) စသည်တို့ အတွက် ဆန္ဒမဲ ၇ မဲ ပေးရမည် ဖြစ်သည်။