• English
Friday, May 16, 2025
No Result
View All Result
NEWSLETTER

32 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Politics

အခြေအနေ မကောင်းတဲ့ မြန်မာ့ပြုပြင်ပြောင်းလဲရေး

by ဘာတီး(လ် )လင့်တနာ
30 October 2014
in Politics
A A
မြန်မာ့ပြုပြင်ပြောင်းလဲရေး, တရုတ်လွှမ်းမိုးမှု, သမ္မတအိုဘားမား, ဒေါ်အောင်ဆန်းစုကြည်, ကြားဖြတ်ရွေးကောက်ပွဲ, အာဆီယံ ထိပ်သီး အစည်းအဝေး,

အမေရိကန် သမ္မအိုဘားမားနှင့် သမ္မတ ဦးသိန်းစိန်တိုပ အိမ်ဖြူတော်တွင် တွေ့ဆုံစဉ် (ဓာတ်ပုံ - asiannew.net)

7.7k
VIEWS
Share on FacebookShare on Twitter

လာမည့် နိုဝင်ဘာလသည် သမ္မတဦးသိန်းစိန် ဦးဆောင်သည့် အရပ်သားတပိုင်း အစိုးရကို ဖွဲ့စည်းနိုင်ခဲ့သော မှတ်တိုင် တခုဖြစ်သည့် ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့သည်မှာ ၄ နှစ်ပြည့်ချိန် ဖြစ်သလို နောက်ထပ်ရွေး ကောက်ပွဲ ကျင်းပရန် ၁ နှစ်သာ လိုတော့သည့် အချိန်လည်း ဖြစ်သည်။ ထို့အပြင် နိုင်ငံ့ခေါင်းဆောင်များ တက်ရောက်မည့် အာဆီယံ ထိပ်သီး အစည်းအဝေးကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပပေး ရမည့် လလည်းဖြစ်သည်။

တနည်းဆိုရသော် ပြီးခဲ့သည့် ၄ နှစ်တာ ကာလအတွင်း မြန်မာနိုင်ငံက ဆောင်ရွက်ခဲ့သည် များ၏ တိုးတက် အောင်မြင် မှုကို အကဲဖြတ်နိုင်မည့် အချိန်လည်းဖြစ်သည်။ ထို့အပြင် အရှေ့တောင်အာရှ၏ ပြဿနာ အထူ ဆုံး နိုင်ငံဟု ဆိုကောင်း ဆိုနိုင်သည့် အခြေအနေတွင် ကာလရှည်စွာ ရှိနေခဲ့သော နိုင်ငံ၏အနာဂတ်တွင် မည်သို့ဖြစ်လာမည်ကို မြင်တွေ့ခွင့် လည်း ရမည် ဖြစ်သည်။

RelatedPosts

စာသင်ကျောင်းကို ဗုံးကြဲတာ ဘယ်လိုမှ လက်ခံနိုင်စရာမရှိဘူး (ရုပ်/သံ)

စာသင်ကျောင်းကို ဗုံးကြဲတာ ဘယ်လိုမှ လက်ခံနိုင်စရာမရှိဘူး (ရုပ်/သံ)

16 May 2025
16
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

16 May 2025
621
မန္တလေးတိုင်းထဲက သားကျင်ရွာကို စစ်ကောင်စီဗုံးကြဲ (ရုပ်/သံ)

မန္တလေးတိုင်းထဲက သားကျင်ရွာကို စစ်ကောင်စီဗုံးကြဲ (ရုပ်/သံ)

15 May 2025
83

ကုလားဖန်ထိုးသည့် ကစားပွဲ

၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလတွင် ကျင်းပခဲ့သော ရွေးကောက်ပွဲသည် လွတ်လပ်မျှတမှုနှင့် ဝေးကွာခဲ့ကြောင်း မကြာခဏ မေ့လျော့နေကြ ပါသည်။ အစိုးရကိုယ်တိုင်၏ အမှတ်တမဲ့ ထုတ်ပြန် ချက်များသည်ပင် ၂၀၁၀ ရွေးကောက်ပွဲ ရိုးသားမှု မရှိကြောင်း ဖော်ပြနေသည်။ ပဲခူးဒေသမှ မဲဆန္ဒနယ်တခုတွင် မဲဆန္ဒရှင် ၁၀၂ ဒသမ ၉ ရာခိုင်နှုန်းက မဲပေးခဲ့ကြသည်ဟု ဖော်ပြခဲ့သည့်  ယခင်သတင်းကို  ပြင်ဆင်ကြောင်း နိုဝင်ဘာလ ၁၆ ရက်နေ့က အစိုးရပိုင် မီဒီယာများတွင် ဖော်ပြခဲ့သည်။ ကိန်းဂဏန်းအမှန်မှာ ၉၉ ဒသမ ၅၇ ရာခိုင ်နှုန်းဖြစ်သည်ဟု အဆိုပါ ကြေညာချက်က ဆိုသည်။

ရခိုင်ပြည်နယ် အနောက်ပိုင်း အမ်းမြို့နယ်တွင်လည်း မဲဆန္ဒရှင် ၁၀၄ ဒသမ ၂၈ ရာခိုင်နှုန်းက မဲပေး ခဲ့သည်ဟု ဆိုခဲ့ပြီးနောက်ပိုင်းတွင် ၇၁ ဒသမ ၇၄ ရာခိုင်နှုန်းသို့ ပြန်လည် ပြင်ဆင်ခဲ့သည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ)က ရွေးကောက်ပွဲ ကျင်းပခြင်း မရှိသည့် မဲဆန္ဒနယ်များ တွင် အနိုင်ရရှိသည်ဟု ကြေညာခြင်းများပင် ရှိခဲ့သည်။

အတိုက်အခံပါတီများက အနိုင်ရရှိရန် အလားအလာ ကောင်းနေသော မဲဆန္ဒနယ်များတွင် “ကြိုတင်မဲ” ဟုခေါ်သည့် မဲအမြောက်အမြား ထည့်သွင်း ရေတွက်ပြီး မူလရလဒ်ကို ပြောင်းပြန်ဖြစ်စေခဲ့၏။

ထိုသို့ ပေါ်ပေါ်ထင်ထင် လိမ်လည်မှုများ မြန်မာနိုင်ငံ တဝန်းလုံးတွင် ရှိခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့ သည်။

ထို့အပြင် ၂၀ဝ၈ ခုနှစ် အခြေခံဥပဒေတွင် တပ်မတော်က အမျိုးသားနိုင်ငံရေးတွင် ဦးဆောင်ပါဝင်ရမည်ဟု ပြဋ္ဌာန်း ထားသည်။ ဥပဒေပြု လွှတ်တော် ၂ ရပ်လုံးတွင်လည်း ကိုယ်စားလှယ် အရေအတွက်၏ ၂၅ ရာခိုင်နှုန်းကို ရယူထား သည်။

