မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အတွင်း အလွတ်တန်းသတင်းထောက် ကိုအောင်ကျော်နိုင်(ခ) ကိုပါကြီးကို တပ်မတော်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး တလအကြာ အသေဖမ်းဆီးရမိကြောင်း ထုတ်ပြန်မှုမှာ မြန်မာ နိုင်ငံ၏ တရားဥပဒေ စိုးမိုးမှုမရှိခြင်းနှင့် နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းများကို လိုက်နာမှုမရှိကြောင်း ပြသလျက်ရှိပြီး ယခင်စစ်အစိုးရလမ်းစဉ် လုပ်နည်းလုပ်ဟန် အတိတ်ဆိုးမှ ပုံရိပ်ဟောင်းများကို အမှတ်ရစေ ခဲ့သည်။
ကိုပါကြီးကို ဖမ်းဆီးထိန်းသိမ်းထားစဉ်ထွက် ပြေးသွားသောကြောင့် ပစ်ခတ်ဖမ်းဆီးရာ သေဆုံး သွားကြောင်း စစ်တပ်၏ ၂၀၁၄ ခုနှစ် အောက်တိုဘာ လ ၂၃ ရက်နေ့စွဲတပ် သတင်းထုတ်ပြန်မှုကြောင့် နိုင်ငံရေးနှင့် အရပ်ဖက်အဖွဲ့အစည်းများ မခံမရပ်နိုင် ဖြစ်ခဲ့ကြပြီး ယခုလုပ်ရပ်သည် မတရားကြောင်း ပြောဆိုလာကြသည်။
စစ်တပ်၏လုပ်ရပ် မတရားကြောင်းနှင့် ယခု ဖြစ်စဉ်ကို ပွင့်လင်းမြင်သာမှုရှိရှိ ဖော်ထုတ်ပေးပြီး အစိုးရအနေဖြင့် တာဝန်ယူမှု ၊ တာဝန်ခံမှုများရှိရန် အရပ်ဖက် လူ့အဖွဲ့အစည်း ၅၀ ခန့်က ကြေညာချက်၊ တောင်းဆိုချက်များ ပြုလုပ်ခဲ့ကြပြီး အောက်တိုဘာလ ၂၆ ရက်နေ့တွင် ရန်ကုန်မြို့တော်ခန်းမရှေ့ တဖက်ခြမ်း လွတ်လပ်ရေး ပန်းခြံရှေ့၌ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ဦးဆောင်သော နိုင်ငံရေးအင်အားစုများက ကိုပါကြီးအသတ်ခံရမှု အမှုမှန်ဖော်ထုတ်ပေးရန် စုဝေးတောင်းဆိုခဲ့ကြသည်။
“တပ်မတော်ရဲ့ လုပ်ရပ်တွေကြောင့် တရား ဥပဒေစိုးမိုးမှု ထိခိုက်လာမယ်ဆိုရင် အမျိုးသား ပြန်လည်သင့်မြတ် ရေး လုပ်လို့မရတော့ဘူး။ ဘာ ဒီမိုကရေစီမှလည်း တည်ဆောက်လို့ရမှာ မဟုတ်ဘူး” ဟု ၈၈ မျိုးဆက် ငြိမ်းချမ်း ရေးနှင့် ပွင့်လင်းလူ့အဖွဲ့အ စည်းမှ ဦးကိုကိုကြီးက ယင်းအခမ်းအနားတွင် ပြော ဆိုလိုက်သည်မှာ ဒီမိုကရေစီ ရေး ပြုပြင်ပြောင်းလဲနေသည်ဟုဆိုသော လတ်တလော နိုင်ငံရေးအခြေအနေကိ ုစိန်ခေါ်လိုက်ခြင်းဖြစ်သည်။ ဆန္ဒပြပွဲတွင် သမ္မတ ဦးသိန်းစိန်နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ အနေဖြင့် အထူး စုံစမ်းရေးကော်မရှင်တရပ် ဖွဲ့စည်း၍ အမှုမှန်ပေါ်ပေါက်ရေး အမြန်ဆုံးဖော်ထုတ်ပေးရန် တောင်းဆိုခဲ့ကြသည်။
