အရှေ့တောင်အာရှတလွှားတွင် “ဂျီဟတ်အလံတော်ကို လွှင့်တင်မည်” သို့မဟုတ် မြင့်မြတ်သည့်စစ်ပွဲကို ဆင်နွှဲ တော့မည်ဟု ပြီးခဲ့သည့် စက်တင်ဘာလ အတွင်းက ကြွေးကြော်ခဲ့သော်လည်း အယ်လ်ကိုင်ဒါ (Al-Queda) ခေါင်းဆောင် အေမန်အယ်လ် ဇဝါဟီရီ (Ayman al- Zawahiri) အနေဖြင့် မြန်မာနိုင်ငံမှ မွတ်စလင်များကို ကြီးမားသော သက်ရောက်မှုတခု ဖြစ်လာအောင် မပြုလုပ်နိုင်ခဲ့ပါ။ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံမှ ပြည်နယ်များဖြစ်သော အာသံ၊ ဂူဂျာရတ်၊ ဂျမူးနှင့် ကက်ရှ်မီးယား အစရှိသည့် ပြည်နယ်များတွင် လှုပ်ရှားမှုများ ပြုလုပ်မည်ဟု သူကပြောခဲ့သည်။
သူကြေညာခဲ့ပြီး အချိန်အနည်းငယ်အတွင်းမှာပင် လန်ဒန်အခြေစိုက် မြန်မာမွတ်စလင် အဖွဲ့အစည်းက “မြန်မာ နိုင်ငံမှ မွတ်စလင်များသည် အကြမ်းဖက် အဖွဲ့အစည်းတခုထံမှ အကူအညီများကို မည်သည့် အခါမျှ လက်ခံ မည် မဟုတ်ကြောင်း၊ သဘောတရား အရ အရှက်ရစရာကိစ္စတခုဖြစ်ပြီး ကျင့်ဝတ်နှင့်လည်း ကိုက်ညီခြင်းမရှိ ကြောင်း” ပြောကြားထားသည့် ကြေ ညာချက်တခု ချက်ချင်းထုတ်ပြန်ခဲ့သည်မှာ အံ့ဩ စရာမဟုတ်ပါ။
ငြီးငွေ့ဖွယ်ရာကောင်းအောင် ကြာမြင့်သည့် ဗီဒီယိုကလစ်များကို ထုတ်ပြန်ခဲ့သည့် အသက် ၆၃ နှစ်အရွယ် အီဂျစ်နိုင်ငံသား မျက်စိခွဲစိတ် ဆရာဝန်ဟောင်း အေမန် အယ်လ် ဇဝါဟီရီကို လူသိများကြ သည်။ သို့သော် လည်း ယခုအခါတွင် သူဦးဆောင်နေ သည့် အယ်လ်ကိုင်ဒါအဖွဲ့သည် ၂၀၁၁ ခုနှစ် မေလ ၂ ရက်နေ့က အဖွဲ့နှင့် တည်ထောင်သူ ခေါင်းဆောင် ဟောင်း အိုစမာဘင်လာဒင်ကို ပါကစ္စတန်နိုင်ငံ အဘော့တာဘတ် (Abbottabad) ရှိ သူ၏နေအိမ် တွင် အမေရိကန် အထူးကမ်းတက် တပ်ဖွဲ့ဝင်များက လုပ်ကြံသတ်ဖြတ် လိုက်ပြီး နောက်ပိုင်းတွင် အင် အားများစွာ ချည့်နဲ့ခဲ့ရပြီဖြစ်သည်။ ထိုအချိန်မှစ၍ အယ်လ်ကိုင်ဒါအဖွဲ့၏ အရေးပါမှု အနည်းနှင့်အများ ဆိုသလို ကျဆင်းခဲ့ရပြီး အေမန် အယ်လ် ဇဝါဟီရီ၏ ကြေညာချက်များသည် ၎င်းတို့အဖွဲ့ ရှင်သန်တိုက်ခိုက် နေဆဲဖြစ်ကြောင်း ပြသနိုင်ရန် အရဲစွန့်အားထုတ်မှု တခုအနေဖြင့်သာ ရှုမြင်သင့်သည်။ အထူးသဖြင့် Islamic State in Syina and Iraq (ISIS) အဖွဲ့ အရှိန်အဟုန် ကောင်းလာနေ သည်ဆိုသည့် အမြင် ဘက်မှဖြစ်သည်။ သို့မဟုတ် ဘီဘီစီသတင်းဌာနက စက်တင်ဘာလ ၄ ရက်နေ့တွင် ရေးသားခဲ့သကဲ့သို့ တချိန်က ကြောက်စရာကောင်းခဲ့သည့် အယ်လ်ကိုင်ဒါသည် ISIS က ကြီးထွားလာချိန်၌ အားပျော့ ခဲ့ပြီဖြစ်သည်။
