ကရင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ အားလုံးစုစည်း၍ ကော်သူလေး တပ်မတော် ပြန်လည်ဖွဲ့စည်းရေးနှင့်ပတ်သက်ပြီး ကရင်အမျိုးသား အစည်းအရုံး(KNU) နှင့် ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော်(DKBA) တို့အကြား သဘောထား မတူညီမှုများ ကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
DKBA တပ်မဟာ ဌာနချုပ် အခြေစိုက်ရာ ကရင်ပြည်နယ် ဆုံဆည်းမြိုင် ကျေးရွာ၌ အောက်တိုဘာ ၂၉ ရက်က စတင်ကျင်းပသော ကော်သူလေး တပ်မတော် ဖွဲ့စည်းခြင်းဆိုင်ရာဆွေးနွေးပွဲတွင် KNU ၏ ဖွဲ့စည်းပုံ၊ နိုင်ငံရေး လမ်းစဉ်၊ လုပ်ငန်းစဉ်နှင့် အညီ ဆောင်ရွက်နိုင်ရန်အတွက် လာမည့် ၂ နှစ်ကြာမှ ကျင်းပမည့် ၁၆ ကြိမ်မြောက် ကွန်ဖရင့်မှ ဆွေးနွေးဆုံးဖြတ်ရန် KNU အဖွဲ့ကိုယ်စားလှယ် က ပြောသည်။
“ဒီကော်သူလေး တပ်မတော် ဖွဲ့စည်းဖို့ကို မူအရတော့ KNU အနေနဲ့ လက်ခံပါတယ်။ ကျနော်တို့အားလုံး တခုတည်းပြန် ဖြစ်ဖို့က ကျနော်တို့အားလုံး အလိုလားဆုံး၊ အလိုအပ်ဆုံးဆိုတာ ဘယ်လိုမှ ငြင်းလို့တော့ မရပါဘူး။ ဒါပေမယ့် လုပ်ဆောင်တဲ့နေရာမှာ မူရှိတယ်၊ လမ်းစဉ်၊ စည်းမျဉ်းစည်းကမ်းရှိတယ်။ မူအတိုင်း လုပ်သွားကြမယ်ဆိုရင် ကျနော်တို့ ညီညီညွတ်ညွတ် လုပ်ဆောင်ကြရင်
ရှောရှောရှူရှူ လုပ်ဆောင်နိုင်မှာပါ။ အဖွဲ့အစည်းတခု ပြန်လည်ထူထောင်သွားမယ်ဆိုရင် ခံယူချက်တွေ၊ သဘောထားတွေ၊ ရည်မှန်း ချက်တွေ တူညီကြရမှာဖြစ်ပါတယ်”ဟု KNU အဖွဲ့က ကိုယ်စားလှယ် ဗိုလ်ချုပ် စောဖောဒိုက ပြောသည်။
ကရင်လက်နက်ကိုင် တပ်ဖွဲ့များ ပေါင်းစည်းထားသော ကော်သူလေး တပ်မတော်ဖွဲ့စည်းရန် အစည်းအဝေးသည် တဦးတယောက် တည်းနှင့် အဖွဲ့တခုတည်းနှင့် မပတ်သက်ဘဲ ပြည်သူများအားလုံး၊ လက်နက်ကိုင်တပ်ဖွဲ့များ အားလုံးနှင့် ပတ်သက်နေသောကြောင့် တက်ရောက်လာသည့် ကိုယ်စားလှယ်များအားလုံးကလည်း အကြံပြုပေးကြရန် DKBA ခေါင်းဆောင် ဗိုလ်ချုပ်ကြီး စောလား ပွယ် က ပြောဆိုသည်။
သို့ရာတွင် လာမည့် ကွန်ဖရင့် ကျင်းပရန်မှာ အချိန် ၂ နှစ်ခန့် ကြာဦးမည်ဖြစ်ပြီး ကရင်တမျိုးသားလုံး စည်းလုံးညီညွတ်ရေး အတွက်