ဒီမိုကရေစီရေးနှင့် တိုင်းရင်းသားရေး လှုပ်ရှား သော အဝေးရောက် မြန်မာအဖွဲ့အစည်းများ အခြေချရာ ထိုင်း နိုင်ငံနယ်စပ်မြို့ မဲဆောက်တွင်အခြေစိုက်သည့် ကိုပါကြီးသည် ၂၀၁၄ ခုနှစ် စက်တင် ဘာလအတွင်းက ဖြစ်ပွားခဲ့သည့် အစိုးရစစ်တပ်နှင့် ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုး သားတပ်မတော် (DKBA) တို့ တိုက်ပွဲအတွင်း စစ်ရေးသတင်းဓာတ်ပုံများ ရရှိရန် မွန်ပြည်နယ်သို့ သွားရောက်စဉ် ပျောက်ဆုံး သွားခြင်းဖြစ်သည်။
ကိုပါကြီးအား မြန်မာစစ်တပ်က ဖမ်းဆီးထိန်း သိမ်းထားစဉ် ထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးရာ သေဆုံး သွားကြောင်း ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့စွဲတပ်ထားသော သတင်းထုတ်ပြန် ကြေညာချက် တစောင်ကို မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)မှ တဆင့်ဖြန့်ဝေခဲ့သည်။ အဆိုပါ ထုတ်ပြန်ချက်ကို မည်သည့်ဝန်ကြီးဌာနက တာဝန်ခံ ထုတ်ပြန်ကြောင်း တရားဝင်စာအမှတ်နှင့် စည်းတံဆိပ်များ မပါဝင်ပေ။
ထိုထုတ်ပြန်စာတွင် ၂၀၁၄ ခုနှစ် စက်တင်ဘာ လ ၃၀ ရက်နေ့က ကျိုက်မရောမြို့ လုံခြုံရေးအတွက် မြို့စက် လှေဆိပ် အဝင်အထွက်များကို မြန်မာ စစ်တပ်က စစ်ဆေးနေစဉ် စက်လှေတစီးပေါ်တွင် ရေစိုလျက် ရွှံ့ဗွက် များပေကျံနေသော ကိုပါကြီး အားတွေ့ရှိ၍ နယ်မြေခံအမှတ် ၂၀၈ ခြေမြန်တပ် ရင်းသို့လွှဲပြောင်းစစ်ဆေးရာ KKO ခေါ် ကလိုထူးဘော ကရင်အဖွဲ့အစည်းမှ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ကြီး အဆင့်ရှိ အောင်နိုင်အဖြစ်ဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ် ကြောင်း၊ ဖမ်းဆီးထိန်းသိမ်းထားစဉ် လုံခြုံရေးစစ်သည် တဦး၏သေနတ်အား လုယူထွက်ပြေး သဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ကာ အလောင်းကို ကျိုက်မရောနှင့် ကီလို မီတာ ၂၀ အကွာ ရွှေဝါချောင်ရွာအနီး မြှုပ်နှံ ခဲ့ရ ကြောင်းဆိုသည်။
ကိုပါကြီး၏ဇနီး ဒေါ်သန္တာကမူ “ကျမ အမျိုးသား ဟာ DKBA မဟုတ်ဘူး။ လက်နက်ကိုင် မဟုတ်ဘူးဆိုတာ ကျမမှာ သက်သေပြစရာ အစုံအလင်ရှိပါတယ်။ သူအဖမ်းခံရတဲ့ နေ့တုန်းကလည်း သတင်း ယူဖို့ပဲသွားတာ။ စစ်တပ်က သူ့ကိုဖမ်းတော့ ငါသတင်းထောက်။ ငါ့အလုပ် ငါလုပ်တာဆိုပြီး စစ်သားက သူ့ကိုဖမ်းဖို့ စက်လှေပေါ် ဆွဲတင်တော့ သူဘာသာ သူတက်လာတာ။ ပြီးတော့ ကားပေါ်ကိုလည်း သူ့ဘာသာ တက်သွားတယ်လို့ပြော တယ်” ဟု ဧရာဝတီကို ပြောသည်။