ပါကစ္စတန်နိုင်ငံရှိ လုံခြုံသော အိမ်တလုံးတွင် ပုန်းခိုနေသည်ဟု ယူဆရသည့် အယ်လ် ဇဝါဟီရီက သူ၏ ခြိမ်းခြောက်မှုများကို အကောင်အထည်ဖော်နိုင်ရေးမှာ ဖြစ်နိုင်ခြေ အလွန်နည်းပါးနေသည်။ အယ်လ်ကိုင်ဒါ အဖွဲ့နှင့် မြန်မာနိုင်ငံမှ မွတ်စလင်များကြားတွင် ရှိခဲ့သောဆက်သွယ်မှုမှာ ၁၉၉၀ အစောပိုင်းနှစ်များ၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ဘက်ရှိ ကောက်ဘဇား (Cox’s Bazar) နှင့် တက္ကနဖ် (Teknaf) ကြားမှ အူကီဟာ (Ukhia) တွင် ရိုဟင်ဂျာစည်းလုံး ညီညွတ်ရေးအဖွဲ့ (RSO) က စခန်းတခု ဖွင့်လှစ်ခဲ့ ချိန်ကသာဖြစ်သည်။ ထိုအချိန်က RSO စခန်းသို့ အာဖဂန်စစ်သွေးြွကများ လာရောက်လည်ပတ်ခဲ့ပြီး RSO ကလည်း တာလီ ဘန်များဘက်မှ ဝင်ရောက် တိုက်ခိုက်ပေးရန် ရခိုင်ပြည်နယ်အတွင်းရှိ ဒုက္ခသည် စခန်းများမှ မွတ်စလင်တချို့ ကို အာဖဂန်နစ္စတန်သို့ ပို့ပေးရန် စီစဉ်ခဲ့သည်။
၂၀ဝ၂ ခုနှစ် ဩဂုတ်လတွင် အာဖဂန်နစ္စတန်ရှိ အယ်လ်ကိုင်ဒါ မှတ်တမ်းများမှ အမေရိကန် ရုပ်မြင် သံကြားဌာန CNN က ရရှိခဲ့သော ဗီဒီယိုတိပ်ခွေ ၆၀ ကျော်ထဲမှ တခုကို “မြန်မာ” ဟု မှတ်သားထားပြီး မွတ်စလင်မဟာမိတ် များ လက်နက်ဖြင့် လေ့ကျင့်ရေး ပြုလုပ်နေသည်ကို ရိုက်ကူးထားသည်။ သို့သော်လည်း RSO သည် မြန်မာ နိုင်ငံအတွင်းတွင် စခန်းများ လုံးဝမရှိခဲ့ဘဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း နယ်စပ် တွင်သာရှိခဲ့သည်။ ထိုနေရာ များတွင် အဆိုပါ ဗီဒီယို တိပ်ခွေကို ရိုက်ကူးခဲ့ခြင်းဖြစ်သည်။ RSO တိုက်ခိုက် ရေးသမားများဟု ယူဆရသူများ မှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ဘာသာရေးတင်းကျပ်သည့် အဖွဲ့အစည်း ဂျမားအတ် အီ အစ္စလာမီ (Jamaat-e-IsIami) ၏ အဖွဲ့ခွဲဖြစ်သည့် အစ္စလာမီ ချဟာတြာ ရှီဘီအာ (IsIami Chhatra Shibir) မှ စစ်သွေးြွကများ ဖြစ်နေ သည်ကိုတွေ့ရသည်။ ယခုအချိန်တွင် ပိတ်သိမ်းခဲ့ပြီ ဖြစ်သော Ukhia စခန်းမှလှုပ်ရှားမှုများသည် မြန်မာ နိုင်ငံအတွင်းမှ လူမျိုးရေး သို့မဟုတ် ဘာသာရေး ပဋိပက္ခများထက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ နိုင်ငံရေး နှင့်သာ ပိုမိုသက်ဆိုင်နေခဲ့သည်။
