ကရင် တိုင်းရင်းသား လက်နက်ကိုင်များ စုစည်းထားသည့် ကော်သူလေး တပ်မတော် ပေါ်ပေါက်ရေးအတွက် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မတိုင်ခင် တနှစ်အတွင်း အပြီးသတ် ဖွဲ့စည်းသွားရန် စီစဉ်နေကြောင်း သိရသည်။
ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော်(DKBA)တပ်ဖွဲ့ အခြေစိုက်ရာ ကရင်ပြည်နယ် ဆုံဆည်းမြိုင်ကျေးရွာတွင် ယမန် နေ့က ကျင်းပ သော ကော်သူလေး တပ်မတော်ဖွဲ့စည်းရေး အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် DKBA တပ်ဖွဲ့မှ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် စောမိုရှေးက အထက်ပါ အတိုင်း ပြောကြားခြင်း ဖြစ်သည်။
ယခုအချိန်တွင် KNU ဥက္ကဌကြီး၏ သက်တမ်းလည်း ကျန်ရှိနေသေးသကဲ့သို့ အပစ်အခတ် စတင်ရပ်စဲသည့် သမ္မတ ဦးသိန်းစိန် ၏ တာဝန်ထမ်းဆောင်နေသည့် သက်တမ်းကလည်း ကျန်ရှိနေသေးချိန်တွင် အပြီးသတ် ဆောင်ရွက်ခြင်းက ကောင်းသောအခြေ အနေဖြစ်ကြောင်းလည်း ၎င်းက ပြောဆိုသည်။
“KNU အနေနဲ့ ဒီအစည်းအဝေးမှာ ဝင်ရောက်ပူးပေါင်းဖို့ ဆုံးဖြတ်ချက် မပေးနိုင်ခဲ့ရင်လည်း ကျနော်တို့အနေနဲ့က အဆင်သင့်ဖြစ်နေ တာကြောင့် ကော်သူလေး တပ်မတော် ဖွဲ့စည်းရေးမှာ ပူးပေါင်းသွားမယ်။ အခု ကရင်ပြည်သူလုထု တရပ်လုံးကလည်း ကရင် လက်နက်ကိုင်တွေ အားလုံးစုပေါင်းဖွဲ့စည်းတဲ့ ကော်သူလေး တပ်မတော်ကို ထောက်ခံနေကြပြီ။ အဆင်သင့် ပူးပေါင်းနိုင်သူတွေအားလုံးနဲ့ ပူးပေါင်းပြီးတော့ ကော်သူလေး တပ်မတော်ကို ဖွဲ့စည်းသွားမယ်”ဟု အောက် တိုဘာ ၃၀ ရက်နေ့က ကော်သူလေး တပ်မတော် ဖွဲ့စည်းခြင်းဆိုင်ရာ ဆွေးနွေးပွဲတွင် ဧရာဝတီ၏ မေးမြန်းမှုကို ဗိုလ်ချုပ် စောမိုရှေးက ပြန်လည် ဖြေဆိုခဲ့သည်။
ထို့အပြင် KNU ကိုလည်း ကော်သူလေး တပ်ဖွဲ့ အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရေး အတွက် အရေးပေါ် အစည်းအဝေးများ ကျင်းပပြီး တိုက်တွန်းသွားမည်ဟုလည်း ဆိုသည်။
KNU အနေဖြင့် ယခု အစည်းအဝေးပွဲတွင် ဆုံးဖြတ်ဆောင်ရွက်နိုင်ခြင်းမရှိသော်လည်း ကော်သူလေး တပ်မတော်ဖွဲ့စည်းရေး နှင့် ပတ်သက်ပြီး ကရင်ပြည်သူ တရပ်လုံးကလည်း လိုလားနေသကဲ့သို့ မူအားဖြင့် လက်ခံထားကြောင်း၊ ယခုနှစ် နိုဝင်ဘာ ၁၉ ရက်တွင် ကျင်းပမည့် KNU ဗဟိုကော်မတီ အရေးပေါ် အစည်းအဝေးတွင် ကရင် လက်နက်ကိုင် တပ်ဖွဲ့များကို ဖိတ်ကြားပြီး ကော်သူလေး တပ်မတော်ဖွဲ့စည်းရေးနှင့်ပတ်သက်၍ အကျေအလည် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ယခုအစည်း အဝေးသို့ တက်ရောက် လာ သော KNU ကိုယ်စားလှယ် ဗိုလ်ချုပ် စောဖောဒိုက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