ကိုပါကြီး၏ဇနီးဖြစ်သူ ဒေါ်သန္တာသည် ကိုပါကြီး သေဆုံးမှုကို ကျိုက်မရောမြို့နယ် ရဲစခန်းတွင် အမှုဖွင့်ရန် ကြိုးပမ်းရာ အစပိုင်းတွင် အထက်အမိန့်အရ ဟုဆိုကာ အမှုဖွင့်ခွင့်လုံးဝမရရှိဘဲ နောက်ပိုင်းအဆင့် ဆင့်အား ထုတ်ရာတွင်လည်း အနှောင့်အယှက်များစွာ ကြုံတွေ့ခဲ့ရပြီး နောက်ဆုံးတွင် သေမှုသေခင်းဖြင့် အမှုဖွင့်ခွင့် ရရှိခဲ့ကြောင်း သိရသည်။
“ဒီအမှုမှာ ကျမတို့က နစ်နာသူ မိသားစုပါ။ ကျမတို့မိသားစုဟာ သီးသန့် ခွဲခြားဆက်ဆံခံနေရ သလို ဥပဒေ အရ ဖောက်ဖျက်ခံရသလိုဖြစ်နေတယ်။ ကျမ တချိန်လုံးပြေးနေရတယ်။ ညနေ ၆ နာရီခွဲမှ အမှုဖွင့်ခွင့်ပေး တယ်။ ငြင်းခံရတယ်။ နှောင့်နှေး ကြံ့ကြာမှုတွေ အများကြီးတွေ့ရတယ်။ သွားရာလမ်း တလျှောက်မှာ ထောက် လှမ်းရေးအဆင့်ဆင့်ရဲ့လိုက်ပါစောင့်ကြပ် ကြည့်ရှုမှုတွေ၊ အနီးကပ် ဓာတ်ပုံရိုက် မှုတွေ၊ ဒါဟာ ကျမရဲ့ လူ့အခွင့်အရေး အကြီးမားဆုံး ဆုံးရှုံးမှုတွေပဲ။ ကျမ လုံခြုံမှုကရော ဘယ်မှာလဲ၊ ဘယ်သူကအာမခံမလဲ၊ နောက်တကြိမ် ကျိုက်မရော ကို သွားဆင်းပြီးတော့ တရားစွဲရင် ကျမ လုံခြုံမှုတွေက ဘယ်မှာလဲ” ဟု ဒေါ်သန္တာက မေးခွန်းထုတ်သည်။
ကိုပါကြီး ဘယ်သူလဲ
နီးစပ်သူများက အလွတ်သတင်းထောက် ကိုပါ ကြီးသည် “လူရိုးလူအေး” တဦးဖြစ်ကြောင်းဆိုသည်။ နိုင်ငံရေး တွင် တက်ကြွလှုပ်ရှားသလို ထိုင်း-မြန်မာ နယ်စပ် သတင်းဆောင်းပါးများရေးကာ အောင်ကြီး ကလောင် အမည်ဖြင့် ပြည်တွင်း သတင်းဂျာနယ်များသို့ ရေးသားပေးပို့နေသူဖြစ်သည်။ ပြည်တွင်းအခြေစိုက်သတင်း သမားများကိုကိုးကားပြီး အမေရိကန် ပြည်ထောင်စုအခြေစိုက်သတင်းသမားများကာ ကွယ်စောင့်ရှောက်ရေး ကော်မတီ CPJ က Eleven၊ Yangon Time နှင့် The Voice မီဒီယာများတွင် ကိုပါကြီး၏ သတင်းများ ပုံနှိပ် ဖော်ပြဖူးကြောင်း ဆိုသည်။
ကိုပါကြီးသည် ၁၉၈၈ ခုနှစ် နိုဝင်ဘာလတွင် ဖွဲ့စည်းခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လူငယ်) ၏ ပထမဦးဆုံး ဗဟိုလူငယ် ၁၉ ဦးတွင် ပါဝင်ခဲ့ပြီး ကရင်ပြည်နယ် တာဝန်ခံအဖြစ် ၁၉၈၉ ခုနှစ် မေလအထိ တာဝန်ယူခဲ့သူဖြစ်သည်။ ယင်း နောက်ပိုင်းတွင် သုံးရောင်ခြယ်အဖွဲ့ဝင်အဖြစ် “တပ်ဦး” လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သူတဦးလည်းဖြစ်ကြောင်း သိရှိရသည်။