မကြာသေးမီ နှစ်များအတွင်းတွင် သူ့ကိုယ်သူ မြန်မာနိုင်ငံမှ အဗ္ဗဒူလ် ကုဒ်ဒူးစ် အယ်လ် ဘာမီ (Abdul Kuddus al-Burmi) ဟု ပြောသည့် မွတ်စလင် သွေးထိုးလှုံ့ဆော်သူ တဦးက မြန်မာ ဘာသာဖြင့် သူကိုယ်တိုင်ပြောဆို ထားသည့် ဗီဒီယို ကလစ်များကို ဖြန့်ဝေခဲ့ရာ ထိုအထဲတွင် လက်နက် ကိုင် မွတ်စလင် တိုက်ခိုက်ရေးသမားများ စစ်ရေးပြ နေသောမှတ်တမ်းများ မြင်တွေ့ခဲ့ရသည်။
သို့သော်လည်း သူသည် ပါကစ္စတန်နိုင်ငံ ကရာချိ မြို့ (Karachi) ရှိ မွတ်စလင် ဘာသာရေးကျောင်း မဒရက်ဆာ တခုတွင် အခြေစိုက်သူဖြစ်ပြီး ဗီဒီယို မှတ်တမ်းများသည် ၁၉၉၀ အစောပိုင်းနှစ်များက Ukhia တွင် သို့မဟုတ် ဂူနန်ဘီရု(Gunung Biru) ရှိ ဂျမားအတ် အန်ရှရွတ် တာအူဟစ် (Jamaah Ansharut Tauhid) အကြမ်းဖက်အဖွဲ့မှ အင်ဒိုနီးရှား စစ်သွေးကြွများ၏ စခန်းတွင် သို့မဟုတ် ဆူလာဝေစီ (Sulawesi) ကျွန်းပေါ်မှ ပိုဆို (Poso) ရှိ Blue Mountain တွင်ရိုက်ကူးခဲ့ခြင်းဖြစ်လိမ့်မည်။ ထိုနေရာ များသည် မြန်မာ သို့မဟုတ် ဘင်္ဂလားဒေ့ရှ်မှ ကီလို မီတာ ထောင်ပေါင်းများစွာ ဝေးကွာသည့် နေရာများ ဖြစ်နေသည်။
ထိုသို့သော ကွဲလွဲချက်များမှလွဲလျှင် မြန်မာနိုင်ငံမှ မွတ်စလင်များသည် ဘာသာရေးကိုအကြောင်းပြု၍ ပုန်ကန်ထကြွခြင်း တကြိမ်မျှ မပြုခဲ့ဖူးပါ။ အစ္စရေးလူမျိုး ပညာရှင်တဦးဖြစ်ပြီး သံတမန်ဟောင်း တဦးလည်း ဖြစ်သူ မိုရှေး ယေဂါ (Moshe Yegar) ၏အဆိုအရ အာရပ်ကမ္ဘာမှ မွတ်စလင်သင်္ဘောသား များသည် မြန်မာနိုင်ငံသို့ ၉ ရာစု အတွင်းတွင် ပထမဆုံး ရောက်ရှိလာခဲ့သည်ဟုသိရသည်။ ၎င်းတို့ ထဲမှ တချို့က ကုန်သည်များဖြစ်လာကြပြီး ကျန်သည့် သူများက အနော်ရထာမင်း အပါအဝင် မြန်မာမင်း များထံတွင် မြင်းသည်တော်များအဖြစ် အမှုထမ်းခဲ့ ကြသည်။ အများစုမှာ အမျိုးသားများ ဖြစ်ပြီးဒေသခံ အမျိုးသမီးများနှင့် အိမ်ထောင်ပြုကြကာ လူမှုအသိုင်း အဝိုင်းအတွင်းသို့ ပေါင်းစပ်ပါဝင်လာခဲ့ကြသည်။