အခန်း ၁၂ တွင်လည်း အခြေခံဥပဒေ ပြင်ဆင်ရေး အတွက် ရှုပ်ထွေးသော လုပ်ထုံးလုပ်နည်းများ ထည့်သွင်း ထားသည်။ လက်ရှိအုပ်ချုပ်ပုံကို ပြောင်းလဲရေးတွင် စစ်တပ်ကို ထိရောက်သည့် ဗီတိုအာဏာ အပ်နှင်းပေး ထားသည်။
အသေးစား ပြင်ဆင်ပြောင်းလဲရေး အတွက် လွှတ်တော်ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်းက ဥပဒေကြမ်း တင်သွင်းမှ သာလျှင် စဉ်းစားသွားမည် ဖြစ်သည်။

သို့သော်လည်း အဓိကအချက်များ ပြင်ဆင်လိုလျှင်မူ လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်၏ ထောက်ခံမှု ရရှိနိုင်မည်ဟု အပိုဒ် ၁၀၄ တွင် ဖော်ပြထားသည်။

ထို့နောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပရန် လိုအပ်ပြီး ဆန္ဒမဲ ပေးခွင့်ရှိသူ အားလုံး၏ ၅၀ ရာခိုင်နှုန်း ကျော်က ထောက်ခံရမည် ဖြစ်သည်။

မြန်မာနိုင်ငံ၏ အခြေခံဥပဒေသည် အတုအယောင် ဆန္ဒခံယူပွဲများနှင့် ရှုပ်ထွေးသည့် လုပ်ငန်းစဉ် ပေါင်း စပ်ထားပြီး စစ်တပ်က  စဉ်ဆက်မပြတ် အာဏာကို သွယ်ဝိုက်သောနည်းဖြင့် ချုပ်ကိုင်ထားနိုင်စေရန် ဥပဒေအရ နည်းအမျိုးမျိုးဖြင့် သတ်မှတ်ထားသော အပိုဒ်များကို ပြောင်းလဲ ပြင်ဆင်ရန် မဖြစ်နိုင်အောင် ပြုလုပ်ထားသည်။

၁၉၇၃ ခုနှစ်က ၁၉၇၄ အခြေခံဥပဒေ အတွက် ပြုလုပ်ခဲ့သော ဆန္ဒခံယူပွဲကလည်း ၂၀ဝ၈ ဖွဲ့စည်းပုံကဲ့သို့ပင် ယုံကြည်လက်ခံနိုင်စရာ မရှိသည့် ဆန္ဒခံယူပွဲဖြစ်ခဲ့သည်။ အကယ်၍ အခြေအနေကို ထိန်းချုပ်နိုင်ခြင်း မရှိခဲ့လျှင်လည်း ပုဒ်မ ၄၁၃ တွင် သမ္မတက အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အာဏာများကို ကာကွယ်ရေး ဦးစီးချုပ်သို့ လွှဲပြောင်းပေးရန် ခွင့်ပြုထားသည်။

အမှန်တရားကိုမျက်ကွယ်ပြုခြင်း

၂၀၁၀ နိုဝင်ဘာလ ရွေးကောက်ပွဲပြီး၍ များမကြာမီအချိန်တွင် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကို နေအိမ်အကျယ်ချုပ်မှ လွှတ်ပေးလိုက်ခြင်း၊ သမ္မတဦးသိန်းစိန်က နိုင်ငံရေးအကျဉ်းသား ရာပေါင်း များစွာကို ပြန်လွှတ် ပေးခြင်း၊ စာနယ်ဇင်း လွတ်လပ်ခွင့် အတွက် ကတိပြုခြင်း၊ တိုင်းရင်းသား လက်နက် ကိုင်များနှင့် ပြည်တွင်းစစ်ကို ငြိမ်းချမ်းသော နည်းဖြင့် ဖြေရှင်းလိုကြောင်း ပြောကြားခဲ့ခြင်း များကြောင့် နိုင်ငံခြားပညာရှင်များနှင့် အဖွဲ့အစည်းများက အခြေခံဥပဒေဆိုင်ရာ အခက်အခဲ အတားအဆီးများနှင့် လူတဦးတယောက် သို့မဟုတ် အဖွဲ့အစည်းတခု၏ အကျိုး အတွက် ဦးတည်ထားခြင်းများကို အပြစ်မယူဘဲ ခွင့်လွှတ်ခဲ့ကြသည်။ ဦးသိန်းစိန်သည် မျက်နှာသစ်တဦး မဟုတ်သည် ကိုလည်း မေ့လျော့ခဲ့ကြသည်။

ဦးသိန်းစိန်၏ သမ္မတသက်တမ်း အစပိုင်းလများ အတွင်း ကမ္ဘာတလွှားရှိ အရပ်ဘက် လူ့အဖွဲ့အစည်းများက သပိတ်မှောက်ထားသည့် အပယ်ခံနိုင်ငံ အဖြစ်မှ နိုင်ငံတကာ အသိုင်းအဝိုင်း၏ အလေးထားမှုကို ရရှိသော နိုင်ငံ အဖြစ်သို့ ပြောင်းလဲ လာခဲ့သည်။

ဥရောပသမဂ္ဂက ဒဏ်ခတ်ပိတ်ဆို့မှု အားလုံးကို ပယ်ဖျက်ပေးခဲ့ကာ အမေရိကန် ကလည်း တချို့ကို ရုပ်သိမ်း ပေးခဲ့သည်။

ထို့နောက် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်ကို မြန်မာနိုင်ငံသို့ ၂၀၁၁ ခုနှစ် နိုဝင်ဘာ လတွင် စေလွှတ်ခဲ့ပြီးနောက် တနှစ်ကြာသည့်အခါ အမေရိကန်သမ္မတ ဘားရက် အိုဘားမားလည်း ရောက်ရှိ လာခဲ့သည်။ ၂၀၁၃ ခုနှစ် မေလတွင် ဦးသိန်းစိန် အမေရိကန်နိုင်ငံသို့ သွားရောက်ခဲ့သည်။

ဝါရှင်တန်မြို့တော်မှ ပညာရှင်များလည်း ပိုပြီး အလုပ် လုပ်လာကြပြီး ခါတော်မီ ကျွမ်းကျင်သူများက မြန်မာ နိုင်ငံမှ ပြုပြင်ပြောင်းလဲရေးကို  စတင်ချီးမွမ်း မြှောက်ပင့်လာကြသည်။ ၁၉၆၂ ခုနှစ်မှ စ၍ စစ်တပ်၏ ကြမ်း တမ်းရက်စက်စွာ အုပ်ချုပ်မှုအောက်၌ ရှိနေခဲ့သော နိုင်ငံတွင် စစ်တပ်က နိုင်ငံရေးတွင် ခိုင်မာစွာ စွက်ဖက် ပါဝင်နေမှုကိုလည်း လျှော့တွက်ခဲ့ကြသည်။

၂၀၁၂ ခုနှစ်နှောင်းပိုင်း၌ စစ်တပ်က မြန်မာနိုင်ငံမြောက်ပိုင်းမှ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ကို အဓိက ထိုးစစ်တခု ပြုလုပ်ခဲ့ပြီးနောက် ဝါရှင်တန် အခြေစိုက် ဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးဌာန(CSIS) က ၂၀၁၃ ခုနှစ်၊ ဇွန်လ ၁၀ ရက် နေ့တွင် အစီရင်ခံစာ တစောင်ထုတ်ပြန်ခဲ့သည်။