ကိုပါကြီးသည် စစ်အစိုးရလက်ထက် ဖိနှိပ်မှုကို ရှောင်တိမ်းရန် ထိုင်း-မြန်မာ နယ်စပ်သို့ ဆက်စပ် ရောက်ရှိ လာသူများနည်းတူ ၂၀ဝ၄ ခုနှစ်ပိုင်းတွင် မဲဆောက်သို့ စတင်ရောက်ရှိလာပြီး နယ်စပ်တွင် နေထိုင်နေစဉ်တွင် ဇနီးဖြစ်သူ ဒေါ်သန္တာမှာ ၂၀ဝ၇ ခုနှစ်တွင် အဖမ်းခံရသည်။ ဒေါ်သန္တာ ထောင်မှပြန် လွတ်စဉ် ၂၀၁၂ ခုနှစ်တွင် ကိုပါကြီးမှာ အလွတ်တန်း ဓာတ်ပုံသတင်းထောက်အဖြစ် နိုင်ငံရေး စစ်ရေး လှုပ်ရှားမှု၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲ များတွင် သတင်း လိုက်ခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် ဒေါက်တာ စင်သီယာမောင် ပေးအပ်သော သတင်းဓာတ်ပုံ ဆုတခု ရရှိခဲ့ဖူးကြောင်း သိရသည်။
“ကိုပါကြီးက လက်နက်ကိုင် တပ်ဖွဲ့ဝင်တော့ မဟုတ်ဘူး ။ ဒါပေမယ့် လက်နက်ကိုင်တွေနဲ့ ရင်းနှီးမှုတော့ ရှိတယ်” ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ဦးဘိုကြည်ကပြောသည်။ နီးစပ်သူ များက အပစ်ရပ်ရေး ဆွေးနွေးပွဲများတွင် လိုက်ပါသတင်းယူရုံမက ရန်ကုန်မြို့ ငြိမ်းချမ်းရေး စင်တာရှိ တာဝန်ရှိ သူများနှင့်ပါ ပုဂ္ဂိုလ်ရေး ခင်မင်နေသူ ကိုပါကြီးသည် စစ်တပ်က ဖမ်းဆီးထားစဉ် သေနတ်လုပြီး ထွက်ပြေးသည် ဆိုသည့် ထုတ်ပြန်ချက်ကို မည်သို့မျှ နားလည်လက်ခံ၍ မရကြောင်း လည်းဆိုသည်။
အသေဆိုးသည့် သတင်းသမားများ
ကိုပါကြီးသေဆုံးမှုသည် ၂၀ဝ၇ ခုနှစ် ရွှေဝါ ရောင်တော်လှန်ရေးတွင် စစ်တပ်က လမ်းပေါ်တွင်ပင် ပစ်သတ်ခဲ့ သော ဂျပန်သတင်းထောက် ကန်ချိနာဂါအိ ပြီးလျှင် ပထမဆုံး သတင်းသမားဖြစ်သည်။ CPJ ၏ ထုတ်ပြန်ချက် အရ စစ်အစိုးရလက်ထက် မြန်မာနိုင်ငံတွင် သတင်းသမား အနည်းဆုံး ၃ ဦး အသတ်ခံခဲ့ရပြီး ဖြစ်သည်။ ၂၀ဝ၇ ခုနှစ်တွင် APF သတင်းဌာနအတွက် သတင်းယူရင်း ပစ်သတ်ခံရ သော ကန်ဂျီနာဂါအိ၊ ၁၉၉၉ ခုနှစ်တွင် ကြေးမုံ သတင်းစာ ဝန်ထမ်း ၂ ဦးဖြစ်သည့် ဦးလှဟန်နှင့် ဦးသာဝင်းတို့မှာလည်း နှိပ်စက်ညှင်းပန်းမှုဖြင့် သေဆုံး သွားခဲ့သည်ဟု ဖော်ပြထားသည်။