၁၉ ရာစု မင်းတုန်းမင်းလက်ထက် ရောက်သည့် အချိန်တွင် သူ၏ မွတ်စလင် စစ်သားများအတွက် ဟာလာ လုပ်ထားသည့် အစားအစာများ ရရှိစေရန် ဆောင်ရွက်ပေးခဲ့ပြီး မန္တလေးမြို့တော်သစ် တည်ဆောက်ရန် အတွက် မြေရှင်းရာတွင် အမြောက်အမြား ကူညီခဲ့ကြသည်။ မွတ်စလင်ရေးရာများကို တာဝန် ယူဆောင်ရွက်ရန် ကဘူးလ်မှမော်လဝီ (Maulavi) တဦးကို တရားသူကြီးအဖြစ် မင်းတုန်းမင်းက ခန့်အပ်ခဲ့သည်။ စစ်မှုထမ်းသူများ ကလွဲလျှင် မွတ်စလင် အများစုမှာ ကုန်သည်များနှင့် ဈေးရောင်းသူများ ဖြစ်ကြသည်။
ဗြိတိသျှ ကိုလိုနီခေတ် ရောက်သည့်အချိန်တွင် ဗြိတိသျှပိုင် အိန္ဒိယမှ မွတ်စလင် အမြောက်အမြား ပြောင်းရွှေ့ အခြေချလာကြသော်လည်း လွတ်လပ် ရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသည်။ အထင်ရှားဆုံးမှာ ဗိုလ်ချုပ်အောင် ဆန်း၏ ရင်းနှီးသောမိတ်ဆွေ ဦးအမ်အေ ရာရှစ် (M.A.Raschid) ဖြစ်သည်။ ဦးရာရှစ်သည် အိန္ဒိယနိုင်ငံ အယ်လာဟာဘတ် (Allahabad) တွင် မွေးဖွားခဲ့သူ ဖြစ်သော်လည်း မြန်မာနိုင်ငံတွင်ကြီးပြင်းပြီး ပညာသင်ကြား ခဲ့သူဖြစ်သည်။ ၁၉၃၆ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်ကျောင်း သားများသမဂ္ဂ၏ အထွေထွေအတွင်းရေးမှူး ဖြစ် လာပြီး နောက်ပိုင်းတွင် ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။ ၁၉၄၈-၁၉၆၂ ခုနှစ်အတွင်း ပါလီမန် ဒီမိုကရေစီ ခေတ်တွင် ဦးရာရှစ်သည် ဝန်ကြီးချုပ် ဦးနု၏ လက် အောက်၌ ဝန်ကြီးဌာနအမြောက်အမြားတွင် တာဝန် ထမ်းဆောင်ခဲ့ သည်။ ၁၉၆၂ ခုနှစ်တွင် စစ်တပ်က အာဏာသိမ်းယူလိုက်သည့်အခါ တခြားသော နိုင်ငံ့ ခေါင်းဆောင်များ ကဲ့သို့ပင် သူ့ကိုလည်း ဖမ်းဆီးထိန်း သိမ်းခဲ့သည်။ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း နှင့်အတူ လုပ်ကြံသတ် ဖြတ်ခြင်းခံခဲ့ရသည့် အာဇာနည်များ အတွင်းတွင် လည်း မွတ်စလင် ၂ ဦး ပါဝင်ခဲ့ သည်။ ၎င်းတို့မှာ အစိုးရအဖွဲ့ဝင် ဝန်ကြီးတဦးဖြစ်သည့် မိတ္ထီလာ မြို့သား ဦးအဗ္ဗဒူလ်ရာဇာတ်နှင့် သူ၏ ကိုယ်ရံတော် ရဲဘော် ကိုထွေးတို့ဖြစ်သည်။ ၁၉၅၀ နှစ်များအတွင်း က ရန်ကုန် မွတ်စလင်အသိုင်းအဝိုင်းတွင် ထင်ရှား သူတဦးဖြစ်သော ဦးကာသည် ပညာရေးဝန်ကြီး တာဝန်ကို ထမ်းဆောင်ခဲ့သည်။