အဆိုပါ အစီရင်ခံစာတွင် “မြန်မာနိုင်ငံမှ ဒေသဆိုင်ရာ စစ်ဌာနချုပ်များသည် ပုံမှန် အတိုင်းအတာ မဟုတ် သည့် ကိုယ်ပိုင် လုပ်ပိုင်ခွင့်များဖြင့် ကာလကြာရှည်စွာ ပြုမူကျင့်သုံး ခဲ့ကြသည်၊ စစ်တိုင်းမှူး အမြောက် အမြားက ၎င်းတို့ တာဝန် ယူရသည့် ဒေသများကို ပုဂ္ဂိုလ်ရေး အရ အပိုင်စားရသည့် နေရာများ သဖွယ် သဘောထားခဲ့ကြသည်၊

အာဏာသိမ်း စစ်အစိုးရ အုပ်ချုပ်သည့် နိုင်ငံတွင် လက်နက်ကိုင် တော်လှန်သည့် အဖွဲ့ အနည်းဆုံး တဒါဇင် ခန့်နှင့် ရင်ဆိုင်နေရ ချိန်ဆိုလျှင် ထူးခြားချက် မဟုတ်ဘဲ နားလည်နိုင်သည့် ကိစ္စဖြစ်သည်၊ သို့သော်လည်း ဒီမိုကရေစီ ပေါ်ပေါက် လာပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ဦးတည်နေသည့် အချိန်တွင်မူ အစိုးရ အပေါ် ယုံကြည်မှု ပျက်စီးစေပြီး စစ်တပ်၏ လူနည်းစု အစိတ်အပိုင်း တခုကို အဖျက်သမားများ အဖြစ် လုပ်ဆောင်ရန် ခွင့်ပြုသလို ဖြစ်နေသည်” ဟု ဖော်ပြထားသည်။

KIA ကို တိုက်ခိုက်သည့် အချိန်တွင် စစ်တပ်က ရုရှားနိုင်ငံမှ ထောက်ပံ့ပေးထားသည့် ဟိုင်းအမျိုးအစား တိုက်ခိုက်ရေး ရဟတ်ယာဉ်များ၊ တရုတ်နိုင်ငံလုပ် မြေပြင်တိုက်ခိုက်ရေး လေယာဉ်များ၊ လက်နက်ကြီးများနှင့် တင့်ကားများကိုပင် အသုံးပြုခဲ့သည်။

KIA ကို တိုက်ခိုက်ရန် အမိန့်သည် နေပြည်တော်ရှိ အကြီးဆုံးနေရာမှ ရောက်လာခြင်း ဖြစ်သည်။ သမ္မတ ဦးသိန်းစိန်အနေဖြင့် ထိုသို့ဖြစ်ပွားခြင်းမှ တားဆီးရန် ဆန္ဒရှိခဲ့လျှင် တားဆီးနိုင်စွမ်း မရှိခဲ့သည်မှာ သံသယ ဖြစ်ဖွယ်ပင်။

အမေရိကန်နိုင်ငံ Johns Hopkins School of Advanced International Studies မှ 38 North အမည်ရှိ ကိုရီးယား လေ့လာရေး ဌာနအတွက် ရေးသားခဲ့ပြီး ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့ တွင်ထုတ်ပြန်ခဲ့သည့် 38 North အမည်ရှိ အစီရင်ခံစာ တစောင်တွင် Melissa Henham က မြန်မာနှင့် မြောက်ကိုရီးယား စစ်ရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ပတ်သက်၍ စနစ်တကျ စုဆောင်းထားသော သတင်းများကို မေးခွန်းထုတ်ခဲ့သည်။

“စစ်အစိုးရကို မယုံကြည်သည့် သဘောထားချင်း မတိုက်ဆိုင်သူများက ၂၀ဝ၈ ခုနှစ်အတွင်း မြန်မာ အဆင့် မြင့် အရာရှိများ မြောက်ကိုရီးယားသို့ သွားရောက် လည်ပတ်ခဲ့သည့် ခရီးစဉ်တခု၏ သတင်းနှင့် ဓာတ်ပုံများ ကို ထုတ်ပေးခဲ့ကြသည်။

ထိုခရီးစဉ်တွင် အီဂျစ်၊ ဆီးရီးယားနှင့် အီရန်နိုင်ငံများသို့ တင်ပို့ရန် ချိတ်ဆက်ထားသည့် စကတ်ဒ် ဒုံးကျည် ထုတ်လုပ် သည့် စက်ရုံတခု အပါအဝင် လက်နက်စက်ရုံများသို့ သွားရောက်ခဲ့ကြသည်” ဟု အဆိုပါ အစီရင် ခံစာတွင် ဖော်ပြထား သည်။

သံသယဖြစ်ဖွယ်ရာ သတင်းပေးပို့မှုသည် မြန်မာစစ်တပ် ခေါင်းဆောင်များနှင့် မြောက်ကိုရီးယား၏ ပတ်သက် မှု အပေါ် စိုးရိမ် ပူပန်ကြသည့် မြန်မာအစိုးရ အရပ်ဘက် ဝန်ထမ်းများထံမှ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

အမေရိကန် အစိုးရက မြန်မာနိုင်ငံနှင့် ပတ်သက်၍ အထီးကျန် ဒဏ်ခတ် အရေးယူထားသည့် နိုင်ငံအဖြစ်မှ ပူးတွဲဆောင်ရွက်ခြင်းသို့ မူဝါဒ ပြောင်းလဲလာရခြင်းတွင် မြန်မာစစ်တပ်နှင့် မြောက်ကိုရီးယားတို့၏ ဆက်ဆံ ရေးက အဓိကအကြောင်းရင်း တရပ်ဖြစ်ပြီး နေပြည်တော်မှ မြန်မာအစိုးရကို မြောက်ကိုရီးယားနှင့် အဆက် အသွယ် ဖြတ်တောက်စေရန် ဆွဲဆောင်ခြင်း ဖြစ်သည် ဟု မြန်မာနိုင်ငံမှ အုပ်ချုပ်ရေးပိုင်းကို နှစ်သိမ့်နေရန် စိတ်အားထက်သန်နေသည့် Melissa Henham ယူဆခဲ့သည်။

၂၀၁၁ ခုနှစ်တွင် ပေါ်ပေါ်ထင်ထင် စတင်ခဲ့သည့် ပြုပြင်ပြောင်းလဲရေး များကြောင့် အမေရိကန် မဟုတ်သည့် ပညာရှင်များသည်လည်း မကြာမီမှာပင် အမေရိကန်၏ အတွေးအခေါ်နောက်သို့ လိုက်လာကြသည်။