ကိုပါကြီး ပျောက်ဆုံးနေခဲ့စဉ် တပ်မတော် ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ကို အောက်တိုဘာလ ၁၄ ရက်နေ့က ခေါ်ယူတွေ့ဆုံခဲ့ပြီး နိုင်ငံရေး အရတပ်မတော်သည် နောက်ကြောင်းပြန် လှည့်မည် မဟုတ်ကြောင်း၊ မီဒီယာများနှင့် ထိတွေ့ ဆက်ဆံနိုင်ရန် လိုအပ်ပါက ပုံမှန်သတင်းစာရှင်းလင်း ပွဲ (Press Conference) များ လုပ်ဆောင်ပေးသွား မည်ဖြစ်ကြောင်း ပြောဆိုသည်ဟု သိရသည်။
ကာကွယ်ရေးဝန်ကြီးဌာနက မီဒီယာနှင့် ဆက်သွယ်ဆောင်ရွက်ရန် ဗိုလ်မှူးချုပ် အောင်သော်၊ ဗိုလ်ချုပ် စိုးနိုင်ဦး၊ ဗိုလ်မှူးချုပ် အောင်ရဲဝင်းတို့ ၃ ဦးကို ဆက်သွယ်ရန်ပုဂ္ဂိုလ် (Contact Person) များ အဖြစ် တာဝန်ပေးထား သော်လည်း ကိုပါကြီးအကြောင်း မေးမြန်းရန် တရားဝင်ဆက်သွယ်၍ မရရှိပါ။ မြန်မာ နိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) မှတဆင့်ဖြန့် ဝေခဲ့ သည့် ထုတ်ပြန်ချက်နှင့်ပတ်သက်၍ ကာကွယ် ရေးဝန်ကြီးဌာနသို့ သဘောထား မေးမြန်းရာတွင်မူ ရုံးအဖွဲ့မှူး ဒုဗိုလ်မှူးကြီး ကျော်သူက “လုံးဝ” မသိရှိ ကြောင်း ဖြေဆိုသည်။
မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်က ကြေညာ ချက်ထုတ်ပြန်ရာတွင်မူ ကိုပါကြီး၏ ရုပ်အလောင်းကို မိသားစုမှ ကြည့်ရှုစစ်ဆေးပြီး သင်္ဂြိုဟ်ခွင့်ပြုရမည့် အစားတောတွင်းတနေရာ၌ တပ်မတော်က မြှုပ်နှံထားခြင်းမှာ လူ့အခွင့်အရေး ချိုးဖောက်ခံရသော အလောင်းဖျောက်ဖျက်မှုတရပ်ကို ကျူးလွန်ခြင်းဖြစ် ကြောင်းဆိုသည်။ ဥပဒေကြောင်း အရသေနတ်လုယူ သောကြောင့် ပစ်ခတ်သတ်ဖြတ်ရသည်ဆိုလျှင်ပင် ဖြစ်ရပ်အားအနီးဆုံး ရပ်ကျေးဆိုင်ရာ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးသို့ တပ်မတော်က အကြောင်းကြားရ မည်ဖြစ်ပြီး သေဆုံးသူ အလောင်းကို ကျန်ရစ်သူ မိသားစုထံ ပြန်လည်အပ်နှံရန်သာရှိသည်။ ယခုမူ ဒုတိယကမ္ဘာစစ်အပြီး နိုင်ငံအားလုံး ရှိလက်နက်ကိုင် တပ်ဖွဲ့များ သဘောတူလိုက်နာရန် လိုအပ်သောဂျနီဗာ ကွန်ဗန်းရှင်း၌အတိအလင်းသတ်မှတ် ထားသည့် စစ်ပွဲ အတွင်း လက်ရဖမ်းဆီးရမိသူနှင့် လက်နက်ချသူ များကို အကြမ်းဖက်ခြင်း၊ သတ်ဖြတ်ခြင်း၊ ကိုယ် အင်္ဂါအစိတ်အပိုင်းထိခိုက်အောင်လုပ်ခြင်း၊ ရက်စက် စွာပြုမူဆက်ဆံခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းမပြုရ ဆို သည်ကို ချိုးဖောက်နေသကဲ့သို့ ဖြစ်သည်။