ထို့အပြင် ရေတပ်အရာရှိဟောင်း တဦးဖြစ်၍ နောက်ပိုင်းတွင် ထင်ရှားသော စာရေးဆရာ၊ ကဗျာ ဆရာဖြစ်လာ သူ မောင်သော်ကကို မည်သူမေ့နိုင်မည် နည်း။ သူသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို စတင် ထူထောင်ခဲ့ရာတွင် ပါဝင်ခဲ့သူတဦး လည်းဖြစ်သည်။ ၁၉၈၉ ခုနှစ် ဇူလိုင်လတွင် စစ်အစိုးရက သူ့ကို ဖမ်းဆီး ထောင်ချခဲ့ပြီး ရိုက်နှက်နှိပ်စက်ခဲ့သည့်အတွက် ၁၉၉၁ ခုနှစ် ဇွန်လ ၁၁ ရက်နေ့တွင် အင်းစိန်ထောင်အတွင်း၌ ကွယ်လွန်ခဲ့သည်။ စာရေး ဆရာ မောင်သော်ကကို ရန်ကုန်မြို့ ဆွန်နီမွတ်စလင် သုသာန်အတွင်းရှိ သူ၏ အစ်ကိုဖြစ် သူ ဦးဘဇော်ခေါ် ဦးဂိုလန်မာမက်၏ နံဘေးတွင် မြှုပ်နှံသင်္ဂြိုဟ်ခဲ့သည်။ ဦးဘဇော်သည်လည်း မြန်မာ စစ်တပ်တွင် ဗိုလ်ကြီးအဆင့်ဖြင့် တာဝန်ထမ်းဆောင် ခဲ့သူဖြစ်သည်။
၁၉၈၈ ခုနှစ် ဩဂုတ်နှင့် စက်တင်ဘာလများ အတွင်း ဖြစ်ပွားခဲ့သော ရက်စက်ကြမ်းတမ်းသည့် သတ်ဖြတ်မှုများ နောက်ပိုင်း မှောင်မိုက်သော ရက်သတ္တပတ်များတွင် ကွဲပြားခြားနားသည့် ကိုးကွယ်ရာ ဘာသာအသီးသီးမှ ပြည်သူများ အတူတကွ စုစည်း ၍ မြန်မာနိုင်ငံ ဘာသာပေါင်းစုံ ကယ်ဆယ်ရေး ကော်မတီ (BIRC) ကို ဖွဲ့စည်း ခဲ့သည်။ ဘာသာ တရားအချင်းချင်း သင့်မြတ်ညီမျှမှုကို ထင်ရှားစွာ ဖော်ပြသည့်အနေဖြင့် ဒုတိယ ကမ္ဘာစစ် ခေတ်သုံး ထရပ်ကားတစီးတွင် ဗုဒ္ဓဘာသာမှ ဓမ္မစကြာစက်ဝိုင်း၊ အစ္စလာမ်ဘာသာမှ လခြမ်းနှင့်ကြယ်၊ ခရစ်ယာန် ဘာသာမှ လက်ဝါးကပ်တိုင်နှင့် ဟိန္ဒူဘာသာ၏ ဥုမ် သင်္ကေတ စသည်တို့ကို ဖော်ပြထားသော တံခွန်များ လွှင့်ထူ၍ အခက်အခဲ ကြုံတွေ့နေရသည့် ရန်ကုန် မြို့မှ ဆင်းရဲနွမ်းပါးသော ပြည်သူများကို အထောက်အပံ့ အကူအညီများ ပေးပို့ခဲ့ကြသည်။