ဩစတြေးလျ နိုင်ငံ ကင်ဘာရာ (Canberra) တွင် အခြေစိုက်သည့် ပညာရေးဝက်ဘ်ဆိုက် တခုဖြစ်သော New Mandala မှ အယ်ဒီတာ တဦးဖြစ်သည့် နီကိုလပ်စ် ဖာရယ်လီ (Nicholas Farrelly) က သမ္မတ ဦးသိန်းစိန်သည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ဆွေးနွေးရေးကို စတင်ဦးဆောင်နိုင်ခဲ့သဖြင့် နိုဗဲလ်ငြိမ်းချမ်းရေးဆုနှင့် ထိုက်တန်သူ ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် မေလတွင် ရေးသားခဲ့သည်။

Financial Times သတင်းစာမှ သတင်းထောက်ဟောင်း ဂွင်းရော်ဘင်ဆင် (Gwen Robinson) က မြန်မာ နိုင်ငံမှ ပြုပြင်ပြောင်းလဲရေး သမား ဦးသိန်းစိန်ကို “နားထောင်တတ်သည့် အကြီးအကဲ (the Listener-in-Cheif)”ဟု Foreign Policy မဂ္ဂဇင်းတွင် ၂၀၁၃ ခုနှစ် နိုဝင်ဘာလထုတ်တွင် ရေးသားခဲ့သည့် ဆောင်းပါး တပုဒ်တွင် အမည်ပေးခဲ့သည်။

သူ ထုတ်ဖော်ပြသခဲ့ခြင်း မရှိသည့် အချက်တခုမှာ သူသည် ဦးသိန်းစိန်က အကန့်အသတ်မဲ့နီးပါး အခွင့် အရေး ပေးထားသည့် နိုင်ငံခြားသတင်းထောက် အနည်းငယ်ထဲတွင် တယောက်အပါအဝင် ဖြစ်ပြီး ဦးသိန်း စိန်နှင့်အတူ ခရီးစဉ်များ လိုက်ပါခဲ့ဖူးခြင်း ဖြစ်သည်။

ထိုအချိန်တွင် ဂျာမနီနိုင်ငံမှ တချို့ပညာရှင်များသည် တနိုင်ငံလုံး အတိုင်းအတာဖြင့် ဒီမိုကရေစီ အုံကြွ တောင်းဆိုမှုများ ဖြစ်ပွားခဲ့သည့် သွေးလွှမ်းသော ၁၉၈၈ ခုနှစ်မှ ဖြစ်ရပ်များ အထိ သမိုင်းကို ပြန်လည် ရေးသားခြင်းဖြင့် အလုပ်များ နေခဲ့ကြသည်။

မြန်မာ့အရေးပညာရှင် ဟန့်စ်ဘန်းဇိုလ်နာ (Hans Bernd Zollner) က အာဏာရှင် ဦးနေဝင်းက ၁၉၈၈ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့တွင် ရေဒီယိုမှ နေ၍ အကယ်၍ ဆန္ဒပြပွဲများ ထပ်မံဖြစ်ပေါ်လာခဲ့လျှင် တပ်မတော်က မိုးပေါ်ထောင်ပစ်မည် မဟုတ်၊ တည့်တည့်သာ ပစ်လိမ့်မည်ဟု အမှန်တကယ်ပြောကြားခဲ့ခြင်း ရှိမရှိ မေးခွန်းထုတ် လိုက်သည်။

ဩဂုတ်လတွင် ထိုအတိုင်း တကယ်ဖြစ်လာခဲ့ပြီး လမ်းပေါ်သို့ထွက်၍ တိုင်းပြည်ကို အုပ်ချုပ်သူများ အပေါ် မကျေနပ်မှုများကို မျိုသိပ်မထားနိုင်တော့ဘဲ ဖော်ထုတ်လာကြသည့် ပြည်သူထောင်ပေါင်းများစွာကို စစ်တပ်က ပစ်သတ်ခဲ့သည်။ ထိုသို့ အစုအပြုံလိုက် သတ်ဖြတ်ခြင်းကြောင့် နိုင်ငံတကာမှ ဒဏ်ခတ်ပိတ်ဆို့ အရေးယူခြင်းနှင့် သပိတ်မှောက်ခြင်းများ ဖြစ်ပေါ်စေခဲ့၏။

Nordic Institute of Asian Studies မှ မကြာသေးမီက ထုတ်ဝေခဲ့သည့် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် စာအုပ်တွင် ဂျာမနီနိုင်ငံ Frankfurt ရှိ Goethe တက္ကသိုလ်မှ Michael Lidauer ၁၉၉၀ ခုနှစ်၊ မေလ ၂၇ ရက်နေ့တွင် ပြုလုပ်ခဲ့ သော ရွေးကောက်ပွဲနှင့် ပတ်သက်၍ “မဲရလဒ်များ မရရှိမီ အချိန်မှာပင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ (နဝတ) က အခြေခံဥပဒေသစ် ရေးဆွဲပြီးမှ သာလျှင် အရပ်သား အစိုးရကို အာဏာလွှဲပြောင်းပေးလိမ့်မည် ဖြစ်သည်ဟု ကြေညာခဲ့သည်။ ထိုလုပ်ငန်းစဉ်သည် ဆယ်စုနှစ် ၂ ခု ကြာမြင့်ခဲ့သည်” ဟု ရေးသားခဲ့သည်။ အမှန် တကယ်အားဖြင့် ထိုကြေညာချက်သည် ရွေးကောက် ပွဲပြု လုပ်အပြီး ၂ လကြာသည့် ဇူလိုင်လ ၂၇ ရက်နေ့ကျမှ ထွက်ပေါ် လာခဲ့ခြင်း ဖြစ်သည်။

ပထဝီနိုင်ငံရေး အရှိတရား

ထို့ကြောင့် ပြီးခဲ့သည့် ၄ နှစ်တာ ကာလကို အလေးအနက် သုံးသပ်ကြည့်ပါက မည်သို့ အဖြေထုတ် နိုင် မည်နည်း။ ပထမဆုံး အနေဖြင့် ပြောရလျှင် မြန်မာစစ်ဗိုလ်ချုပ်များက ဒီမိုကရေစီ လမ်းကြောင်းအတိုင်း သွားပြီး အရပ်သားများသို့ အာဏာလွှဲပြောင်းပေးရန် ဆုံးဖြတ်ခဲ့သည် ဆိုသည့် ဖြစ်နိုင်ခြေကို ငြင်းပယ် ရပေလိမ့်မည်။

ရန်ကုန်နှင့် ဘန်ကောက် အခြေစိုက် အနောက်တိုင်း သံတမန်များ ပြောကြသလို မြန်မာစစ်တပ်မှ အဆင့်မြင့် အရာရှိများ အာဆီယံဒေသတွင်း နိုင်ငံများဖြစ်သော ထိုင်း၊ မလေးရှား၊ စင်ကာပူနှင့် အင်ဒိုနီးရှား နိုင်ငံများသို့ သွားရောက် လည်ပတ် လေ့လာခဲ့ကြပြီး ပိုမိုလွတ်လပ်သော နိုင်ငံရေးနှင့် စီးပွားရေးစနစ်များဖြင့် တိုးတက် နေကြပုံ များကို တွေ့မြင်ခဲ့ကြပြီးနောက် မိမိတို့နိုင်ငံတွင် မူဝါဒသစ်များ အကောင်အထည်ဖော်ရန် ဆုံးဖြတ်ခဲ့သည်ဟု ယူဆရန် ကလည်း အလားတူပင် မဖြစ်နိုင်ပါ။