ကိုပါကြီးဖြစ်စဉ်အား စစ်တပ်က စစ်ခုံရုံးဖွဲ့ စစ်ဆေးပေးနိုင်သည်ဟု သတင်းများထွက်ပေါ်လာ သည့်အပေါ် စစ်ဘက် တရားစီရင်ရေးကို အယုံ အကြည်မရှိသဖြင့် အရပ်ဘက်တရားရုံးတခုတွင် အမှုစီရင်ခွင့်ရရှိရန် ကြိုးပမ်းလျက်ရှိကြောင်းလည်း ကိုပါကြီး အမှုဖြစ်စဉ်ကို လိုက်ပါဆောင်ရွက်မည့် ရှေ့နေ ဦးရောဘတ်စန်း အောင်က ဧရာဝတီသို့ပြော သည်။
“ကိုပါကြီးက သူပုန်ဖြစ်နေရင်တောင် ဒီလိုပစ် သတ်လို့မရဘူး။ အခုက အလောင်းပါဖျောက်ထား သလိုဖြစ်နေ တယ်။ အမှန်ဆိုရင် ကိုပါကြီး သေဆုံး ကတည်းက ရဲစခန်းမှာ သွားပြီးအမှုဖွင့်ပေးရမှာ။ ခုလုပ်ရပ်တွေက ဥပဒေ နဲ့ လုံးဝမညီဘူး။ ဒါတွေ ကြောင့် အမှုမှန် ပေါ်ပေါက်လာအောင် ဆက်လုပ် သွားမယ်” ဟု ဦးရောဘတ်စန်း အောင်က ပြောသည်။
မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်မှ ဦးကြီးမြင့် ကလည်း “စစ်တပ်က သူ့ဘာသူ့ ခုံရုံးဖွဲ့စစ်မယ်ဆိုရင် တော့ တရားမျှတမှု ရှိမှာမဟုတ်ဘူး။ လူ့အခွင့်အရေး ကော်မရှင်လိုဟာမျိုးက ဦးဆောင်ပြီးတော့ဖြစ်စေ၊ အစိုးရရဲ့ ဥပဒေရုံးကဖြစ်စေပေါ့၊ ဒါမျိုးတွေက တာဝန်ယူပြီးတော့ ခုံရုံးဖွဲ့စစ်တာမျိုးဟာ ပိုနီးစပ် မယ်။ နောက် ၂၀ဝ၈ အခြေခံဥပေဒမှာ တခါ ဘာ ဆိုထားသလဲဆိုတော့ တပ်မတော်နဲ့ ပတ်သက်လာ ရင် သူတို့စစ်ခုံရုံးကပဲ သူတို့ စစ်မယ်ဆိုတဲ့ အခြေခံ ဥပဒေပါ အချက်ကြီးကလည်း စစ်တပ်က အပေါ်စီး ယူထားတာမို့လို့ ဘယ်လိုပဲ လွတ်လပ်တဲ့ ခုံရုံးနဲ့ စစ် ပါတယ်ပဲပြောပြော၊ သူတို့က ၂၀ဝ၈ အခြေခံဥပဒေ ကို အကာအကွယ်ယူပြီးတော့ သူတို့ ကျူးလွန်ထား တာတွေလည်း အများကြီးပဲရှိနေတယ်” ဟု ပြောဆို သည်။
ဖိအားများနှင့် သေမှုသေခင်း
ယခု ကိုပါကြီးဖြစ်စဉ်ကို အစိုးရအနေဖြင့် ပြေ လည်အောင် မဖြေရှင်းနိုင်ပါက အမေရိကန်သမ္မတ အိုဘားမား လာရောက်မည့် အာဆီယံညီလာခံတွင် မြန်မာနိုင်ငံအနေဖြင့် မျက်နှာကောင်းမရ ဖြစ်မည်။ သမ္မတဦးသိန်းစိန်က အောက်တိုဘာလ ၁၈ ရက်နေ့ က အီတလီနိုင်ငံ မီလန်မြို့တွင် ကျင်းပသည့် ၁၀ ကြိမ်မြောက် အာရှ-ဥရောပ ထိပ်သီးအစည်းအဝေး၏ သီးသန့်အစည်းအဝေးတွင် ဥရောပသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေနှင့် ပတ် သက်၍ ကုလသမဂ္ဂ အထွေထွေညီလာခံ တတိယ ကော်မရှင်တွင် နှစ်စဉ်အဆိုတင်သွင်း နေခြင်းအား ရပ်ဆိုင်းပေးရန် တောင်းဆိုလိုက်ပြီး မကြာမီ ယခု ကိုပါကြီးဖြစ်စဉ် ပေါ်ပေါက်လာခြင်းဖြစ်သည်။