မည်သည့်အခါမှ တရားဝင် မှတ်ပုံတင်ခဲ့ခြင်း မရှိသော်လည်း အဆိုပါအဖွဲ့ကို ခေတ်သစ်မြန်မာ နိုင်ငံမှ လူ့ အသိုင်းအဝိုင်းအား အခြေပြုသည့် ပထမ ဆုံးသော အစိုးရမဟုတ်သည့်အဖွဲ့အစည်း (NGO) အဖြစ် သဘောထားနိုင်ပါသည်။ ဦးဆောင်သူများထဲ တွင် ဗုဒ္ဓကလျာဏ ယုဝအသင်း (YMBA) ၏ အကြီးအကဲ ဦးဘိုနှင့် မွတ်စလင်တဦးဖြစ်သော S.A Ginwalla တို့ ပါဝင်ကြသည်။ ထိုအချိန်က မြန်မာနိုင်ငံဆိုင်ရာ ဩစတြေးလျ သံအမတ်ကြီး အဖြစ် တာဝန်ထမ်းဆောင်နေခဲ့သော ခရစ္စ လမ့်ဘ် (Chris Lamb) က “သူတို့ယုံကြည်ရာ ဘာသာ တရားကို အခြေခံပြီး ထွက်လာခဲ့ကြတာမဟုတ်ပါဘူး။ BIRC အနေနဲ့ အပစ်ပယ်ခံသူတွေဆီရောက်နိုင်စေဖို့ လူတိုင်းက သူတို့ရဲ့ဘာသာရေး ဒါမှမဟုတ် တခြား အနေအထား တရပ်ရပ်ကနေ စွမ်းဆောင်ခဲ့ကြတာ ပါ” ဟုဆိုခဲ့သည်။ တယူသန်ခြင်း မဟုတ်သော ဘာသာတရား ကိုင်းရှိုင်းမှုက အဆိုပါ NGO ကို စတင်ရှေ့ဆောင်ခဲ့သူများ၏ လမ်းညွှန်ဥပဒေသ ဖြစ်ခဲ့သည်။
ပိုမိုပြီး ရယ်မောပျော်ရွှင်စရာ ကောင်းသည့်ဘက်သို့ကြည့်မည်ဆိုလျှင် ကျိုးနေသောထီးကို ကိုင်ကာ ပုဆိုးကို လျော့ရိလျော့ရဲ ဝတ်ဆင်ထားပြီး ဟာသ မြောက်အောင် ကတတ်သည့် ဦးရွှေရိုးကို မြန်မာတိုင်း ချစ်ကြပါသည်။ ဦးရွှေရိုးအကကို ပွဲလမ်းသဘင်တိုင်းတွင် အဓိကနေရာမှ ပုံရိပ်တခုအဖြစ် မြင်ခဲ့ကြသည်မှာ ရာစုနှစ်တခုခန့် ရှိပြီဖြစ်သည်။ ဦးရွှေရိုး ဇာတ်ကောင်ကို မြန်မာနိုင်ငံမှထင်ရှားသည့် ရုပ်ရှင် သရုပ်ဆောင်၊ ဟာသပညာရှင်နှင့် ကာတွန်းဆရာ တဦးဖြစ်သူ ဦးဘကလေးက ၁၉၂၃ ခုနှစ်တွင် စတင် တည်ထွင်ခဲ့ပါသည်။ ပုသိမ်မြို့တွင် မွေးဖွားခဲ့သော ဦးဘကလေးသည် မြန်မာမွတ်စလင်တဦး ဖြစ်ပြီး သူ၏ တခြားအမည်တခုမှာ မိုဟာမက် ဘရှီးရ် (Mohammed Bashir) ဖြစ်သည်။ ဦးရွှေရိုးကို ဂျီဟတ်ဝါဒီတယောက်၊ ရှီးယိုက်ဥပဒေကို ထောက်ခံ သူတယောက်ဟုပြောမည့်သူ တစုံတဦး ရှိပါမည်လား။
ပါကစ္စတန်ရှိ သူပုန်းခိုနေသော နေရာမှနေ၍ စက်တင်ဘာလ အစောပိုင်းက ထုတ်ပြန်ခဲ့သော ဗီဒီယိုကို အဓိပ္ပာယ်မရှိ ထုတ်ပြန်သည့်အချိန်တွင် အေမန်အယ်လ် ဇဝါဟီရီက ကိုယ့် ကိုယ်ကိုပြန်ပြီး အရူးလုပ်နေခြင်းသာ ဖြစ်ပါလိမ့်မည်။ မြန်မာနိုင်ငံတွင် ဤကဲ့သို့ အဓိပ္ပာယ်မရှိသည့် ကိစ္စမျိုး ဖွံ့ဖြိုးလာစေမည့် ရေခံမြေခံ မရှိပါ။
(၂၀၁၄ ခုနှစ် အောက်တိုဘာလထုတ် The Irrawaddy မဂ္ဂဇင်းပါ Bertil Lintner ၏ The Muslims of Myanmar ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်)