ထိုအဆိုသည် ၁၉၆၂ ခုနှစ် အာဏာသိမ်းပြီးနောက် ပိုင်းကာလများတွင် နိုင်ငံရပ်ခြားများသို့ သွားရောက်နိုင် သော လူနည်းစုသည် စစ်ဗိုလ်ချုပ်များနှင့် ၎င်းတို့၏ မိသားစုဝင်များသာ ဖြစ်ကြသည်ဆို သည့်အချက်ကို ထည့်သွင်း စဉ်းစားပါက မဖြစ်နိုင်သည်ကို တွေ့ရမည် ဖြစ်သည်။

အဖြေက ရှင်းပါသည်။ ပထဝီနိုင်ငံရေးနှင့် စစ်အရာရှိကြီးများက မြန်မာပြည်သူများကို အားလုံးကို ခေတ် အဆက်ဆက် ကျင့်သုံးလာခဲ့သော ဖိနှိပ်ကန့်သတ်သည့် စနစ်များဖြင့် ဆက်လက်ထိန်းချုပ်ထားရန် မဖြစ်နိုင် သည်ကို သိနားလည်လာ ကြ၍ ဖြစ်ပါသည်။ သူတို့က နိုင်ငံကို နိုင်ငံတကာမှ လက်ခံနိုင်သော အသွင် သဏ္ဌာန် မျိုးဖြင့် သူတို့၏ ကိုယ်ကျိုး စီးပွား အတွက်လည်း ပိုမိုအဆင်ပြေစေမည့် အနေအထားသို့ ပြောင်း လဲပြီး နိုင်ငံကို ဆက်လက်ချုပ်ကိုင် လိုကြသည်။

နိုင်ငံတကာက စီးပွားရေးပိတ်ဆို့မှုများကို ဖြေလျှော့ပေးလိုက်ပြီး နောက်တွင် မြန်မာနိုင်ငံသည် အပြည ်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့ (IMF) နှင့်ကမ္ဘာ့ဘဏ် အစရှိသော ငွေချေးသည့် အဖွဲ့ အစည်းများ နှင့်လည်း ထိတွေ့ဆက်ဆံ လာနိုင် ခဲ့သည်။

လေ့လာစောင့်ကြည့်သူများက မျှော်လင့်ထားသည့် အဆင့်အထိ မရောက်ရှိခဲ့သော်လည်း နိုင်ငံခြား ရင်းမြှုပ် နှံမှုများ တစိမ့်စိမ့် စီးဝင်လာသည့် အချိန်တွင် မြင့်တက်လာသည့် အကျင့်ပျက်ခြစားမှုနှင့် ဗျူရိုကရေစီ အတား အဆီးများက အရှိန်အဟုန်ကို နှေးကွေးစေခဲ့သည်။

တရားဝင် ထုတ်ပြန်ထားသော ကိန်းဂဏန်း အချက်အလက်များ အရ အိမ်နီးချင်း နိုင်ငံများနှင့် ကုန်သွယ်မှုမှာ တိုးတက်လာသော်လည်း နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) မှာ ၂၀၁၄ ခုနှစ် ဧပြီလအတွင်း ဒေါ်လာ ၂၅၉ ဒသမ ၆ သန်းဖြင့် နိမ့်ပါးစွာ ရပ်တည်လျက်ရှိပြီး ထိုပမာဏမှာ ၂၀၁၂ ခုနှစ်မှ စတင်၍ တွက်ချက် ရရှိသည့် တလ ပျမ်းမျှ ဒေါ်လာ၂၉၆ ဒသမ ၇ သန်းထက်ပင် နည်းပါးနေသည်ကို တွေ့ရှိရသည်။

သို့သော်လည်း မြန်မာနိုင်ငံသည် ယခင်က တရုတ်အပေါ် အားထားမှီခို နေရသည်ကို များစွာ လျှော့ချနိုင်ခဲ့ပြီး ထိုအချက် သည်ပင်လျှင် ယခုပြုလုပ် နေသည့် ပြုပြင်ပြောင်းလဲရေး ဟုဆိုသည့် လုပ်ငန်းစဉ်များ အတွက် နောက်ကွယ်မှ အဓိကတွန်းအား တရပ်လည်း ဖြစ်သည်။

ပထဝီနိုင်ငံရေးသည် အနောက် နိုင်ငံကြီးများ အတွက်လည်း အရေးကြီးသော အချက် တခုဖြစ်သည်။ အထူး သဖြင့် အမေရိကန်ပြည် ထောင်စုလို အင်အားကြီးနိုင်ငံမျိုး အတွက် ဖြစ်သည်။

ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ကိစ္စများ အတွက် ဟန်ပြ ကတိစကားများ ပေးလာသည့် အချိန်တွင် အမေရိ ကန် က ၎င်း၏ မူဝါဒကို ပြောင်းလဲလာခဲ့ သည်။ အဘယ်ကြောင့်ဆိုသော် ယခင်က ထားရှိခဲ့သော ပြစ်တင် ရှုတ်ချမှုများနှင့် စီးပွားရေး ပိတ်ဆို့မှုများကြောင့် တရုတ်နိုင်ငံနှင့် အတိုင်းအဆမရှိ ရင်းနှီးသော ဆက်ဆံရေး ရရှိသွားခဲ့ခြင်းကြောင့် ဖြစ်သည်။

အမေရိကန်၏ နည်းဗျူဟာ ပိုင်းဆိုင်ရာ စိုးရိမ်ပူပန်မှုများကို အမေရိကန် လုံခြုံရေး ကျွမ်းကျင်သူနှင့် စီအိုင် အေမှ ဆန်းစစ် လေ့လာသူ အရာရှိဟောင်း Marvin Ott က Los Angeles Times ၌ ၁၉၉၇ ခုနှစ် ဇွန်လအတွင်းက သတင်း တပုဒ် ရေးသားခဲ့သည်။

“အမေရိကန် နိုင်ငံဟာ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်လျက်ရှိတဲ့ အခွင့်အရေး ချိုးဖောက်မှုတွေ၊ ဖိနှိပ်ခံရမှုတွေ အတွက် ဆက်လက်ပြီး ဝေဖန်ပြောဆို တာတွေကို လုပ်နိုင်ပါတယ်၊ လုပ်လည်း လုပ်သင့်ပါတယ်။ ဒါပေမယ့် အဲဒီမှာ လုံခြုံရေး ကိစ္စတွေ၊ တခြား အမျိုးသားရေး ဆိုင်ရာ ကိစ္စရပ်တွေ လုပ်ဆောင်စရာတွေလည်း ရှိနေပါတယ်။ အဲဒီအတွက်ကို တခြား နည်းလမ်းတွေ ပြောင်းလဲသုံးစွဲဖို့ အချိန်ကျပြီလို့ ထင်ပါတယ်” ဟု Ott က သုံးသပ်ခဲ့သည်။