ထိုသို့ ပြည်တွင်း ပြည်ပ ဖိအားပေးမှုများအား နေပြည်တော်အစိုးရက ဖြေလျှော့ရန် ကြိုးစားနိုင်ပါ သည်။ ထို့ကြောင့် ဒေါ်သန္တာ၏ တိုင်တန်းချက်ကို ကျိုက်မရော မြို့နယ်ရဲစခန်းက လက်ခံအမှုခွင့်ပေး လိုက်ပြီးဖြစ် သည်။ ဧရာဝတီသို့ ဒေါ်သန္တာပြောဆို ချက်အရ သူသွားရောက် အမှုဖွင့်ခဲ့သော်လည်း ရဲစခန်းက အမှုမဖွင့်ပေး ခဲ့ဘဲ ငြင်းဆန်ခဲ့ကြောင်း၊ အောက်တိုဘာလ ၂၆ ရက်နေ့ ညနေပိုင်းတွင် ရဲစခန်းက ကိုပါကြီးသေဆုံးမှုကို သေမှုသေခင်း အမှတ်စဉ် ၁၁/ ၂၀၁၄ ဖြင့်အမှုဖွင့်ခွင့်ပေးခဲ့ကြောင်း သိရှိရသည်။
“ကျိုက်မရော မြို့မရဲစခန်းက ဒုရဲမှူး တင်ဦးက ပြောပါတယ်၊ အမှုဖွင့်တာလက်မခံပါဘူး၊ ဘာဖြစ် လို့လဲဆိုရင် ဒီအမှုကို အမှုလာဖွင့်ရင် လက်မခံပါနဲ့လို့ အထက်အဖွဲ့က ညွှန်ကြားထားလို့ပါလို့ ပြောပါတယ်။ ဒီအမှုက အကြီးကြီးဖြစ်သွားပါပြီတဲ့။ တကယ်လို့ တိုင်ချင်တယ်ဆိုရင် မြန်မာနိုင်ငံမှာရှိတဲ့ အကြီးဆုံး ပုဂ္ဂိုလ်တွေကို တိုင်ပါလို့ ပြောပါတယ်။ ဒါနဲ့ ကျမတို့ လည်း ခရိုင်ရဲစခန်းကို ထပ်တိုင်ပါတယ်။ ဒါနဲ့ ညနေ ပိုင်းလောက်ရောက် တော့မှ မော်လမြိုင် ခရိုင်ရဲစခန်း ရဲ့ညွှန်ကြားမှုနဲ့ ဒီအမှုကို အမှုဖွင့် လက်ခံပါတယ် ဆိုပြီး ကျိုက်မရော မြို့မ ရဲစခန်းက အမှုဖွင့်ပေးပါ တယ်” ဟု သေဆုံးသူ ကိုပါကြီး၏ ဇနီးဒေါ်သန္တာက ပြောဆိုသည်။
အောက်တိုဘာလ ၂၆ ရက်နေ့တွင် ရဲစခန်းက အမှုဖွင့်ပြီးနောက် အောက်တိုဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် မိသားစုဝင်များ မပါဝင်ဘဲ ရဲနှင့် တရားရေးဌာနက ကိုပါကြီးအလောင်းကို ပြန်ဖော် ရန်ကြိုးပမ်းနေကြောင်းကို ကြားသိရသည့်အတွက် ဒေါ်သန္တာက မိသားစုဝင်မပါဘဲ အလောင်းအား ပြန်ဖော်ခွင့်မပြုရန် ကန့်ကွက်ပြောကြား ခဲ့ သေးသည်။
“သူတို့သဘောနဲ့ ကျမ မသိဘဲ အလောင်းကို မဖော်ဖို့အတွက် ကျမ ကန့်ကွက်ထားပါတယ်။ အလောင်းကို ဖော်မယ်ဆိုရင် မိသားစု အပါအဝင် အဖွဲ့အစည်းတွေနဲ့ မီဒီယာတွေ အားလုံးရှေ့မှာ ဖော်ဖို့ ကျမတောင်းဆိုထား တယ်။ ဒီကိစ္စအပေါ် ကျိုက်မရော ရဲစခန်းတာဝန်မှူး ဒုရဲအုပ် သိန်းစန်းဝင်း က ပြန်ဖုန်းဆက်ပါတယ်။ အလောင်း ဖော်ဖို့ တိုင်ပင် တုန်းပဲရှိပါတယ်လို့ ပြန်ပြောပါတယ်” ဟု ဒေါ်သန္တာ ကဆိုသည်။
သူဇာ ပါဝင်ရေးသား သတင်းပေးပို့သည်။