“ကရင်လက်နက်ကိုင် အဖွဲ့တွေ အားလုံးကိုလည်း ဖိတ်ကြားသွားမှာပါ။ အဲဒီ အစည်းအဝေးကြရင် ကျနော်တို့ ဒီကိစ္စကို အကျေအလည် ဆွေးနွေးပြီးတော့ ဆုံးဖြတ်သွားနိုင်မယ်လို့ ထင်ပါတယ်။ လက်ရှိ အချိန်ကတော့ ဒီကိစ္စက အဆင့်ဆင့် ဆွေးနွေးမှုတွေ လုပ်ရမှာကြောင့် ဆုံးဖြတ်ချက်ဆိုတာ ချက်ချင်းပြောလို့မရပါဘူး။ ကော်သူလေး တပ်မတော်ဖြစ်လာတဲ့အခါ အရင်က တပ်တွေ ကို ဖျက်သိမ်းမှာလား၊ ဒီအတိုင်းထားမှာလား ဆိုတာ အဲဒီတော့မှ သိရမှာ”ဟု ၎င်းက ဆက်လက် ပြောဆိုသည်။
ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNU/ KNLA)က ကျင်းပမည့် ကော်သူလေး တပ်မတော် ဖွဲ့စည်းရေး အစည်း အဝေး တွင် ကရင် လက်နက်ကိုင် တပ်ဖွဲ့များဖြစ်ကြသော DKBA ၊ ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော်၊ ငြိမ်းချမ်းရေး ကောင်စီ(KNU/ KNLA-PC)တို့က တာဝန်ရှိသူများကို ဖိတ်ကြား၍ ဆွေးနွေးသွားမည်ဟုလည်း ဆိုသည်။
ကော်သူလေး တပ်မတော်ဖွဲ့စည်းခြင်းကို KNU ဗဟိုကော်မတီ အရေးပေါ် အစည်းအဝေးက မူအားဖြင့် သဘောတူခဲ့ပြီး DKBA အနေဖြင့် အကြွင်းမဲ့ သဘောတူ လက်ခံထားသည်။
ထိုသို့ ကော်သူလေး တပ်မတော်ဖွဲ့စည်းရခြင်းသည် လက်ရှိ ငြိမ်းချမ်းရေး တည်ဆောက်မှုကာလတွင် အစိုးရကို ပြန် တော်လှန် ရန်မဟုတ်ဘဲ ကရင်လက်နက်ကိုင် တပ်ဖွဲ့များအားလုံးကို စုစည်းစေချင်သော သဘောသာဖြစ်ကြောင်း၊ အစိုးရ နှင့် အကောင် အထည်ဖော်နေသော အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေး မူများအတိုင်းသာ ဆက်လက်အကောင်အထည် ဖော်သွားမည် ဖြစ်ကြောင်း သိရသည်။
ကော်သူလေး တပ်မတော် ဖွဲ့စည်းခြင်းနှင့် ပတ်သက်ပြီး တက်ရောက်လာသော ကရင် လက်နက်ကိုင်အဖွဲ့များ၊ ကရင် အမျိုးသမီး အဖွဲ့များနှင့် ဒေသဆိုင်ရာ ကရင်လူထု ကိုယ်စားလှယ်များက သဘောတူညီခဲ့ကြပြီး ကော်သူလေး တပ်မတော်ကို အားလုံးပါဝင် သော ဦးဆောင်မှုဖြင့် လုပ်ဆောင်သွားရန် သဘောတူခဲ့ကြောင်း သတင်းထုတ်ပြန်သည်။
ကော်သူလေး တပ်မတော်ကို ကရင်အမျိုးသားခေါင်းဆောင်ကြီး စောဘဦးကြီး၏ မူ ၄ ချက်အပေါ် ရပ်တည်သွားမည် ဖြစ်ပြီး မြန်မာနိုင်ငံအတွင်း ရေရှည် တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေး ရရှိရန်နှင့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံ ပေါ်ထွန်း နိုင်ရေးအတွက် တိုင်းရင်းသား ပြည်သူလူထုများ၊ ပြည်တွင်း ပြည်ပ ဒီမိုကရေစီ အင်အားစုများနှင့် ပူးပေါင်းလုပ်ဆောင်သွားရန် သဘောတူ ဆုံးဖြတ် ခဲ့ကြောင်း သိရသည်။
ကရင် လက်နက်ကိုင်များ စုစည်းဖွဲ့စည်းမည့် ကော်သူလေး တပ်မတော် ဖွဲ့စည်းရေးအတွက် ဆုံဆည်းမြိုင် ကျေးရွာတွင် အောက် တိုဘာ ၂၉ ရက်မှ စတင်၍ ၃ ရက်ကြာ ဆွေးနွေးပွဲ ပြုလုပ်နေခြင်း ဖြစ်သည်။
ဆွေးနွေးပွဲသို့ KNU ၊ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်၊ ငြိမ်းချမ်းရေးကောင်စီ(KNU/ KNLA-PC) ၊ DKBA စသော ကရင်လက်နက်ကိုင်အဖွဲ့များအပြင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF)၊ ကလိုထူးဘော ကရင် အစည်းအရုံး(KKO) နှင့် ကရင်တိုင်းရင်းသား အရပ်ဘက်အဖွဲ့အစည်းများ၊ လူမှုအဖွဲ့များ အားလုံးမှ လူ ၁၅၀ ကျော် တက်ရောက်ကြကြောင်း သိရသည်။