၂၀ဝ၀ ပြည့်နှစ် အစောပိုင်းကာလများတွင် မြန်မာနှင့် မြောက်ကိုးရီးယား နိုင်ငံအကြား စစ်ရေး အရ ပူးပေါင်း လုပ်ဆောင်မှုများ ရှိနေသည်ဟု သတင်းများထွက်ပေါ်ခဲ့ပြီး နောက်ပိုင်းတွင် အမေရိကန်နိုင်ငံ အနေဖြင့် ဆက်ဆံရေးကို ဟန်ချက် ညီမျှအောင် ပြုလုပ်ရန် ဖြစ်လာခဲ့သည်။

မြောက်ကိုရီးယားက  မြန်မာနိုင်ငံသို့ ဥမင်လိုဏ်ခေါင်းတူးခြင်းနှင့် ပတ်သက်သော ကျွမ်းကျင်မှု အတတ်ပညာ ထောက်ပံ့ပေးခြင်း အပြင် လက်နက်ကြီးများ၊ ရေဒါနှင့် လေကြောင်းကာကွယ်ရေး စနစ်များ ရောင်းချပေးခဲ့ပြီး အမြောက်နှင့် ဒုံးကျည်ဆိုင်ရာ နည်းပညာများကို ပေးအပ်ခဲ့သည်ဟု အာရှနှင့် အနောက်တိုင်း ထောက်လှမ်း ရေး အဖွဲ့အစည်းများက စွပ်စွဲခဲ့ကြသည်။

တချိန်တည်းမှာပင် မြန်မာစစ်တပ်ဘက်မှလည်း တရုတ်အပေါ် မှီခိုရမှုများ ကြီးထွားလာမည်ကို စိုးရိမ်လာ ခဲ့ကြသည်။ ၂၀ဝ၄ ခုနှစ် ဩဂုတ်လ အစောပိုင်းတွင် စာမျက်နှာ ၃၄၆ မျက်နှာပါ “A Study of Myanmar – US Relations” အမည်ရှိ စာတမ်းတစောင်ကို ပြင်ဦးလွင်မြို့ရှိ စစ်တက္ကသိုလ်တွင် ရေးသားပြုစုခဲ့သည်။

ထိုစာတမ်းတွင် မြန်မာနိုင်ငံက တရုတ်နိုင်ငံ အပေါ် သံတမန်ရေးရာ မိတ်ဖက်အဖြစ် လည်းကောင်း၊ စီးပွား ရေးဆိုင်ရာ ထောက်ပံ့သူ အဖြစ်  မှီခိုနေရခြင်းက လည်းကောင်း တိုင်းပြည်၏ လွတ်လပ်ရေးကို ထိပါးလာနိုင် သည့် အမျိုးသား အရေးပေါ် အခြေအနေကို ဖန်တီးနိုင်ကြောင်း ဖော်ပြထားခဲ့သည်။

ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် အစိုးရသစ် ရွေးကောက်ပြီးချိန်၌ အနောက်နိုင်ငံနှင့် ဆက်ဆံရေးကို ပုံမှန်ဖြစ် ပေါ်လာစေရန် ပြုလုပ်ရန် လိုအပ်သည်။ သို့မှသာလျှင် အစိုးရ အနေဖြင့် ကမ္ဘာနှင့် ပိုမိုကောင်းမွန်စွာ ဆက်ဆံ နိုင်လိမ့်မည် ဟုလည်း စာတမ်းတွင် ဖော်ပြထားသည်။

ထိုအချက်ကို ကြည့်ခြင်းအားဖြင့်   မူဝါဒချမှတ်သူများသည်  မြန်မာနိုင်ငံက တရုတ်အပေါ် မှီခိုနေမှုကို လျှော့ချခြင်း မပြုမီကာလနှင့် အနောက်နိုင်ငံများနှင့် ရင်းနှီးသော ဆက်ဆံရေး တည်ဆောက်ခြင်း မပြုမီ ကာလများအတွင်း ဖြေရှင်းရမည့် ပြဿနာများကို ကြိုတင် သိမြင်ထားပြီး ဖြစ်ကြောင်း တွေ့ရှိရသည်။

၂၀ဝ၄ ခုနှစ် အတွင်းရှိခဲ့သော အဓိကပြဿနာမှာ ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားခြင်း ဖြစ်သည်။

သူ့ကို ထိန်းသိမ်းထားသည့် အချိန်များတွင် ဖိအား ပိုများပြီး ထိန်းသိမ်း မထားပါက ဖိအားလျော့နည်းသည်။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးခြင်းအားဖြင့် အနောက်တိုင်းနှင့် ဆက်ဆံရေးကို တိုးတက်အောင် ပြုလုပ်နိုင်ကြောင်း စာတမ်းတွင် စောင်းပါးရိပ်ခြည် ဖော်ပြထားသည်။ အစီအစဉ်၏ အဆုံးစွန် ရည်မှန်းချက်မှာ အတိုက်အခံများကို ချေမှုန်းရေးသာ ဖြစ်ပါသည်။

ထိုစာတမ်းတွင် ထပ်မံဖော်ပြထားသည်မှာ အစိုးရ အနေဖြင့် မီဒီယာနှင့် ပြည်ပသို့ ရောက်ရှိနေသူများက လုပ်ကိုင်နေသည့် အစိုးရ မဟုတ်သော အဖွဲ့အစည်းများကို ယှဉ်နိုင်ပြိုင်နိုင်ဖွယ် မရှိသည့် အတွက် အမေရိကန် နိုင်ငံရေး သမားများနှင့် လွှတ်တော်အမတ်များကို မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ရန် ဖိတ်ခေါ်နိုင်ခဲ့ပါက နိုင်ငံတကာ၏ မြန်မာအစိုးရအပေါ် ထားရှိသော သဘောထားကို ပြောင်းလဲစေရန် အထောက်အကူ ဖြစ်လာနိုင်သည် ဟူ၍ ဖြစ်သည်။

လတ်တလော နိုင်ငံရေးပြောင်းလဲမှုများ မတိုင်ခင် ကာလများတလျှောက် အမေရိကန်ကွန် ဂရက်အမတ်များ အပါအဝင် အမေရိကန် နိုင်ငံသားများ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ကြပြီး ယခင်အစိုးရ လက်ထက်က ပြင်းပြင်ထန်ထန် ရှုတ်ချခဲ့ကြပုံမျိုးနှင့် မတူဘဲ ပိုမိုအပြုသဘော ဆောင်သော ဝေဖန်မှုများ ပြုခဲ့ကြသည်။

ထိုအမြင်များက ယခုအချိန်တွင် ဝမ်းမြောက်ကျေနပ်ဖွယ်ရာ အဖြစ် ထွက်ပေါ်လာသည်။“မြန်မာနိုင်ငံသာ အောင်မြင်ခဲ့ရင် ကျနော်တို့ အတွက် သေနတ်တချက် မပစ်ရဘဲနဲ့ မိတ်ဖက်နိုင်ငံသစ်တခု ထပ်ရလာမှာ ဖြစ်ပါတယ်” ဟု အမေရိကန် သမ္မတအိုဘားမားက ယခုနှစ် မေလအတွင်းတွင် ပြောကြားခဲ့သည်။