ကရင် လက်နက်ကိုင်တပ်ဖွဲ့များ စုပေါင်းထားသော တပ်ဖွဲ့တခုတည်း တည်ဆောက်ရေးသည် အချိန်အားဖြင့် နောက်ကျနေသည့် သဘောရှိနေကြောင်း DKBA တပ်ဖွဲ့မှ ဗိုလ်မှူး စောကျော်သက်ကလည်း အဆိုပါ ဆွေးနွေးပွဲတွင် ပြောသည်။
“နောက်ထပ် ၂ နှစ်ကာလဆိုရင် လက်ရှိအုပ်ချုပ်နေတဲ့ သမ္မတ သက်တမ်း ကုန်ပြီ။ KNU က ဥက္ကဌကြီးရဲ့ သက်တမ်းလည်း ကုန်ပြီ။ ဒီကြားထဲမှာ တနိုင်ငံလုံး အပစ်အခတ် ရပ်ဆဲရေးကို လက်မှတ်ထိုးဖြစ်ခဲ့ရင် ကျနော်တို့ ကရင်တွေ တပ်မတော်တခုတည်း ပြန်ဖြစ်နိုင် ပါ့မလား။ ဒါ့ကြောင့် အချိန်ဟာ နောက်ကျတယ် မရှိပါဘူး။ ၂၀၀၇၊ ၂၀၀၉ တုန်းကလည်း KNU ကို DKBA က သွားတွေ့ခဲ့ပါတယ်။ ဒါပေမယ့် အဖြေမရခဲ့ပါဘူး။ လာမယ့် ကွန်ဖရင့်ကမှ ဒီအဖြေကို ဆွေးနွေး၊ တည်ဆောက်မယ်ဆိုရင် ဒီကြားမှာ ယုံကြည်လို့ရမလား။ ဒါကို ထည့်စဉ်းစားဖို့လိုမယ်”ဟုလည်း ၎င်းက ပြောဆိုသည်။
ကော်သူလေး တပ်မတော်ဖွဲ့စည်းနိုင်ရေးအတွက် DKBA တပ်ဖွဲ့ ဌာနချုပ် အခြေစိုက်ရာ ဆုံဆည်းမြိုင်ကျေးရွာတွင် ၃ ရက် ကြာ ဆွေးနွေးသွားမည်ဖြစ်ပြီး တပ်ပိုင်းဆိုင်ရာ ဖွဲ့စည်းပုံများ၊ နိုင်ငံရေး ဦးဆောင်မည့် အဖွဲ့အစည်းများ၊ အရာရှိ၊ စစ်သည်များနှင့် သက်ဆိုင် သော တာဝန်၊ လုပ်ပိုင်ခွင့်များ စသည့်အချက်များကိုလည်း ထည့်သွင်း ဆွေးနွေးသွားမည်ဟု ဆိုသည်။
ယင်းသို့ တပ်မတော်ဖွဲ့စည်းရေး အတွက် ပြီးခဲ့သည့် ၁၅ ကြိမ်မြောက် ကွန်ဖရင့်ကတည်း ဆွေးနွေးခဲ့ခြင်း ဖြစ်ကြောင်း KNU အထွေထွေအတွင်းရေးမှူး ဖဒို စောကွယ်ထူးဝင်း ကလည်း ဧရာဝတီနှင့် အင်တာဗျူး တခုတွင် ပြောဆိုထားသည်။
အဆိုပါဆွေးနွေးပွဲသို့ KNU ၊ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်၊ ငြိမ်းချမ်းရေးကောင်စီ(KNU/ KNLA-PC) ၊ DKBA စသော ကရင်လက်နက်ကိုင်အဖွဲ့များအပြင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF)၊ ကလို ထူး ဘော ကရင် အစည်းအရုံး(KKO) နှင့် ကရင်တိုင်းရင်းသား အရပ်ဘက်အဖွဲ့အစည်းများ၊ လူမှုအဖွဲ့များ အားလုံးမှ လူ ၁၅၀ ကျော် တက်ရောက်ခဲ့ကြကြောင်း သိရသည်။