ဤနေရာတွင် သမ္မတအိုဘားမား ပြောကြားခဲ့သော အောင်မြင်ခဲ့ရင်ဆိုသည်မှာ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ဆိုလိုခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း သမ္မတအိုဘားမား စိတ်ကူးထားသော အာရှကို အလေးပေးသည့် “Asian Pivot” အစီအစဉ် အတွက်မူ မြန်မာနိုင်ငံကို တရုတ်လွှမ်းမိုးမှုမှ ခွဲထုတ်နိုင်ရေးသည် ထပ်တူထပ်မျှ အရေးကြီးသည့် အကြောင်းရင်း တရပ်မဟုတ်ဟု မယူဆနိုင်ပါ။

အဓိကစိတ်ပျက်ရခြင်းများ

တရုတ်နိုင်ငံသည်  အဓိက စိုးရိမ်စရာတခု မဟုတ်လျှင်ပင် အမေရိကန်၊ အနောက်နိုင်ငံများနှင့် တခြား ဒီမိုကရေစီ နိုင်ငံများသည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ စနစ်သို့ ဦးတည်သွားနေသည် ဟု အများက မျှော် လင့်ထားကြသည့် ဖြစ်စဉ်မှ နေ၍ နောက်ကြောင်းပြန် သွားနေသည့် လတ်တလော အခြေအနေများကို မျက်ကွယ်ပြု မထားသင့်ပါ။

ပထမဆုံးသော စိတ်ပျက်စရာ အကြောင်းတခုမှာ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတရာထူးနေရာ ယှဉ်ပြိုင် ခွင့်ရရှိရန် အခြေခံဥပဒေ ပြင်ဆင်ရေးကို ငြင်းပယ်လိုက်ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်သည်လည်း စိတ်ပျက်စရာအနည်းနှင့် အများဆိုသလို ကြုံတွေ့ နေရ သည်။ သူ၏ NLD ပါတီသည် ၂၀၁၂ ခုနှစ် ဧပြီလကကျင်းပခဲ့သော ကြားဖြတ်ရွေးကောက်ပွဲ တွင်ကိုယ် စားလှယ် ၄၆ နေရာအနက် ၄၄ နေရာဝင် ရောက် ယှဉ်ပြိုင်ရာ ၄၃ နေရာတွင် အနိုင်ရရှိခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လည်း အနိုင်ရရှိ သူများထဲတွင် အပါအဝင်ဖြစ်သည်။ သို့သော်လည်း ထိုအချိန်မှစ၍ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ကိုယ်စားလှယ်များသည် အစိုးရ၏ မူဝါဒများနှင့် ပတ်သက်၍ စိန်ခေါ်မှု သို့မဟုတ် ဩဇာလွှမ်းမိုးမှု အနည်းငယ်သာ ပြုလုပ်နိုင်ခဲ့ကြပါသည်။

ဒေါ်အောင်ဆန်း စုကြည်၏ အနီးတွင် ရှိနေသောသူများက လာမည့် နှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲ ပြီးလျှင် NLD က လွှမ်းမိုးသည့် အစိုးရအဖွဲ့ တခုရှိလာမည်ဟု ယုံကြည်ပြီး ရာထူးနေရာ အတွက် စတင် အလုပ်ရှုပ်နေကြသည့် အချိန်တွင် ဒေါ်အောင်ဆန်းစုကြည်က ကချင်ပြည်နယ်မှ စစ်ပွဲနှင့် ရခိုင်ပြည်နယ်မှ မွတ်စလင်များ အတွက် တစုံတရာ ပြောကြားပေးရန် ငြင်းဆန်ခဲ့သည်။

သို့သော်လည်း အကယ်၍ NLD က ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်နေရာ အများစု ရရှိခဲ့ လျှင်ပင် ၂၀ဝ၈ ခုနှစ် အခြေခံဥပဒေအရ ဝန်ကြီးများ သို့မဟုတ် ဒုတိယဝန်ကြီးများ အဖြစ် တာဝန်ထမ်း ဆောင်မည့် လွှတ်တော် ကိုယ်စားလှယ်များသည် လွှတ်တော် ကိုယ်စားလှယ် နေရာမှ နုတ်ထွက်ပေးရမည် ဖြစ်သည်။

ထိုသို့သော လစ်လပ်နေရာများကို ပြန်ဖြည့်ရန် အတွက် ၂၀၁၂ ခုနှစ်ကြားဖြတ်ရွေး ကောက်ပွဲကို ကျင်းပခဲ့ခြင်း ဖြစ်သည်။ အစိုးရရာထူး လက်ခံသူများသည် တာဝန်ထမ်းဆောင်စဉ် သက်တမ်း အတွင်းတွင် ပါတီ၏ အရေးကိစ္စ များတွင် ပါဝင် ဆောင်ရွက်ခြင်း မပြုရပေ။

ထို့ကြောင့် ဥပမာအား ဖြင့် ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၅ ခုနှစ် ရွေး ကောက်ပွဲနောက်ပိုင်းတွင် ပညာရေး ဝန်ကြီး ဖြစ်လာခဲ့လျှင် သူ့အနေဖြင့် လွှတ်တော်ကိုယ်စားလှယ် တယောက် မဖြစ်နိုင်တော့ဘဲ NLD ပါတီ၏ တာဝန်များကိုလည်း ထမ်းဆောင်နိုင်တော့မည် မဟုတ်ပေ။

စစ်တပ်က လိုချင်သည်မှာလည်း ထိုနည်း အတိုင်း ဖြစ်ကောင်းဖြစ်နိုင် ပါသည်။ ဒေါ်အောင်ဆန်းစုကြည် ဘေးကို ရောက်သွားပြီး ခေတ်သစ် မြန်မာ့နိုင်ငံရေး သမိုင်းမှ သူ၏ အခန်းကဏ္ဍသည်လည်း အနည်းဆုံး ထိုတကြိမ် အတွက်တော့ ပြီးဆုံးသွားမည် ဖြစ်သည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲက မြန်မာ့နိုင်ငံရေးတွင် ခေတ်သစ်တခုဆီသို့ ဦးတည်သွားရန် ဖြစ်နိုင် ဖွယ်ရာ မရှိဖို့က ပိုပြီး အလားအလာကောင်း နေပါသည်။ ၂၀ဝ၈ ခုနှစ် အခြေခံဥပဒေ ကလည်း ကြီးမားသော ပြောင်း လဲခြင်း မရှိအောင် တားဆီး ထားသည်။

ပါလီမန်နှင့် အစိုးရက နေ့စဉ်ကိစ္စများကို ဂရုစိုက် လုပ်ဆောင်နေရ ချိန်တွင် စစ်တပ်က အရပ်ဘက်၏ ထိန်းချုပ်မှု သို့မဟုတ် စစ်ဆေးမှု၏ အပြင်ဘက်တွင် ၎င်း၏ ကိုယ်ပိုင် ကိစ္စများကို အာရုံထား လုပ်ဆောင် နေနိုင်ပြီး တချိန်တည်းမှာပင် ပြည်သူများက ပြောင်းလဲရန် ဆန္ဒရှိနေသည့် အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ လည်း ဗီတိုအာဏာကို ဆက်လက် ကိုင် စွဲသွားမည် ဖြစ်သည်။

ထို့ပြင် ယခုအချိန်တွင် မြန်မာအစိုးရသည် နိုင်ငံတကာ၏ အသိအမှတ်ပြုမှုကို ရရှိခဲ့ပြီး ဖြစ်၍  ဒဏ်ခတ် အရေးယူမှု အများစုကို ရုပ်သိမ်းပေးခဲ့ပြီး ဖြစ်သည်။ ယခင်ကနှင့် နှိုင်းယှဉ်လျှင် ပိုမိုသော လွတ်လပ်ခွင့်များ ပေးခဲ့ပြီး နှစ်အနည်းငယ် အကြာတွင် အစိုးရက သူ့ထိန်းချုပ်မှုကို ခိုင်မာအောင်ပြန်ပြီး ပြုလုပ်နေပြီ ဖြစ်သည်။
သို့သော်လည်း “ပြည်သူထံမှ ဆင်းသက်သည့် အာဏာ” ကို မည်သူမျှ လျှော့မတွက်သင့်ပေ။

ထွက်ပြီးသား ဆင်စွယ် ပြန်ဝင်ရန် ခက်သလို နောက်ကြောင်းပြန် သွားရေးသည် အမြဲလိုပင် အလွန်ခက်ခဲ ပါသည်။

မြန်မာပြည်သူများသည် လွတ်လပ်မှု၏ အရသာကို ခံစားသိရှိပြီး ဖြစ်သည်။ အာဏာရှင် ဆန်သည့် စနစ်ဆီ သို့ ပြန်သွားရန် အားထုတ်မှုမှန်သမျှ ကို ခုခံတော်လှန်ကြမှာ သေချာနေသည်။

မြန်မာ နိုင်ငံအနှံ့အပြားတွင် အစိုးရနှင့် ကုမ္ပဏီကြီး များက ၎င်းတို့ ပိုင်ဆိုင်သော မြေများကို သိမ်းယူသည့် အတွက် ပြည်သူများက ဦးဆောင်သည့် ဆန့်ကျင်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်က အရှင်းလင်းဆုံး သင်္ကေတ တခုပင် ဖြစ်သည်။

စာနယ်ဇင်းသမားများ ကလည်း ပိုမိုစုစည်းလာကြပြီး လွတ်လပ်စွာ ထုတ်ဖော် ခွင့်နှင့် ပတ်သက်သည့် အခက် အခဲ အတားအဆီးများကို ပိုမိုတောင်းဆိုလာနေကြသည်။

ဒေါ်အောင် ဆန်းစုကြည်သည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီလှုပ်ရှား မှုတွင် ခေါင်းဆောင်သူနေရာမှ ပါဝင်သော် လည်း ဖိနှိပ် ကန့်သတ်မှုကို ဆန့်ကျင်ပြောဆိုရန် ပိုပြီးဆန္ဒ ရှိနေသော တခြားသူများလည်း ရှိနေပါသည်။

ပြည်တွင်း စီးပွားရေး သမားများ တိုးတက်လာခြင်းနှင့် နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံမှု အမြောက်အမြား ဝင်ရောက် လာခြင်း ကြောင့် အကျင့်ပျက် ခြစားမှုကို မြင့်တက်စေသည်။ သို့သော်လည်း စစ်တပ်သည် စီးပွားရေးတွင် ၎င်းတချိန်က ရှိခဲ့သည့် အထင်ကရ ခိုင်မာသော နေရာတွင် ဆက်လက် ရပ်တည်နိုင်မှာ မဟုတ်တော့ပေ။

အဘယ်ကြောင့် ဆိုသော် အဆင့်မြင့် အရာရှိအများစုသည် စီးပွားရေး အသိုင်းအဝိုင်း သစ်တွင် အထောက်အပံ့ ပေးမည့်သူများ ရှိနေပြီ ဖြစ်သည်။

သို့သော် စစ်တပ်၏ အားကောင်းခိုင်မာမှု ကျဆင်းသွားခဲ့လျှင်ပင် မြန်မာနိုင်ငံတွင် အင်ဒိုနီးရှား နိုင်ငံမှာကဲ့သို့ စစ်တပ်က နောက်ဆုံးတွင် အုပ်ချုပ်ရေး ကိစ္စများမှ ကိုယ့်သဘောနှင့်ကိုယ် ထွက်ခွာသွား သလိုမျိုး တွေ့ရှိရရန် မဖြစ်နိုင်ပါ။

အလှမ်း မဝေးသည့် ကာလတွင် မြန်မာနိုင်ငံ၌ ဒီမိုကရေစီ ဖော်ဆောင်ရေးသည် အကောင်းအမြင်ဆုံး မျှော်လင့်ထား သည့် အတိုင်း မဖြစ်နိုင်လျှင်ပင် အားလုံးက အချိန်ယူရမည် ဖြစ်သည်။

သို့သော်လည်း အနည်းဆုံးတော့ ယခင်နှစ် အနည်းငယ်က ထက်စာလျှင် အခြေအနေမှန်ကို မြင်တွေ့နေနိုင်ပါသည်။

ယခုအချိန်သည် ပညာရှင်များနှင့် အနောက်တိုင်းမှ လေ့လာစောင့်ကြည့်သူများအနေဖြင့် ၎င်းတို့၏ မျက်မှန်ထူကြီးများ ကို ချွတ်၍ ယနေ့ မြန်မာနိုင်ငံ၏ လက်တွေ့အခြေအနေကို အလေးအနက် ကြည့်ဖို့ အရေး ကြီးသည့် အချိန်ဖြစ်ပါ သည်။ လှပသည့် မြင်ကွင်း တခုတော့ မဟုတ်ပါ။ သို့သော်လည်း ထိုကဲ့သို့တခါ မှ ဖြစ်မနေခဲ့ဖူးပါ။    ။

(ဧရာဝတီအင်္ဂလိပ်ပိုင်းတွင် ဖော်ပြခဲ့သော Bertil Lintner ၏ A Wolf in Sheep’s Clothing: Making Sence of Myanmar’s Political Reforms ကို နိုင်မင်းသွင်နှင့် ဆုလာဘ်ရတနာ ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

Your Thoughts …
ဘာတီး(လ် )လင့်တနာ

ဘာတီး(လ် )လင့်တနာ

Contributor

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
111.9k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.2k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.5k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.6k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.2k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

Next Post
ပုရစ်, ကိုပါကြီး

နေရာထိုင်ခင်းသာ စီစဉ်ထားပါတော့ ကိုပုရစ်ကြီး

စည်ပင်, ရွေးကောက်ပွဲ, ရန်ကုန်,

မြို့တော်နေ လူထု၏ အခက်အခဲကို ဖြေရှင်းပေးမည့် စည်ပင် အလိုရှိသည်

No Result
View All Result

Recommended

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

2 days ago
7.3k
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

4 days ago
7.1k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate